စစ်အုပ်ချုပ်ရေးကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများကို တရားမဝင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် လိုအပ်သည့်ရင်းမြစ်များ ပိတ်ပင်ရေး တောင်းဆိုမှုများ ရှိသော်လည်း မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုများ ဆက်လက် ရောက်ရှိနေကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့်နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဇူလိုင်လ ၈ ရက်နေ့တွင် ပြောသည်။
၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်မှ မြန်မာသို့ လေယာဉ်ဆီ ခုနစ်ကြိမ် အနည်းဆုံး တိုက်ရိုက်တင်ပို့ပြီး စစ်ကောင်စီသည် အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားနေကြောင်း ၎င်းတို့၏ သုတေသီများ မှတ်တမ်းတင်ထားသည်ဟု လန်ဒန်အခြေစိုက် အဆိုပါ AI အဖွဲ့အစည်းက ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။
ဇန်နဝါရီလနှင့် ဇွန်လအတွင်း ထိုပုံစံမျိုး အနည်ဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထပ်မံလုပ်ဆောင်ပြီး မြန်မာသို့ လေယာဉ်ဆီများ ရောက်သွားကြောင်း AI က ပြောသည်။
“ဇန်နဝါရီလတွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဖော်ထုတ်ခဲ့သည့် ယခင် တင်ပို့မှုများအတိုင်း လေယာဉ်ဆီကို မြန်မာသို့ မတင်ပို့ခင် ဗီယက်နမ်သို့ နောက်ဆုံး ရောက်မလာမီ အကြိမ်ကြိမ် ရောင်းဝယ်ခဲ့သည်” ဟု အထက်ပါအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ် အစောပိုင်းတွင် စစ်တပ်က ဖြုတ်ချပြီး ပဏာမ ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်တခု အဆုံးသတ်သွားပြီးနောက် မြန်မာသည် သွေးချောင်းစီး ဖရိုဖရဲဖြစ်နေသည်။
ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများသည် လက်နက်စွဲကိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းကာ ယခုနှစ်အတွင်း နိုင်ငံအစိတ်အပိုင်း အများအပြားတွင် စစ်ကောင်စီတပ်များကို အကြီးအကျယ် အနိုင်ရနေသည်။

သို့သော် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် ထိရောက်သောလက်နက် အနည်းငယ်သာ ရှိသည်။
အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်က မြန်မာသို့ လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီများကို အရေးယူပိတ်ဆို့ကြောင်း လွန်ခဲ့သောနှစ် သြဂုတ်လက ကြေညာခဲ့သော်လည်း ယခုနှစ် ပထမ ၆ လအတွင်း အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ၅ ဆ တိုးလာကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက လွန်ခဲ့သောလတွင် ပြောသည်။
ယခုနှစ် ဖြစ်ရပ် နှစ်ခုတွင် တရုတ်ပိုင် ရေနံတင်သင်္ဘောတစီးသည် ဗီယက်နမ်မှ မြန်မာသို့ ပို့ဆောင်ပေးပြီး စင်ကာပူအခြေစိုက် လောင်စာဆီ ကုန်သည်များသည် ထိုကုန်စည်ဖြန့်ချိရေး ဈေးကွက်တွင် အခန်းကဏ္ဍတခုမှ ပါဝင်ကြောင်း AI အဖွဲ့က ပြောသည်။
“၂၀၂၃ ခုနှစ်က တင်ပို့မှုများကဲ့သို့ပင် ၂၀၂၄ ခုနှစ် တင်ပို့မှုများတွင် ထိုလေယာဉ်ဆီကို အကြိမ်ကြိမ် ရောင်းဝယ်မှု ပါဝင်ပြီး မူလရောင်းချသူကို ခြေရာခံရန် ခက်ခဲအောင် လုပ်ထားသည်” ဟု AI အဖွဲ့ပြောသည်။
“နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထိုတာဝန်မဲ့သည့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်ကို ဖော်ထုတ်ခဲ့သော်လည်း မြန်မာစစ်တပ်သည် လေယာဉ်ဆီ တင်သွင်းရန် တူညီသော တရုတ်သင်္ဘောနှင့် ဗီယက်နမ် ကုမ္ပဏီများကိုသာ အားကိုးနေသည်” ဟု AI အဖွဲ့ အထွေထွေအတွင်းရေးမှူး အဂ္ဂနိစ် ကောလာမတ်က ပြောသည်။
“ဒါဟာ မြန်မာစစ်တပ် လုံးဝပြစ်ဒဏ်ကင်းလွတ်စွာ လုပ်ကိုင်နေတာနဲ့ ဗီယက်နမ်၊ တရုတ်နဲ့ စင်ကာပူ အပါအဝင် တာဝန်ရှိတဲ့နိုင်ငံတွေရဲ့ လုံးဝပူးပေါင်းကြံစည်မှုကို ပြတ်ပြတ်သားသား ပြလိုက်တာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
You may also like these stories:
အရပ်သားများကို မြန်မာလေတပ်ဗုံးကြဲမှု ယခုနှစ်တွင် စံချိန်သစ်တင်မည်
မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုရပ်ရန် ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို
လောက်ကိုင်မြို့ခံတချို့ လေကြောင်းရန် ကြောက်၍ ဝနယ်သို့ တိမ်းရှောင်
သူရဲဘောကြောင်သည့် လေကြောင်းမှ သတ်ဖြတ်တိုက်ခိုက်ခြင်း
မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ
ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်