ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့သည်ကို ကျေနပ်ပုံရပြီး ထိုဆွေးနွေးပွဲအတွင်း စစ်အာဏာသိမ်းမှုနှင့်ပတ်သက်သော အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီး အနာဂတ်တွင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်နိုင်ကြောင်း ဘန်နှင့် လွန်ခဲ့သောအပတ်က ဗွီဒီယိုမှတဆင့် တွေ့ဆုံခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မင်းအောင်လှိုင်က ဖိတ်ခေါ်သောကြောင့် ဘန်ကီမွန်းသည် နယ်ဆင်မန်ဒဲလားက တည်ထောင်ထားသည့် ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်သော The Elders ၏ ဒုဥက္ကဌအနေဖြင့် မြန်မာနိုင်ငံသို့ ဧပြီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် သွားရောက်ခဲ့သည်။ သူသည် နေပြည်တော်တွင် စစ်ကောင်စီခေါင်းဆောင် နှင့် တွေ့ဆုံခဲ့သလို ၂၀၁၁ ခုနှစ် ၂၀၁၆ ခုနှစ် စစ်သားတပိုင်း အရပ်သားတပိုင်း အစိုးရကို ဦးဆောင်သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှု တနိုင်ငံလုံးတွင် ဖြစ်ပွားနေချိန် ဘန်သည် မြန်မာသို့ သွားရောက်လည်ပတ်သည်။ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ၊ စီးနင်တိုက်ခိုက်မှုများနှင့် ကျေးရွာများကို မီးရှို့ခြင်းတို့ကို ပိုမိုအားကိုးလာပြီး ခုခံတော်လှန်မှု ရပ်တန့်အောင်ကြိုးစားနေသောကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၃၄၀၀ ကျော်သေဆုံးပြီးဖြစ်သည်။
စစ်ကောင်စီနှင့်တွေ့ဆုံခြင်းအပေါ် သူ၏သတင်းထုတ်ပြန်ချက်တွင် ဘန်က သူသည် အကြမ်းဖက်မှု ချက်ခြင်းရပ်စဲရေးနှင့် မြန်မာပြည်သူအများစုက ထောက်ခံသည့် NUG အစိုးရအပါအဝင် သက်ဆိုင်သူအားလုံး အပြုသဘောဆွေးနွေးပွဲ စတင်ရန် စစ်ကောင်စီကို တိုက်တွန်းခဲ့ကြောင်း ဖေါ်ပြထားသည်။ စစ်ကောင်စီက NUG နှင့် ၎င်း၏လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲများကို လွတ်လပ်မျှတသည့် အခြေအနေတွင် ကျင်းပနိုင်မှသာ ကျင်းပသင့်ကြောင်းလည်း ဘန် က စစ်ကောင်စီကို သတိပေးခဲ့သည်။
စစ်ကောင်စီနှင့်တွေ့ဆုံပြီးနောက် ဘန်သည် သူ၏နေပြည်တော်ခရီးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရန် NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနှင့် လွန်ခဲ့သောကြာသပတေးနေ့က တွေ့ဆုံခဲ့သည်။
အကြမ်းဖက်မှု အဆုံးသတ်ရေးနှင့် အဆိုပြုရွေးကောက်ပွဲနှင့် ပတ်သက်သော သူ၏သတင်းစကားများကို လူကိုယ်တိုင် ပေးပို့နိုင်ခဲ့သောကြောင့် သူ၏ ခရီးစဉ်အောင်မြင်သည်ဟု ဘန် ယူဆပုံရကြောင်း ဦးမိုးဇော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“စစ်ကောင်စီကို သူ့ရဲ့အရေးအပါဆုံး သတင်းစကားတွေ ပေးပို့နိုင်လို့ သူကျေနပ်နေတယ်လို့ ကျနော် ခံစားရတယ်” ဟု သူပြောပြီး ဘန်သည် မြန်မာသို့ ထပ်မံသွားရောက်ဖွယ်ရှိကြောင်းပြောသည်။
“ကျနော်နားလည်သလောက်ကတော့ မကြာသေးမီက သူ့ရဲ့ မြန်မာနိုင်ငံခရီးက နောက်ဆုံးအကြိမ် မဟုတ်ဘူး။ အနာဂတ်မှာ ထပ်သွားလိမ့်မယ်” ဟု ဧရာဝတီသတင်းဌာနသို့ ဦးမိုးဇော်ဦးက ပြောသည်။
စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံရန် နေပြည်တော်သို့မသွားမီ NUG နှင့်ဆွေးနွေးခဲ့သင့်သည်ကို နားလည်ကြောင်း ဘန်က သူ့ကိုပြောခဲ့သည်ဟု ဒုတိယနိုင်ငံခြားရေး ဝန်ကြီးပြောသည်။ မြန်မာအကျပ်အတည်းတွင် ပါဝင်ပတ်သက်သူ မည်သူမဆိုအနေဖြင့် အရပ်သားအစိုးရနှင့် ထိတွေ့ဆက်ဆံရန် NUG က တောင်းဆိုထားသည်။
“သူ့ခရီးစဉ် ထိခိုက်လွယ်မှုနဲ့အရေးပါမှုကြောင့် NUG ကို မတွေ့နိုင်ခဲ့လို့ သူက ကျနော်တို့ကို တောင်းပန်တယ်” ဟု ဦးမိုးဇော်ဦး ပြောသည်။
တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် NUG က ၎င်း၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ဘန်အနေဖြင့် အနာဂတ်တွင် မြန်မာသို့ သွားရောက်ပါက NUG အပါအဝင် နိုင်ငံအတွင်းမှ အရေးပါသည့် သက်ဆိုင်သူများနှင့် တိုင်ပင်ရန် တိုက်တွန်းခဲ့ပြီး စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းမှ ညှိနှိုင်းဖိအားပေး အရေးယူရန် လိုအပ်ချက်ကို အလေးထားပြောကြားခဲ့သည်ဟု ဖေါ်ပြထားသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ချမှတ်ထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကိုသာမက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုပါ လေးစားလိုက်နာရန် ငြင်းဆန်နေသည်။ ထိုအစီအစဉ်နှင့် ဆုံးဖြတ်ချက် နှစ်ခုလုံးတွင် သက်ဆိုင်သူအားလုံး ပါဝင်သည့် အပြုသဘော ဆွေးနွေးပွဲကျင်းပရန် တောင်းဆိုသည်။ ဘန်ကီမွန်းသည် အားလုံးပါဝင်သောဆွေးနွေးပွဲများ ကျင်းပရန် စစ်ကောင်စီကို တိုက်တွန်းသည့် နောက်ဆုံးခေါင်းဆောင်ဖြစ်သည်။
ASEAN နှင့် ကုလသမဂ္ဂသည် လွန်ခဲ့သောနှစ်က ၎င်းတို့၏ အထူးသံတမန်များကို စေလွှတ်ပြီး စစ်ကောင်စီနှင့် ထိတွေ့ ဆက်ဆံခဲ့သော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုရပ်ဆိုင်းရန် မည်သည့် စံချိန်တင် တိုးတက်မှုမျှ မရသလို စစ်ကောင်စီအပေါ် ထိရောက်သော ဖိအားလည်း မပေးနိုင်ခဲ့ပေ။
“စစ်ကောင်စီကို ဖိအားပေးတာနဲ့ ထိတွေ့ဆက်ဆံတာကို တပြိုင်တည်းလုပ်သင့်တယ်။ အဲဒီလိုမလုပ်ရင် စစ်ကောင်စီက သူတို့ကို အသုံးချမှာပဲ” ဟု ဦးမိုးဇော်ဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။
သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ဘန်က တောင်းဆိုသည်ကို မင်းအောင်လှိုင် မည်သို့တုံ့ပြန်ခဲ့သည်ကို မသိရပေ။
အရပ်သားများအား သတ်ဖြတ်မှုရပ်ပြီး နိုင်ငံရေးမှဆုတ်ခွာရန် အာမခံကာ နိုင်ငံရေးတွင် စစ်တပ်လွှမ်းမိုးခွင့်ပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှသာ စစ်ကောင်စီနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း NUG ခေတ္တသမ္မတက လွန်ခဲ့သောနှစ်က ပြောခဲ့သည်။ ထိုပြောကြားချက်ကို စစ်ကောင်စီကတုံ့ပြန်ခဲ့ခြင်း မရှိပေ။
မြန်မာခေတ်သစ်သမိုင်းအရ မြန်မာဗိုလ်ချုပ်များသည် တွေ့ဆုံဆွေးနွေးခြင်းကို မလိုလားဘဲ အထူးသဖြင့် နိုင်ငံရေးနှင့်ပတ်သက်လျှင် တွေ့ဆုံဆွေးနွေးရေးကို မလိုလားကြောင်း ဖေါ်ပြနေသည်။
၁၉၈၈ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယခင်စစ်အုပ်စု၏ ဖိနှိပ်မှုများအတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အထူးသံတမန်အများအပြားကို စေလွှတ်ပြီး ထိုစဉ်က စစ်အုပ်စုနှင့် အတိုက်အခံများဆွေးနွေးကာ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရန် ဖျောင်းဖျခဲ့ဖူးသည်။
သို့သော် ထိုစစ်အုပ်စုသည် နိုင်ငံတကာအသိုက်အဝန်း၏ စကားကို နားမထောင်ဘဲ အထူးသံတမန်များ၏ တောင်းဆိုမှုများမှ အပြုသဘောဆောင်သည့် မည်သည့်ရလဒ်မျှ ဖြစ်မလာခဲ့ပေ။
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
အကြမ်းဖက်မှုရပ်ရန် ဘန်ကီမွန်း ပြောအပြီး မင်းအောင်လှိုင်က စစ်ရှောင်တွေကို ဗုံးကြဲ
နေပြည်တော်က မင်းအောင်လှိုင်ဘုရား ဘန်ကီမွန်း သွားဖူး
မြန်မာအတွက် လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ဘယ်လိုပေးမလဲ
မြန်မာ့အရေး အပြောင်းအလဲအတွက် အင်ဒိုနီးရှား အချိန်မကျန်တော့














