စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာ နောက်ဆုံးအပတ်မှစ၍ နှစ်ဖက် ယာယီအပစ်ရပ်၍ ပိတ်ထား သော လမ်းများ ပြန်ဖွင့်ပေးခဲ့ရာ မောင်တောမြို့ပေါ်တွင် ခိုလှုံနေသော စစ်ရှောင်များ နေရပ်ပြန်ကြပြီ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ-ဘင်္ဂလားနယ်စပ် တလျှောက် စစ်ကောင်စီတပ်နှင့် AA တို့ကြား တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ နယ်စပ်ရှိ ရွာများမှ လူ၁ ထောင်ကျော် မောင်တောမြို့ပေါ်သို့ သွားရောက်ခိုလှုံခဲ့ရသလို ယင်းမြို့နယ်မြောက်ပိုင်းအတွင်းက စာသင်ကျောင်းများလည်း ပိတ်ထားခဲ့ရသည်။
စစ်ရှောင်အရေး ကူညီနေသည့် မောင်တောမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက“လမ်းတွေ လည်း ပြန်ဖွင့်ပေးပြီဆိုတော့ စစ်ရှောင်တွေ တဖြည်းဖြည်း ပြန်သွားကြပြီ။ အိမ်ထောင်စု ၁၀ စု လောက်ပဲ ကျန်နေခဲ့တယ်။ အဲဒီ ကျန်နေခဲ့တဲ့ သူတွေကလည်း လမ်းစရိတ် အဆင်ပြေရင်တော့ ပြန်ဖို့ စီစဉ်နေကြတယ်” ဟု ဧရာဝတီကို ပြောသည်။
မောင်တောနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး လေကြောင်းကပါ တိုက်သော်လည်း မိုင်တိုင် ၄၀၊ လိပ်ရ၊ မီးတိုက်၊ ကြိမ်ချောင်း-ဂုပ္ပီကျော်လမ်းစသည့် စခန်းကုန်းများ ဆုံးရှုံးခဲ့ပြီး နယ်ခြားစောင့်စခန်း အမြောက်အမြား ရုပ်သိမ်းခဲ့ရသဖြင့် စစ်ကောင်စီက ဖြတ်လေးဖြတ်ဗျူဟာဖြင့် မြောက်ပိုင်းမြို့နယ်တခုလုံးကို လမ်းကြောင်းများ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
မောင်တောမြောက်ပိုင်း မြဝတီကျေးရွာသူ တဦးက “ကျမတို့ ရွာသားတွေ အကုန်နီးပါးတော့ ရွာကို ပြန်ရောက်နေကြပါပြီ။ အခု လမ်းတွေလည်း ဖွင့်ထားတယ်။ ကားတွေလည်း သွားလို့ရတယ်။ ကျီးကန်းပြင်ဌာနချုပ်နဲ့ ကြိမ်ချောင်း ဂိတ်တွေမှာ ပုံမှန် စစ်ဆေးတာတော့ ရှိတယ်။ အရင်လို အနှောင့်အယှက်တွေ ဘာတွေတော့ မပေးတော့လို့ စားသောက်ကုန်တွေလည်း သယ်ယူလို့ရတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အဆိုပါ ဖြတ်လေးဖြတ်ဗျူဟာကြောင့် မောင်တောမြောက်ပိုင်းရှိ အောင်သပြေ၊ တမန်းသား၊ မင်းခမောင်း၊ ဗန္ဓုလ၊ တပ်ချောင်း၊ နံ့သာတောင်၊ ရန်အောင်ပြင်၊ မင်္ဂလာညွန့်၊ တရိန်း၊ မင်းကွေ့ အောင်ချမ်းသာ၊ ငါးခူရ စသည့် ကျေးရွာ များတွင် စားနိပ်ရိက္ခာ လုံးဝ ပြတ်လပ်သည့် အခြေအနေသို့ပင် ရောက်ရှိခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီဗျူ ဟာကုန်းများ ဖြစ်သော တောင်ပြို၊ ခမောင်းဆိပ် စသည့် ဗျူဟာကုန်း များကို စစ်ကောင်စီက လေကြောင်းမှ စစ်အင်အားများ ပို့ဆောင် ဖြည့်တင်းထားသလို ရွာများအနီး ၎င်းတို့ တပ်စွဲထား သည့် ဝက်ကျိန်းဘုရားစခန်း၊ ဗန္ဓုလစခန်း၊ အောင်သပြေစခန်း၊ ငါးရံ့ချောင်းစခန်းများကိုလည်း စစ်ကောင်စီက ခရီးသည် ကားများ အသုံးပြုပြီး ရိက္ခာများ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ယင်းစခန်းကုန်းများရှိ စစ်ကောင်စီ တပ်သားများသည် အပြင်ကို မထွက်ရဲတော့ဘဲ ပိတ်မိနေသကဲ့သို့ ဖြစ်နေ ကြောင်းလည်း ဒေသခံတချို့က ဆိုသည်။
စစ်ကောင်စီ တပ်စွဲနေထိုင်သည့် အနီးဝန်းကျင်မှ ကျေးရွာသားတဦးကလည်း “စစ်တပ်နဲ့ နယ်ခြားစောင့် ပူးပေါင်းထားတဲ့ စခန်းတွေတော့ ရှိပါသေးတယ်။ သူတို့ ရွာနားက တောင်ကုန်းတွေမှာ စခန်းချပြီး နေကြတယ်။ ဒါပေမဲ့ သူတို့ အပြင်မထွက် ရဲဘူး။ စခန်းထဲကနေ အပြင်ကို မထွက်ကြတာ။ ဟိုဟိုဒီဒီလည်း သွားလို့ မရဘူး။ သူတို့ ပိတ်မိနေကြတာ။ ကျနော်တို့ ရွာ သားတွေကို ရွာထဲကနေ ဘယ်မှ မထွက်နဲ့ဆိုပြီး ပိတ်ထားတာ။ အခု သူတို့ ပြန်ခံရပြီလေ။ သူတို့ ဝဋ်လည်ပြီ” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီ တပ်သားများ စခန်းထဲမှအပြင်သို့ ထွက်မရဘဲ ဖြစ်နေသည့် အခြေအနေကြောင့် နယ်စပ်ဒေသရှိ ကျေးရွာဒေသခံများ အနေဖြင့် နယ်စပ်ကို စိုးမိုးထားသော AA တပ်ဖွဲ့ဝင်များထံ သတင်းပို့၊ လက်မှတ်ထိုးပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကာ ဝမ်းရေးအတွက် ဖြေရှင်းနေကြကြောင်းလည်း သိရသည်။
You may also like these stories:
မောင်တောမြောက်ပိုင်း၌ စစ်တပ်က ပိတ်ဆို့ထားသဖြင့် ရိက္ခာပြတ်နေ
တိုက်ပွဲ တိမ်းရှောင်နေသည့် ပညာရေးဝန်ထမ်းများကို ဖိအားပေး၍ပြန်ခေါ်နေ
ရခိုင်မှာ အပစ်ရပ်ပြီးနောက် ဖမ်းဆီးခံထားသူများ ပြန်လွှတ်ဖွယ်ရှိ
ရခိုင်တွင် အပစ်ရပ်ပြီး စစ်ကောင်စီ လက်နက်ရိက္ခာ အလုံးအရင်း ဖြည့်နေ