ရခိုင်ပြည်နယ်ရှိ ခရိုင်နှင့်မြို့နယ်တိုင်းတွင် ၂၀၂၃ သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စေရန် သက်ဆိုင်ရာဌာနများအား စစ်ကောင်စီက ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ်ကောင်စီရုံးမှ အရာရှိဝန်ထမ်းတဦး၏ ပြောပြချက်အရ သိရသည်။
၎င်းက “ရခိုင်ပြည်မှာ အရင်နှစ်တွေကထက် သင်္ကြန်ပွဲကိုစည်ကားအောင်လုပ်ဖို့ အထက်ကတိုက်ရိုက်ညွန်ကြားထားတယ်။ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ဗဟိုမဏ္ဍပ်တွေလုပ်ပြီး စည်ကားအောင်လုပ်ဖို့ ဘတ်ဂျက်တွေလည်း ချပေးထားတယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည့် တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူမြို့နယ်များ၌ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ဗဟိုမဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်းလည်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
တောင်ကုတ်မြို့ခံတဦးက “မဏ္ဍပ်ဘယ်နှစ်ခု ဆောက်မယ်ဆိုတာတော့ မသိဘူး။ ဌာနဆိုင်ရာ တွေကတော့ မဏ္ဍပ်ဆောက် ဖို့ တက်ကြွနေတာတော့တွေ့တယ်။ စစ်ကောင်စီဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်ကတော့ မြို့ပေါ်မှာ ဆိုတော့ သင်္ကြန်ရေပက်ဖို့ လူအများကြီးမလာရင်လည်း လမ်းသွားလမ်းလာနဲ့ဆိုရင်တော့ လူကတော့ အထိုက်အလျောက် စည်မှာပေါ့” ဟု ပြော သည်။
အဆိုပါ စစ်ကောင်စီက၏ သင်္ကြန်ပွဲတော်တွင် ရခိုင်၌ ယခင်နှစ်များက ပုံမှန်ကျင်းပပြုလုပ်နေကျအတိုင်း ရခိုင်ရိုးရာနံ့သာ သွေးပွဲတော်၊ ရေလောင်းမဏ္ဍပ်များ၊ ရိုးရာအကအဖွဲ့များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့ခံတဦးက “မြို့ပေါ်မှာတော့ ဗဟိုမဏ္ဍပ်ဆောက်လုပ်ဖို့ သစ်တွေရွှေ့ပြောင်းနေတာတွေ့တယ်။ နောက်ပြီး တပ်မ (စကခ-၉) ရှေ့မှာလည်း မဏ္ဍပ်ဆောက်ဖို့ လုပ်နေတာတွေ့တယ်။ အဓိကတော့ သူတို့ မြို့ပေါ်နဲ့ စစ်တပ် တပ်ရင်းရှေ့ တွေမှာ သင်္ကြန်ပွဲတော်ကိုလုပ်ပြီးတော့ အေးချမ်းတည်ငြိမ်နေတယ်ဆိုတာမျိုး လုပ်ပြမယ့်သဘောရှိတယ်” ဟု ဆိုသည်။
တဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားရာ စစ်ဒေသအလိုက် သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်နေပြီး ဇီးချောင်းသင်္ကြန်နှင့် လေးမြို့ချောင်းသင်္ကြန်တို့ကို နာမည်ကြီးရခိုင်အဆိုတော်များဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပရန် စီစဉ်နေကြောင်း AA နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
AA ထိန်းချုပ်ရာနယ်မြေများတွင် ယမန်နှစ်ကကျင်းပခဲ့သည့် သင်္ကြန်ပွဲတော်များအနက် ကျောက်တော်မြို့နယ်နှင့် မြောက်ဦး မြို့နယ်အစပ် ဇီးချောင်းဆည်အောက်ရှိ ဇီးချောင်းသင်္ကြန်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အစပ် လေးမြို့မြစ်ကမ်းဘေးရှိ လေးမြို့ချောင်းသင်္ကြန်တို့မှာ အလွန်စည်ကားခဲ့သည်။
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဦးထွန်းကြည်က “စစ်ကောင်စီကလည်း သူထိန်းချုပ်ထားနိုင်တဲ့ မြို့ပေါ်မှာ သင်္ကြန်ကို စည်ကားအောင်ကျင်းပမယ်။ AA ကလည်း သူထိန်းချုပ်ရာနယ်မြေမှာ သင်္ကြန်ကို စည်ကားအောင် လုပ်မယ်ပေါ့။ အပြိုင်အဆိုင်လုပ်တယ်လို့တော့ မမြင်ဘူး။ နယ်မြေကိုအုပ်ချုပ်ထားတဲ့လူတွေက သူ့နယ်မြေမှာ ပြည်သူတွေ ပျော်အောင် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးတဲ့သဘောလို့ မြင်တယ်” ဟု မှတ်ချက်ပြုသည်။
ထိုသို့ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့ ထိန်းချုပ်ထားရာနေရာများတွင် သင်္ကြန် ပွဲတော်ကျင်းပရန် စီစဉ်နေသော်လည်း အောက်ခြေ၌မူ နှစ်ဖက်တပ်များ စစ်အင်အားဖြည့်တင်းပြီး တပ်ချင်းဆိုင်ထားသည့် အနေအထားရှိနေရာ ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာမည့် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက်နားလည်မှုဖြင့် ယာယီ အပစ်ရပ်ပြီးသည့် နောက်ပိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်သို့ မကြာခဏ လာရောက်နေရာ ယခုနှစ် ဇန်နဝါရီလ တွင်တကြိမ်၊ ဖေဖေါ်ဝါရီလတွင် တကြိမ်၊ မတ်လတွင် တကြိမ် ၃ကြိမ်ရှိခဲ့ပြီဖြစ်သည်။
You may also like these stories:
ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်
သင်္ကြန်ပွဲတော် စည်ကားစေရန် စစ်ကောင်စီ ကြိုးပမ်းနေ
သင်္ကြန်ပွဲတော်စည်ကားရေး ခရိုနီများကိုပါ စစ်ကောင်စီတွန်းအားပေး
သင်္ကြန်ကာလ နိုင်ငံပြင်ပ ထွက်လည်မည့်သူများပြား