ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်ယာယီအပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီက ရေလမ်းကြောင်းကို သုံးကာ လက်နက် ခဲယမ်း ရိက္ခာများ အလုံးအရင်း ဖြည့်တင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။
နိုဝင်ဘာလ ၂၆ရက်က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ နှစ်ဖက်အလွတ်သဘော ယာယီအပစ် ရပ်စဲပြီးနောက် ဒီဇင်ဘာလ ၅ ရက်တွင် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ (၃၇၉)၊ ခမရ (၅၄၁)၊ ခမရ (၃၈၀)တို့အတွက် လေးမြို့မြစ်တွင် ကမ်းထိုးရေယာဉ် ၄ စီးဖြင့့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းနေသည်ကို တွေ့ ကြောင်း မင်းပြားမြို့ခံများက ပြောသည်။
မင်းပြားမြို့ခံတဦးက “ဒီနေ့ ဇက်ရေယာဉ် ၄ စီးလာတာကိုတွေ့တယ်။ မင်းပြားမြို့ မင်းဘာကြီးဆိပ်ကမ်းမှာ ရေယာဉ်တွေ ကမ်းကပ်ပြီး စစ်ကားတွေနဲ့ မင်းပြားအခြေစိုက်တဲ့ တပ်ရင်းတွေကို သယ်ယူနေတယ်။ သေတ္တာကြီးတွေနဲ့ ဆိုတော့ အထဲမှာ ဘယ်ပစ္စည်းတွေ ပါတယ်ဆိုတာတော့ မသိဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်သည် ၂ လကျော်ပိတ်ထားသည့် စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် ရေလမ်းကြောင်းများကို ဒီဇင်ဘာလ ၁ ရက်က ပြန်လည်ဖွင့်ပေးပြီး ခရီးသည်တင် အမြန်ရေယာဉ် လိုင်းများကို စတင်ပြေးဆွဲခွင့်ပြုထားသည်။
မယူမြစ်အတွင်း ခရီးသည်တင် အမြန်ရေယာဉ်များနှင့်အတူ ရိက္ခာအပြည့် တင်ထားသည့် ကမ်းထိုးရေယာဉ်များက ဘေးချင်းကပ်လိုက်ပါကာ ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်စကခ ( ၁၅ ) လက်အောက်ခံ တပ်ရင်းများကို ရိက္ခာ ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံမျက်မြင်များက ပြောသည်။
မယူ မြစ်ကမ်းဘေးရှိ အိုးဖောက်ကျေးရွာသားတဦးက “စစ်တွေကလာတဲ့ ရေယာဉ်နဲ့ ဘေးချင်းကပ်ပဲ ရိက္ခာအပြည့်တင် ထားတဲ့ စစ်တပ်ဇက်ရေယာဉ်တွေကို တွေ့တယ်၊ အမြန်ရေယာဉ်ထက်တောင် မြန်တယ်။ ပထမတော့ ရွာသားတွေက ထွက်ကြည့်တယ်၊နောက်ပိုင်း လက်နက်ကြီးနဲ့ လှမ်းပစ်မှာ စိုးလို့ မကြည့်ဖြစ်တော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားရှိ ချောင်းတူရွာ၏ အနောက်ဘက် ဆနွင်းတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒီဇင်ဘာလ ၁ ရက်နေ့က လေတပ်မှ ရဟတ်ယာဉ်ဖြင့် လာရောက် ရိက္ခာ ချပေးကြောင်းလည်း ဒေသခံ မျက်မြင်များက ပြောသည်။
စစ်ကောင်စီတပ်သည် ကာလကြာရှည်စွာ ပိတ်ထားသည့် ကျောက်တော်- ပလက်ဝ ရေလမ်းကို ဒီဇင်ဘာလ ၃ ရက်က ပြန်ဖွင့်ပေးပြီး ကုလားတန်မြစ်ကြောင်းတွင် ရေကြောင်း ဦးစီးဌာနပိုင် ဇက်ခရပ် သင်္ဘောဖြင့် စစ်တပ်ရိက္ခာများ တင်ပို့နေ သည်ကို တွေ့ရကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
ပလက်ဝဒေသခံတဦးက “အပစ်ရပ်တယ်ဆိုတဲ့ သတင်းထွက်တာနဲ့ ပလက်ဝ တဖက်ကမ်းက ၂၈၉ တပ်ရင်းက ဆောင်း ဘောက်တွေ ဖွင့်ပြီးတော့ ပျော်ပွဲစားတယ်။ သူတို့လည်း တိုက်ပွဲရပ်တော့ ငါတို့ မသေတော့ဘူးဆိုပြီး ပျော်ကြတယ်တဲ့ ။ အခုဆိုရင် ဇက်သင်္ဘောတွေ တပ်ကို ရိက္ခာဖြည့်ဖို့ ရောက်နေတာကိုတွေ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်သည် နှစ်ဖက်အပစ်ရပ်ပြီးနောက် စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် ရေလမ်းကြောင်း၊ စစ်တွေ- ပေါက်တော- မင်းပြားရေလမ်းကြောင်း၊ စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းနှင့် စစ်တွေ- ရသေ့တောင်- မောင်တော- အငူမော်ကား လမ်းတို့ကို ပြန်လည်ဖွင့်ပေး ခဲ့သည်။
သို့သော် စစ်ကောင်စီသည် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်း၊ မင်းပြား – မြေပုံ ကားလမ်းနှင့် အမ်းမြို့နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ချင်းတိုင်း ရင်းသားများနေထိုင်ရာ ရွာ ၄၀ ကျော် ရှိသည့် ဒါးလက်ချောင်း ဒေသကို ဆက်သွယ် သည့် ကားလမ်း နှင့်ရေလမ်းကြောင်းတို့ကို ယခုတိုင် ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
AA နှင့် စစ်တပ် အပစ်ရပ်မှု ခိုင်မာသည့် အာမခံချက် မရှိ
AA နှင့် စစ်တပ် အပစ်ရပ်သော်လည်း တပ်မရုပ်
ရခိုင်ပြည်နယ်အတွင်း ကုန်းလမ်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်