ကရင်နီ (ကယား) ပြည်နယ် မြို့တော် လွိုင်ကော်ရှိ ယဉ်ကျေးမှုပြတိုက်မှ တိုင်းရင်းသားမျိုးနွယ်စုများ၏ ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ စစ်ပွဲအတွင်း အခိုးခံရသည်ဆိုသော သတင်းများမှာ မဟုတ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) က ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယခုရက်ပိုင်း စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ် ပြတိုက်သို့ သွားရောက်စစ်ဆေးချိန် ကယားလူမျိုးများ၏ သင်္ကေတ ဖားစည် ၁၀ လုံးခန့်အပါအဝင် ကန္တရဝတီစော်ဘွားကြီး၏ ဝတ်ရုံတော်၊ ဝေါယာဉ်၊ အသုံးအဆောင်ပစ္စည်းများ စသည်တို့ ပျောက်ဆုံးနေခြင်း ဖြစ်သည်ဆိုသော သတင်းများ ထွက်လာခြင်းဖြစ်သည်။
ထိုသတင်းထွက်လာပြီး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC) က ယခုလို ကြေညာချက်ထုတ်ရာ ၂၀၂၃ နိုဝင်ဘာက စခဲ့သည့် ၁၁၁၁ စစ်ဆင်ရေး၌ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ့ အိုးအ်ိမ်၊ အများပိုင် အဆောက်အဦနှင့် ဘာသာအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသလို မသမာသူများ ဖောက်ထွင်းခိုး ယူမှုကြောင့်လည်း ဆုံးရှုံးခဲ့ရကြောင်း၊ ထို့အတွက် ပြတိုက်မှ ရိုးရာအသုံးအဆောင်၊ တူရိယာ၊ လက်နက်ကရိယာ၊ အဆင် တန်ဆာပစ္စည်းများ နှင့် ဖားစည်တို့ကို မပျောက်ပျက်စေရန် လုံခြုံစိတ်ချရသည့် နေရာသို့ အရေးပေါ် ရွှေ့ပြောင်းထိန်းသိမ်း စောင့်ရှောက်နေကြောင်း ဆိုထားသည်။
သို့သော် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန် IECမှ တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အကြောင်းပြန်ခြင်း မရှိပေ။
ပြတိုက်နှင့် နီးစပ်သူတဦးက “လွိုင်ကော်ပြတိုက်မှာ အရေးကြီးဆုံးက ကယားတွေရဲ့ အမွေအနှစ်ပစ္စည်း ဖားစည် အဟောင်း တွေ ၁၀ လုံးလောက်ရှိတယ်။ အဲဒီဖားစည်တွေက ကယားပြည်နယ်ရဲ့ သမိုင်းကြောင်းကို ဖော်ပြနေတဲ့အရာတွေ။ ဒီဘက် ခေတ်သစ်မှာဆိုရင်လည်း ကန္တာရဝတီစော်ဘွားကြီးရဲ့ ဝတ်ရုံတော်တို့ ဝေါယာဉ်တို့ အသုံးအဆောင်ပစ္စည်းတို့ အဲဒါတွေကို လည်း ပြသထားတာရှိတယ်။ မျက်မြင်အခြေအနေအရတော့ အထဲမှာ ပစ္စည်းတွေမရှိတော့ဘူးဆိုပေမယ့် အကုန်လုံးစာရင်း အတိအကျကတော့ တာဝန်ရှိသူတွေက ဆောင်ရွက်နေတုန်းရှိသေးတယ်။ အတိအကျ ပြောလို့မရသေးဘူး။ မျက်မြင် အခြေအနေအရဆိုရင် ခိုးယူခြင်းခံထားရတယ်” ဟု ပြောသည်။
ပြတိုက်အတွင်း ပြသထားသော ပစ္စည်းများရှိသကဲ့သို့ စတိုခန်းအတွင်း သိမ်းဆည်းထားသည့် ပစ္စည်းများလည်း ရှိခြင်း ကြောင့် ပျောက်ဆုံးခိုးယူခံရသော ပစ္စည်းများ၏ တန်ဖိုးအတိအကျကို တွက်ချက်၍မရသေးကြောင်း ၎င်းက ဆိုသည်။

၁၉၉၆ ခု စက်တင်ဘာ ၁၈ ရက်က ဖွင့်လှစ်ခဲ့သည့် လွိုင်ကော်ယဉ်ကျေးမှုပြတိုက် အဆောက်အအုံမှာ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲ များ အတွင်း ထိခိုက်ပျက်စီးခြင်း မရှိကြောင်း၊ ယဉ်ကျေးမှုပြတိုက်၌ ရိုးရာအသုံး အဆောင်များအပြင် စာအုပ်ပေါင်း ၁၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများနှင့် ကရင်နီပြည် ပြည်သူပြည်သားများ အားလုံးတွင် အပြည့်အဝ တာဝန်ရှိကြောင်းလည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ဆိုသည်။
လက်နက်ကိုင်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်သည့် ၁၉၅၄ Hague နိုင်ငံတကာသဘောတူညီချက် — (Convention for the Protection of Cultural Property in the event of Armed Conflict) ကို မြန်မာနိုင်ငံသည် ၁၉၅၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ရက်တွင် သဘောတူလက်မှတ် ရေးထိုးထားခဲ့သည်။
သို့သော် ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ဆိုလျှင် ကမာ္ဘ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ်အဆိုပြု လွှာမူချောကို ပြီးခဲ့သည် ၂၀၂၂ ဇန်နဝါရီလတွင် ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်သွင်းရမည်ဖြစ်သော်လည်း ယခုအခါ နှစ်ဘက်စစ်ပွဲဒဏ်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်ခဲ့ရသလို စစ်ပွဲများကြောင့် ကောင်းမွန်သော ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်တော့သည်ကို တွေ့ရသည်။
You may also like these stories:
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ
ကရင်နီညီညွတ်ရေးကို ချင်းတပ်ဖွဲ့တွေ အတုယူပါ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














