ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲနှင့် ပူဖားကျေးရွာတို့ရှိ တပ်စခန်း၂ ခုပြန်လည်ရရှိရေး ကြိုးပမ်းနေ သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
အဆိုပါ စခန်းများမှာ စက်တင်ဘာ၂ ရက်က ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံလိုက်ရပြီး၊ ယင်း တပ်စခန်း၂ ခုကို ပြန်လည်ရရှိရန်အတွက် စစ်ကောင်စီတပ်ဘက်က ယနေ့အထိ ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ် ကြောင်း ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဘုန်းနိုင်က “အဲဒီရွာတွေမှာ သူတို့ ထိုင်တာကို ကျနော်တို့ သိမ်းတာ ရသွားတယ်ပေါ့။ လက်နက်ခဲယမ်း တွေလည်း ရတယ်။ သူတို့လည်း သေတယ်။ ဒါပေမယ့် နောက်တရက်ကျတော့ သူတို့ စခန်းပြန်ရဖို့ ပစ်ခတ်နေတုန်းပဲ။ အခုထိ မပြီးသေးဘူး” ဟု ပြောသည်။
စစ်ရေးအရ အရေးပါသည့် အဆိုပါ တပ်စခန်း၂ ခုရှိရာ ပူဖားနှင့် သေးဆူလဲရွာသည် မိုးဗြဲနှင့် လွိုင်ကော်အထိ သွားနိုင် သော လမ်းကြောင်း၂ ခု ရှိပြီး ပူဖားနှင့် သေးဆူလဲရွာမှ အဓိကကားလမ်းမကြီးကို သုံး၍ ၁၀ မိုင်ခန့်ဝေးသော မိုးဗြဲကို ကားဖြင့် နာရီဝက်ခန့်သွားပါက ရောက်ရှိနိုင်သော လမ်းကြောင်း ၁ ကြောင်းအပြင် ယင်းရွာတို့မှ ၈ မိုင်ခန့်ဝေးသော လွိုင်ကော်သို့ မိနစ် ၃၀ ဝန်းကျင် ကားဖြင့် ရောက်နိုင်သည့် လမ်းကြောင်း ၁ ကြောင်းလည်း ရှိနေခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးဘုန်းနိုင်က “အဓိက လမ်းကြောင်း ကားလမ်းရှိတော့ သူတို့ ပြန်ယူဖို့ ကြိုးစားနေပါတယ်။ အဲဒီလမ်းကြောင်း က လွိုင်ကော်က ဝင်တဲ့ လမ်းကြောင်း တကြောင်းရှိတယ်။ နောက် နန်းမယ်ခုံ- မိုးဗြဲလမ်းကနေ လမ်းမကြီးအပေါ်က နေရာဖြစ်နေတဲ့အတွက် သူတို့ ကြိုးစားတာပေါ့” ဟု ပြောသည်။
တရွာနှင့် တရွာ ၁ မိုင်ဝန်းကျင်သာ ကွာဝေးသော သေးဆူလဲနှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ် ယူထားသော စစ်ကောင်စီ၏စခန်းများအား စက်တင်ဘာ ၂ ရက်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နံနက် ၅ နာရီမှ ၉ နာရီခွဲအထိ ၄ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အထက်ပါ နေရာများတွင် တပ်စွဲထားသော စစ်ကောင်စီ၏ စကခ ၂ လက်အောက်ခံ၊ ခလရ ၉ မှ အရာရှိများ အပါ အဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကာ ထိတွေ့မှုအတွင်း ထွက်ပြေးနေသူများလည်း ရှိ ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ပြောင်း ၂ လက် ၊ RPG-7 ၁ လက် ၊ ငါးကြင်းမြီး ၁ လက်၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆန်များ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) က ပုံများနှင့်တကွ ယနေ့ သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲတွင် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေး တပ် (DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်း စစ်ကြောင်းနှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ အတွင်း တော်လှန်ရေး တပ်ပေါင်းစုများဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းသည့်တိုက်ပွဲများအပြင် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို သွယ်တန်းထားသည့် ပြည်ထောင်စုလမ်းမ ကြီးတွင် ဒီးမော့ဆိုမြို့မှ ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်များကြား ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့ကတည်းက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းများသည် ဇွန်လက လက်လွှတ်ခဲ့ရသည့် ထိုင်း- ကယားနယ်စပ်က မယ်စဲ့စခန်းကုန်း ပြန်ရရေး စစ်ဆင်ရန် အင်အားဖြည့်တင်းနေရာ အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးထားနိုင်ရေး လုပ် ဆောင်နေခြင်း ဖြစ်သော်လည်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ပိတ်ဆို့ထားဆဲ ဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အဲဒီစစ်ကြောင်းက မြေပြင်မှာလည်း သွားတယ်။ စစ်ယာဉ် တန်းနဲ့လည်း သွားတယ်။ သူတို့ယာဉ်တန်းက ကြာကောင်းကြာနိုင်တယ်” ဟု ပြောသည်။
ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း “အဲဒီကားလမ်းက မယ်စဲ့ဘက်ကို သွားဖို့ ကြိုးစားနေတာပေါ့။ ဘယ်ကိုမှ မပေါက်သေး ဘူး။ ကျနော်တို့ ပိတ်ထားတယ်။ တိုက်ပွဲလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။
ယခုတိုက်ပွဲဖြစ်နေသော ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကောင်စီတပ်အနေဖြင့် မယ်စဲ့သို့ အင်အားဖြည့်ရန် အဓိက ကျပြီး ယင်းလမ်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မှ မယ်စဲ့မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ် BP-13 နယ်စပ် ကုန်သွယ်ရေး ဂိတ်အထိ သွားလာနိုင်သော အဓိက လမ်းမကြီး ဖြစ်သည်။
ကရင်နီပူးပေါင်းတပ်များအနေနှင့် စစ်ကောင်စီ၏ ထိုးစစ်ကို ချေမှုန်းနိုင်ပါက မယ်စဲ့မြို့နယ်သည် ကရင်နီပူးပေါင်းတပ် များအတွက် လွတ်မြောက်နယ်မြေ ဖြစ်လာမည့် အလားအလာများသဖြင့် စစ်ကောင်စီတပ်က အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင်ရန် ကြိုးစားနေကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်သည်။
ကယားပြည်နယ်က စခန်း၂ ခုအပါအဝင် စက်တင်ဘာလဆန်းတွင်ပင် စစ်ကောင်စီတပ်၏ စခန်း ၄ ခုကို တော်လှန် ရေး လက်နက်ကိုင်အဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိထားကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များ ဖြစ်သော ခလရ− ၄၃၉၊ ခလရ−၆၀၊ ခမရ−၃၅၀ နှင့် ခမရ− ၃၅၁ တို့ တပ်စွဲထားသော သစ်ချဆိပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်း တပ်ဖွဲ့များက စက်တင်ဘာလ ၁ ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်များ သိမ်းဆည်းရမိ ခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးရွာတွင် တပ်စွဲနေထိုင်နေသော တပ်မ – ၈၈ လက်အောက်ခံ ခလရ ၇၇ အဖွဲ့နှင့် ရဲစခန်းအား မြို့လှK-PDF တပ်ရင်းမှ စက်တင်ဘာ ၁ နံနက် ၃ နာရီကျော်က ဝင်ရောက် တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိသလို လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန် ထားသည်။
You may also like these stories:
မယ်စဲ့စခန်းကုန်း ပြန်ရရေး ပြည်ထောင်စုလမ်းမကြီး တလျှောက်စစ်တပ် ထိုးစစ်ဆင်
တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်
ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ