ယခုအပတ် ၅ ရက်ကြာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွင် မြန်မာစစ်ကောင်စီသည် နိုင်ငံရေး ရာထူးမရှိသူသာ တက်ရောက်ခွင့်ရသည်။
၅၇ ကြိမ်မြောက် ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ၎င်းနှင့်ဆက်စပ်အစည်းအဝေးများကို လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းတွင် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပမည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည် သောကြာနေ့နှင့် စနေနေ့တွင် ထိုအစည်းအဝေးများသို့ တက်ရောက်မည်ဖြစ်သည်။
လာအိုသည် ယခုနှစ် ASEAN ဥက္ကဌဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ASEAN အစည်းအဝေးများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် မြန်မာအကျပ်အတည်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် စိတ်အားထက်သန်ကြောင်း အရှေ့အာရှနှင့် ပိစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တန်ဘရင့် က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ယခုအစည်းအဝေးနှင့် အခြားဒေသတွင်း ထိပ်သီးဆွေးနွေးပွဲများတွင် ASEAN က မြန်မာစစ်ကောင်စီကို နိုင်ငံရေးနှင့် မသက်ဆိုင်သည့် အခန်းကဏ္ဍ တွင်သာ ကန့်သတ်အဆင့် လျှော့ချထားခြင်းကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ခရစ်တန်ဘရင့် အတည်ပြုသည်။
“ကျနော်နားလည်ထားသလောက်တော့ မြန်မာက ကိုယ်စားလှယ်တယောက်လာမယ်။ အဲဒါက နိုင်ငံရေး ရာထူးမရှိတဲ့ အမြဲတမ်း အတွင်းဝန် အဆင့်လောက်ပဲဖြစ်တယ်” ဟု သူပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် အကြမ်းဖက်မှုများကို ထိန်းချုပ်ရန် ASEAN ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လေးစားလိုက်နာရန် ပျက်ကွက်သောကြောင့် အပြစ်ပေးသည့်အနေဖြင့် စစ်ကောင်စီခေါင်းဆောင်များကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှ စတင်ပြီး ASEAN ထိပ်သီးစည်းဝေးပွဲမှ ပိတ်ပင်ထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံတဝှန်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်တပ်က သွေးချောင်းစီး နှိမ်နင်းပြီးနောက် မြန်မာနိုင်ငံတွင် ဖရိုဖရဲဖြစ်နေသည်။
စစ်ကောင်စီ၏ ဖြိုခွဲမှုများသည် ကျယ်ပြန့်သော လက်နက်ကိုင်တော်လှန်ရေး ဖြစ်စေပြီး အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာသောအခါ စစ်ကောင်စီသည် နိုင်ငံ၏ကျယ်ပြန့်သော အစိတ်အပိုင်းများကို မထိန်းချုပ်နိုင်တော့ပေ။ စစ်ကောင်စီက လေကြောင်းမှ သိမ်းကြုံး တိုက်ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုများသာမက အရပ်သားများကို အငြင်းပွားဖွယ်ရာဖမ်းဆီးမှု သတ်ဖြတ်မှုများဖြင့် လက်တုံ့ပြန်သည်။
ထိုအကြမ်းဖက်မှုများကို စစ်ကောင်စီ နိုင်ငံရေးကိုယ်စားလှယ်များကို အဆင့်မြင့်အစည်းအဝေးတွင် ပိတ်ပင်ခြင်းဖြင့် ASEAN က တုံ့ပြန်ပြီး စစ်ကောင်စီက ပြစ်တင်ရှုတ်ချသည်။
သို့သော် စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီလတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်ဝန်ထမ်းတဦးကို လာအိုနိုင်ငံ လွန်ပရာဘန်တွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးသို့ စေလွှတ်သည်။ ယခုအပတ် ASEAN အစည်းအဝေးသည် စစ်ကောင်စီက နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ် စေလွှတ်သည့် ဒုတိယ အစည်းအဝေးဖြစ်သည်။
“ဒီလိုမျိုး လုပ်ခဲ့ဖူးတာလည်း ရှိတယ်။ ဒါက ကျနော်တို့ရဲ့ တလျှောက်လုံးသဘောထားပဲ။ ဒီအစီအစဉ်အတိုင်း မြန်မာက ဘယ်ကိုယ်စားလှယ်မဆို နိုင်ငံရေးနဲ့ မသက်ဆိုင်အောင် ASEAN ကဆက်လက်လုပ်တာကို ကျနော်တို့ထောက်ခံတယ်” ဟု ခရစ်တန်ဘရင့်ပြောသည်။
အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို ဖိအားပေးသည့် အရေးယူပိတ်ဆို့မှုများနှင့် အခြား အစီအမံများ ချမှတ်ထားပြီး မြန်မာတွင် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်မဖြစ်စေရန် ရန်ပုံငွေ ဖြတ်တောက်သည်။
သို့သော် စစ်ကောင်စီသည် လွန်ခဲ့သောနှစ် နှောင်းပိုင်းမှ စတင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အရှိန်အဟုန် ရနေသည့် နိုင်ငံ အနောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် အရပ်သားများ ဗုံးကြဲကာ အမြောက်များဖြင့်လည်း ပစ်ခတ်နေသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် အရပ်သား ၅၄၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖေါ်ပြသည်။
You may also like these stories:
စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ
မြန်မာ့ “ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” တည်ဆောက်ရေး တရုတ်နည်း တရုတ်ဟန်
မြန်မာပြည်တွင်းစစ်နှင့် ထိုင်း-မြန်မာ ၂၀၂၄ ဆက်ဆံရေး
မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














