စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ရွာများသို့ ယမန်နေ့ နံနက်ကစ၍ စစ်ကောင်စီ ကျားဘီးလူးစစ်ကြောင်းက လက်နက်ကြီး များဖြင့်ပစ်ခတ် စစ်ကြောင်းထိုးရာ ရွာသား ၃၀ နီးပါး အဖမ်းခံထားရပြီး ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံက သိရသည်။
ဖမ်းဆီးခံရသူများမှာ ရေဦး- ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(မြောက်) ရွာနှင့် မြင်းဒေါင်းရွာမှ ဒေသခံများ ဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ဝင်နေသည့် တောင်သူများလည်း ပါဝင်သလို မိသားစုလိုက် ဖမ်းဆီးခံရခြင်းများလည်း ရှိကြောင်း ခင်ဦးဒေသခံတဦးက ပြောသည်။
၎င်းက “မနေ့က ရေဦးမြို့နယ်ကနေ စစ်ကြောင်းထိုးလာတာ။ ရုတ်တရက်မလို့ ဖမ်းဆီးခံရတာလည်း ဖြစ်တယ်။ ဒီနေ့ထိ လည်း အဲဒီစစ်ကြောင်းက ပြည်သူတွေကို ဖမ်းပြီးတော့ မြင်းဒေါင်းရွာရဲ့ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထား တယ်။ အပြင်ထွက်ခွင့် မပေးဘူး။ ရွာထဲမှာ ရှိသေးတယ်။ လူဦးရေကတော့ ခန့်မှန်း ၃၀ ကျော်တယ်။ အင်တိုင်းမြောက် ရွာနဲ့ စစ်ကြောင်းရောက်နေတဲ့ မြင်းဒေါင်းရွာက ဒေသခံတွေ ဖမ်းခံရတာပေါ့။ စစ်ကြောင်းကတော့ ပျူတွေရော အရင်က ဘီလူးစစ်ကြောင်းက သူတွေရော ပါတယ်။ ဘီလူးစစ်ကြောင်းက ဝင်ပြီဆိုရင် အမြောက်သေနတ်သံတို့ မပေးဘဲနဲ့ သူတို့ မထင်ရင် မထင်သလို နှိပ်စက်တာတို့၊ သတ်ဖြတ်တာတို့ လုပ်တာ။ အခုစစ်ကြောင်းက ကျားဘီးလူးစစ်ကြောင်းလို့လည်း ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ တပ်များ ပါဝင်သလို ရေဦးမြို့ ပေါ်ရှိ တပ်မ ၆၆၊ တပ်မ ၃၃ နှင့် စစ်တပ်လက်အောက်ခံ ဘုန်းကြီး ဦးဝါသဝ၏ ပျူစောထီးများလည်း ပါဝင်ကာ အင်အား ၁၀၀ ဝန်းကျင်ရှိသော စစ်ကြောင်းဖြစ်ပြီး ဇန်နဝါရီ ၂ ရက်က ရေဦးမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ရွာသာလေး၊ ကုက္ကိုစု၊ မူးသာကုန်း၊ မုတ်စီနှင့် ပြည်တော်ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သောစစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်ရှိ ကျွန်းတော၊ မကျီးအုပ်၊ သရက်ပင်စု၊ ယာတော်၊ ကားဆိပ်၊ အင်တိုင်း(မြောက်) အစရှိသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့် ချီ၍ ထွက်ပြေးတိမ်းရှောင်နေရကာ စစ်ကြောင်းသည် လက်ရှိတွင် မြင်းဒေါင်းရွာ၌ တပ်စွဲထားကြောင်း သိရသည်။
ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တိုက်ခိုက်ဖို့ကျတော့ ပြည်သူတွေပါနေလို့ လုပ်လို့ အဆင်မပြေ ဖြစ်သွားတယ်။ အဖမ်းခံရတဲ့ ကျေးရွာ ၂ ရွာအပါ ကျေးရွာ ၆ ရွာနဲ့ ၇ ရွာလောက် က အားလုံးနီးပါး စစ်ဘေးရှောင်ရတယ်။ ဒေသခံ ၈ ထောင်ကျော် တယ်။ ဆောင်းတွင်းဖြစ်တဲ့အတွက် တချို့လည်း အဝတ် တထည် ကိုယ်တခုနဲ့ ပြေးရတော့ စားရေးရော၊ ဝတ်ဖို့ရော အခက်အခဲတွေ ရှိတယ်”ဟု ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံရပါက အသတ်ခံရသူများလည်း ရှိသလို အနည်းဆုံးလနှင့်ချီ၍ အဖမ်းခံရပြီး ရေဦးမြို့သို့ တပ်ပြန်ဆုတ်မှသာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ခင်ဦးမြို့အနီးရှိ ဒေသခံတဦးက “စစ်ကောင်စီတွေက မြင်းဒေါင်းရဲ့ အရှေ့ဘက်မှာ ပျဉ်ထောင်ရွာ ရှိတယ်။ ရွာထဲမှာ ရှိတဲ့ စစ်သားနဲ့ ပျူတွေကို ခေါ်ထုတ်ဖို့လား၊ ဒါမှမဟုတ် ဒီရွာ ပတ်ပတ်လည်မှာ ပျူတွေ စပါးစိုက်စားနေတာ၊ အခု ရိတ်သိမ်း ချိန်ဆိုတော့ စပါးရိတ်ဖို့ သူတို့ အားလာဖြည့်တာလား၊ အကာအကွယ်လာပေးတာလားပေါ့။ အဲဒီအချက်တွေကြောင့် စစ်ကြောင်းထိုးတာလို့ ထင်တယ်။ ရေဦးဘက်က လာတဲ့ စစ်ကြောင်းဆိုတော့ ကျားဘီးလူး စစ်ကြောင်းဖြစ်ဖို့တော့ များ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်သည် ခင်ဦးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်း (ဘေးကျား) များ ရိတ်သိမ်းသည့် အချိန်ဖြစ်ပြီး စပါးဈေးမှာလည်း တင်း ၁၀၀ လျှင် ယခင်နှစ် ကျပ် ၁၅ သိန်းသာရှိသော်လည်း ယခုနှစ်တွင် ကျပ် ၃၅ သိန်း အထိ ဈေးကောင်းရ နေသော ကြောင့် ပျူများကို စပါးရိတ်သိမ်းရန်အတွက် အကာအကွယ် လာပေးသည့် စစ်ကြောင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ ယင်းမာပင်၊ ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ၌ ဝင်ရောက် စစ်ကြောင်းထိုး နေ သော စစ်ကောင်စီ စစ်ကြောင်းသည် ရွာသို့ ဝင်ရောက်စီးနင်းသည့်အခါ ဒေသခံများ၊ ပြည်သူ့ကာကွယ်ရေးတပ် ( PDF ) တပ်ဖွဲ့ဝင်များအား ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများကို ဖြတ်တောက်၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ပြုလုပ်လေ့ရှိပြီး ဘီလူးစစ်ကြောင်း၊ ကျားဘီလူး စစ်ကြောင်းအစရှိသော နာမည်များကို ရွာထဲတွင် ရေးသားခဲ့ခြင်းမျိုး ရှိကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် အဆက်မပြတ် ဖြစ်နေသောတိုက်ပွဲများကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသအတွင်း ပြီးခဲ့သော ဒီဇင်ဘာလအထိ အရပ်သား ၁၁၈ ဦးသေဆုံးပြီး ၇၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်၊ ဘာသာရေးအဆောက်အဦနှင့် စာသင်ကျောင်း ၅၅၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ထို့ပြင် စစ်ကြောင်းထိုးနေစဉ်အတွင်းနှင့် စစ်ဆေးရေးဂိတ်များ၌ ဥပဒေမဲ့ ဖမ်းဆီးခံရမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဒီဇင်ဘာ အစောပိုင်းမှစ၍ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မုံရွာနယ်တွင် အရပ်သား ၁၁၀ ဦး ဖမ်းဆီးခံထားရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) ၏ ဒီဇင်ဘာ ၁၅ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ တနိုင်ငံ လုံး အတိုင်းအတာဖြင့် ၂ ဒသမ ၆ သန်းကျော်အထိ ရှိလာပြီး တည်ငြိမ်မှု မရှိသောအခြေအနေများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ၊ ဥပေဒေမဲ့ ဖမ်းဆီးမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ အတင်းအကျပ်တပ်သားစုဆောင်းမှုများ၊ အဓမ္မစေခိုင်း မှုများတိုးလာနေကြောင်း UNOCHA-Myanmar က ဆိုသည်။
You may also like these stories:
ခင်ဦးမြို့နယ် သံဘိုရွာမှ အိမ် ၂၀၀ ကျော် မီးရှို့ခံရ
ရေဦးတွင် စစ်တပ်ဝင်ပြီးနောက် အလောင်း ၁၁လောင်း တွေ့
ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ