ကမ္ဘာ့ရွှေဈေး မြင့်လာသဖြင့် ပြည်တွင်းရွှေဈေးလည်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၄၀ ကျော်ထိ စံချိန်တင် တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂,၀၃၅ သာ ရှိသော်လည်း ယခု မတ် ၁၂ ရက်တွင် ၁ အောင်စ ၂,၁၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ရာ ပြည်တွင်း အကယ်ဒမီ အခေါက်ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၃၉ သိန်း ဝန်းကျင်သာရှိရာမှ ယနေ့တွင် ၁ ကျပ်သားလျှင် ကျပ်သိန်း ၄၀ ကျော်ထိ ထိုးတက် လာခြင်း ဖြစ်သည်။
ယင်းသို့ ရွှေဈေးတက်နေခြင်းကြောင့် စစ်ကောင်စီက ရန်ကုန်၊ မန္တလေးမြို့များရှိ ရွှေလုပ်ငန်းရှင်၊ ကုန်သည်များကို ခေါ်ယူစစ်ဆေးခြင်းများ ရှိသလို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကလည်း ကောလဟလ အခြေအမြစ်မရှိသော သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပဈေးကွက် ရောင်းဝယ်သူများ ဈေးကစား၍ ရွှေဈေးနှုန်းကို ဆွဲတင်/ဆွဲချလျက် ရှိသဖြင့် ၎င်းတို့အသင်း သတ်မှတ်ဈေး အောက်တွင်သာ အရောင်း အဝယ် ပြုလုပ်ကြရန် သတိပေးထားသည်။
ထို့ပြင် ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူသွားမည်ဖြစ်ကာ ဈေးကစားသူများအနေဖြင့် ကောလဟလများ ထုတ်လွှင့်ခြင်းနှင့် ဈေးကစားခြင်းများ မပြုလုပ်ကြရန်လည်း YGEA က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်ကြီးတဦးက “ကမ္ဘာ့ရွှေဈေးတွေ အရမ်းတက်သွားလို့ပါ။ ကမ္ဘာ့ရွှေဈေးက တအောင်စ အမေရိကန် ဒေါ်လာ ၂,၂၀၀ နီးပါး ဖြစ်နေပြီလေ။ ဈေးတက်ပြီဟေ့ဆိုရင် ခေါ်ယူစစ်ဆေးတာတွေကတော့ လုပ်နေကျပါပဲ။ အခုလည်း လုပ်နေပါတယ်။ အဲဒီတော့ အရောင်းအဝယ်ဈေးကွက်က ပုန်းလျှိုးကွယ်လျှိုးနဲ့ လုပ်နေရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်နှင့် မန္တလေးမြို့မှ ရွှေကုန်သည်၊ လုပ်ငန်းရှင် ၃၀ ဦးခန့်ကို ခေါ်ယူပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ မန္တလေးရှိ ကုန်သည်၊ လုပ်ငန်းရှင်တချို့ကိုမူ ပြန်လွှတ်ပေးလိုက်ပြီဟု သိထားရကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ရန်ကုန်ကတော့ ခေါ်ယူစစ်ဆေးနေတုန်းပဲ။ ရွှေအရောင်းအဝယ်လည်း ပါးသလို လက်ဝတ် ရတနာဈေးကွက်လည်း ပါးတယ်။ အခုကတော့ ရောင်းရခက်၊ ဝယ်ရခက်တဲ့ အနေအထား ရောက်နေတာပါ။ ဈေးကတော့ ကမ္ဘာ့ရွှေဈေးပေါ် မူတည်တယ်။ အမေရိကန်နိုင်ငံရေး အခြေအနေကြောင့် ကမ္ဘာ့ရွှေဈေးက တက်လာ တာပေါ့” ဟု ရှင်းပြသည်။
အလားတူ ငွေကြေးဈေးကွက်တွင်လည်း ပြည်တွင်းဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ၃,၆၅၀ ကျပ်ထိဖြစ်လာသလို ထိုင်းငွေ ဘတ်ဈေးမှာလည်း ကျပ် ၁ သိန်းလျှင် ၉၈၅ ဘတ်ခန့်သာ ရှိသည်အထိ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျ ဆင်းနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ရန်ကုန်မြို့မှ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်သူတဦးက “ဈေးကွက်ကတော့ ၁ ဒေါ်လာ ၃၆၅၀ ကျပ် ပတ်လည် မှာ ရှိတယ်။ ဈေးကတင်းခံနေတာတော့ ရွှေကြောင့်ပဲ ဖြစ်မယ်။ ဈေးကွက်က လှုပ်ချင်ပေမယ့် အရောင်းအဝယ်ကျ ပါးတယ်။ အပြင်ဈေးကွက် အခြေအနေကြောင့်သာ ဈေးတွေက မာနေတာပေါ့။ တော်တော်များများက အခုအခြေ အနေအရ တက်မယ့်ဘက်ကို မှန်းတာများတယ်။ တက်ရင်လည်း ဒေါ်လာရော၊ ရွှေရော တက်မယ့်အနေအထား ရှိတယ်” ဟု သုံးသပ်ပြောဆိုသည်။
လတ်လောတွင် ပြည်တွင်း ငွေကြေးဈေးကွက်အနေဖြင့် အတက်ဘက်သို့သွားရန် မျှော်လင့်နေသည့် အခြေအနေ ဖြစ်သော်လည်း အရောင်းအဝယ်ပိုင်း၌ အနည်းငယ် အေးနေသောကြောင့် စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ငွေကြေးလဲလှယ်နှုန်းများ မြင့်တက်လာသောကြောင့် အခြေအခံ ဆေးဝါးမှစ၍ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ တက်လာနေကြောင်းလည်း ရန်ကုန်မြို့ခံများက ဆိုသည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ဒေသခံတဦးက “ကျမတို့သုံးတဲ့ ယိုဒယား ပုဇွန်နှစ်ကောင်ဆီဆို ငွေဈေးကြောင့်ရော၊ သယ်ယူပို့ဆောင်စရိတ်ကြောင့်ရောဆိုပြီး ဈေးတွေတက်တယ်။ ၅ လီတာဘူးက အရင် ၂၆,၀၀၀ ကျပ်ကနေ အခု ၂၇,၀၀၀ ကျပ်။ ထိုင်းတီးဆိုရင် အရင် ၅,၀၀၀ ကနေ အခု ၈,၀၀၀ ကျပ် ဖြစ်သွားလို့ မသောက်နိုင်တော့ဘူး။ တခြားပြောင်းသောက်နေရတယ်။ ဒေါ်လာဈေးတက်တော့ ဆေးဈေးတွေလည်းတက်တယ်။ ဝယ်မရတာတွေလည်း ရှိတယ်။ အာနိသင်တူတဲ့ဆေး ရှာသုံးတာတွေဘာတွေတောင် ဖြစ်နေတာ။ အိမ်မှာ လူမမာကျောက်ကပ်သမား ရှိတော့ အရင်က ဆေးဖိုး ၁ လ ၄ သိန်းဆို၊ အခုက ၁၀ သိန်းလောက်ကုန်တယ်” ဟု ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သည့် အသေးသုံး နိုင်ငံခြားငွေကြေးများအား နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်း မတ် ၁၁ ရက်၌ ထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီ၏ ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဗဟိုဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့က မတ် ၆ ရက်နှင့် ၈ ရက်များတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းလိုင်စင်ရရှိသူ ၄ ဦးမှာ နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေပါ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါလုပ်ငန်း (၄) ခုမှာ Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer တို့ဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် ၃ လ ရပ်ဆိုင်းခြင်း ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်နေပြီး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။














