ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ( AA ) တို့ အကြား နှစ်ဖက် နားလည်မှုဖြင့် ယာယီ အပစ်ရပ်စဲလိုက်ပြီးနောက်ပိုင်း ပိတ်ဆို့ထားသည့် လမ်းကြောင်းများ ပြန်ပွင့်လာသလို ဖမ်းဆီးခံထားရသည့် အရပ်သားများကိုလည်း ပြန်လည်လွှတ်ပေးရန် စိစစ်မှုများပြုလုပ်နေကြောင်း နှစ်ဖက်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ဌာနဆိုင်ရာ အကြီး အကဲများ ၊ အောက် ခြေရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သား ရာနှင့်ချီကာ ဖမ်းဆီးထားပြီး AA အား ထောက်ပံ့မှုပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မတရား အသင်း ဥပဒေပုဒ်မ ၁၇ ( ၁ ) ၊ ၁၇ ( ၂ ) အပြင် ၊ စစ်တပ်အား အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။
နှစ်ဖက်တပ်ခေါင်းဆောင်များနှင့်နီးစပ်သူတဦးက “၁၇ ( ၁ ) ၊ ၁၇ ( ၂) သမားတွေနဲ့ အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံထားရသူတွေကို အခု စစ်တပ်က စာရင်း ပြုစုပြီးတော့ စိစစ်မှုတွေ လုပ်နေတယ်လို့ သိရတယ်။ အခုစာရင်းပြုစုနေတဲ့ အချိန်မှာ သူ့လူ၊ ဘယ်သူ၊ ဘယ်ဝါကိုတော့ ပြန်လွှတ်ပေး ဆိုတာမျိုး နှစ်ဖက် စာရင်းပေးပို့ပြီး ညှိနှိုင်းမှုတွေ လုပ်နေကြတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် စစ်ကောင်စီသတင်းရင်းမြစ်များထံမှ ထွက်ပေါ်လာသည့် သတင်းများအရ စစ်ကောင်စီဘက်မှ ဖမ်းဆီးခံ ရခိုင်အရပ်သား ၁၀၀ ကျော် ပြန်လွှတ်ပေးရန် စိစစ်နေသလို AA ဘက်မှလည်း ဖမ်ဆီးထားသော စစ်ကောင်စီတပ်သား ၄၀ ကျော် ပြန်လွှတ်ရန် စိစစ်နေကြောင်းလည်း သိရသည်။
စစ်ရေးလေ့လာသူတဦးက “အပစ်ရပ်တဲ့နောက်ပိုင်းမှာ အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့ သဘောနဲ့ စစ်သုံ့ပန်းတွေ ၊ တိုက်ပွဲ ကာလမှာ သံသယနဲ့ ဖမ်းထားတဲ့ သူတွေကို နှစ်ဖက်လုံးက အရင်ကလည်း လွှတ်ပေးတာရှိတယ်ဆိုတော့ အခုတကြိမ်မှာလည်း အကျဉ်းသားတွေ အပြန်အလှန် လွှတ် ပေးတဲ့ ကိစ္စကတော့ ဖြစ်နိုင်ခြေများပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဖက် အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ အထက်မှ အကြောင်းကြား လာခြင်းမရှိသေးသည့်အတွက် ယင်းကိစ္စအား မသိရှိသေးကြောင်း ပြောသည်။
ဦးခိုင်သုခက “နှစ်ဖက်ဖမ်းဆီးတဲ့သူတွေ လွှတ်ပေးရေး ကိစ္စကတော့ ရုံးချုပ်က ကျနော်ဆီကို အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် ကျနော် မသိသေးဘူးဗျ” ဟု ဆိုသည်။
စစ်ကောင်စီဘက်မှ ဖမ်းဆီးထားသည့် အရပ်သားများမှာ တောင်ကုတ်မြို့နယ်အတွင်း သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ကျော်သူရထွန်း အပါအဝင် ၂၀ ဦး ၊ သံတွဲမြို့နယ်အတွင်းမှ ခရိုင်စာတိုက်မှူး ဦးထွန်း ထွန်းဝင်း ( ခ ) ကို သားကြီးမောင် အပါအဝင် ၄၀ ဦး ၊ ကျောက်ဖြူမြို့ နယ်မှ ခရိုင်ငါးလုပ်ငန်း ဦး စီးမှူး ဦးကျော်ဆင့် အပါအဝင် ၃၀ ဦးတို့ဖြစ်ပြီး မတရား အသင်းဆက်သွယ်မှု ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရသည်။
အလားတူ မြောက်ဦး မြို့နယ်မှ အဆိုတော် ကိုရင်ဆို့ အပါအဝင် ၇ ဦး ၊ ကျောက်တော်မြို့နယ်မှ လူထု ဇော်ဝင်း အပါအဝင် ၁၀ ဦး ၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့မှ အရပ်သား ၂၀ နီးပါး ဖမ်းဆီးခံရကြောင်း ဒေသတွင်း ပြုစုထားသော စာရင်းများအရ သိရသည်။
ကျောက်တော်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် ၁၀ ဦးထဲတွင် လူထုဇော်ဝင်း အပါအဝင် ၅ ဦးသာ ကျောက်တော်မြို့မ ရဲစခန်းအချုပ်ထဲတွင် ရောက်ရှိနေပြီး တချို့မှာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိကြောင်း မြို့ခံများက ပြောသည်။
ယင်းအပြင် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်းက ရခိုင်တိုင်းရင်းသား ၉ ဦးကိုလည်း စစ်ကောင်စီက AA တပ်ဖွဲ့ဝင်များကို ငွေကြေး ၊ ရိက္ခာများ ထောက်ပံ့သည်ဟုဆိုကာ မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင် ခံထားရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်အတွင်းမှ ဖမ်းဆီးခံရသည့် ၉ ဦးအနက် အဘောင်သား ကျေးရွာမှ အသက် ၆၀ အရွယ် ဦးချစ်စံ ၊ ပလက်ဝမြို့ပေါ် ရပ်ကွက်မှ ဦးမောင်ဝင်း ၊ ဦးမဲကျော့ တို့ကို ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပြီး နှမတာ ကျေးရွာတွင် တာဝန်ကျနေသော ကျောင်းဆရာ ဦးမောင်ဝင်းသန်း ၊ မီးလက်ဝ ကျေးရွာမှ ပညာရေးဝန်ထမ်း ဦးအောင်သိန်းလှ အပါအဝင် ဒေသခံ ၆ ဦးတို့မှာ လက်ရှိ အချိန်အထိ အမိန့်မချသေးဘဲ ချုပ်နှောင်ခံထားရကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ တကျော့ ပြန် တိုက်ပွဲအတွင်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရသည့် အရပ်သား အရေ အတွက်မှာ ၃၂၄ ဦးအထိ ရှိနေပြီး ၎င်းတို့ထဲမှ ၈၅ ဦး ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း အများစုမှာ လက်ရှိအချိန်အထိ ချုပ်နှောင်ခံထားရဆဲပင်ဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုနှစ် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီး ၄ လအကြာ နိုဝင်ဘာလအကုန်တွင် ထပ်မံ အပစ်ရပ်ကြခြင်း ဖြစ်သည်။
You may also like these stories:
AA နှင့် စစ်တပ် အပစ်ရပ်မှု ခိုင်မာသည့် အာမခံချက် မရှိ
AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
မြောက်ဦးကို စစ်ကောင်စီတပ် ဓါးစာ ခံလုပ်နေဟု AA စစ်ဦးစီးချုပ်ပြော