စက်တင်ဘာ ၁၁ ရက်က ဖြစ်ခဲ့သည့် တိုင်ဖွန်းယာဂီ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ၊ အောင်ပန်း၊ အင်းလေး၊ ကလော ဒေသတို့၌ သီးနှံစိုက်ခင်းများ ဧကသောင်းချီ ပျက်စီးခဲ့ပြီး မြေပြို၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ ရန်ကုန်၊ မန္တလေးစသည့် ဈေးကွက်ကြီးများသို့ ကုန်စိမ်းအဝင်နည်းကာ ပစ္စည်းရှားပါးသည့် အခြေအနေဖြစ်ခဲ့သည်။
ထို့ကြောင့် အောင်ပန်းကုန်စည်ဒိုင်မှာပင် ကုန်စိမ်းသီးနှံဈေး သုံးဆကျော်နီးပါး မြင့်လာပြီး ယခင်က ခရမ်းချဉ်သီး တပိဿာလျှင် ၃၀၀ ကျပ် ရှိရာမှ ယခု ၂၅၀၀ ကျပ်၊ မုန့်ညှင်း တပိဿာ ၁၅၀၀ ကျပ်မှ ယခု ၄၅၀၀ ကျပ်ဖြစ်ကာ ပစ္စည်းလည်းရှားပါးနေကြောင်း ကုန်စိမ်းကုန်စည်ဒိုင်များထံက သိရသည်။
အောင်ပန်းမြို့မှ ကုန်စိမ်းပွဲရုံ ပိုင်ရှင်တဦးက “ကုန်စည်စီးဆင်းမှုကတော့ အင်းလေးဒေသထွက်ကုန်တွေ အကုန် ရပ်သွားပြီး မရှိသလောက် ဖြစ်သွားတယ်။ တခြားဒေသကကုန်တော့ ဝင်ပေမယ့် နည်းတော့ ပစ္စည်းရှားပြီး ကုန်စိမ်းတွေ ဈေးတက်သွားတယ်။ ဧရိယာတော်တော်များများ ရေလွှမ်း ပျက်စီးသွားတော့ အရင်က ၁၀ ပိဿာဝင်ရင် အခု ၁ ပိဿာဝင် တဲ့ သဘောမျိုးဖြစ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အင်းလေးဒေသ၌ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဗူးသီး၊ ဂေါ်သခွားသီး၊ ဖရုံသီး၊ ဂေါ်ရခါးညွှန့်စသော ကုန်စိမ်းသီးနှံ အများစုထွက်ရှိပြီး သီးနှံစိုက်ခင်း ၁၀၀ ရာခိုင်နှုန်း ပျက်စီးခဲ့သလို လက်ရှိအချိန်ထိ ရေမကျသေးသောကြောင့် မည်သည့် သီးနှံမှ ထပ်မံ စိုက်ပျိုး၍ မရသော အခြေအနေဖြစ်ကြောင်း ၎င်းကပြောသည်။
၎င်းက “ခရမ်းချဉ်သီးက အရင်က ဝယ်မယ့်သူ မရှိသလို ဈေးလည်း မရတော့ တောင်သူတွေ စွန့်ပစ်ရတဲ့အခြေအနေ။ အခု ရေကြီးပြီးတဲ့နောက်ပိုင်းမှာကျတော့ ခရမ်းချဉ်သီးက ပြတ်ထွက်သွားသလို ဖြစ်သွားတယ်။ အင်းလေးတဝိုက်က ခရမ်းချဉ် ကုန်က တော်တော်များများ ထွက်မလာတော့ဘူး။ အဲဒီတော့ ဒီဘက်မှာရှိပြီးတဲ့ ကုန်တွေက ဈေးတွေ တက်ကုန်တယ်”ဟု ပြောသည်။
ယခု ရေကြီးပြီးနောက် ကုန်စိမ်းသီးနှံများမှာ ရန်ကုန်မြို့တွင်ပင် ခရမ်းချဉ်သီးတပိဿာ ၆၀၀၀ ကျပ်၊ အာလူးတပိဿာ ၈၀၀၀ ကျပ်ထိ ဈေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းနေ အိမ်ရှင်မတဦးက “ဂေါ်ဘီထုပ်က တထုပ် ၁၅၀၀၊ ၂၀၀၀ ကျပ်၊ ခရမ်းချဉ်သီးဆို အင်းသီးက ၁၀ သား ၅၀၀ ကျပ်၊ ၆၀၀ ကျပ် ရှိတော့ ၁ ပိဿာ ၅၀၀၀ ကျပ်၊ ၆၀၀၀ ကျပ် ရှိတယ်။ ကိုင်းခရမ်းချဉ်သီးဆိုရင် ၁ ပိဿာ ၁၀၀၀၀ ကျပ်၊ ဝယ်ရတာလည်း ရှားတယ်။ နံနံပင် ၁ ပိဿာ ၃၀၀၀၀ ကျပ်ရှိတယ်။ ရပ်ကွက်ထဲက အသုပ်၊ မုန့်ဟင်းခါးရောင်းတဲ့သူတွေဆို တချို့ ထည့်တောင် မပေးနိုင်တော့ဘူး။ မုန့်ညှင်းက ၁စီး ၇၀၀ ကျပ်လောက်ရှိတယ်”ဟု ပြောသည်။
ရှမ်းပြည်နယ်အတွင်း ရေကြီးမြေပြိုမှုများကြောင့် နေအိမ်များလည်း နစ်မြုပ်ပျက်စီးမှုများရှိခဲ့ရာ ဒေသခံအများစုမှာ ပြန်လည် ထူထောင်ရေး မစနိုင်သေးဘဲ ပရဟိတအဖွဲ့များ၏ ကူညီကယ်ဆယ်ရေးကိုသာ အားကိုးနေရသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် ရှမ်းဆန်အဓိက ထွက်ရှိရာ ရှမ်းပြည်နယ် ဟိုပုန်းနှင့် ဆီဆိုင်အကြားရှိ ပုန်းအင်းဒေသတွင်လည်း ရေကြီးမှုကြောင့် အိမ်ခြေ ၁၂၀၀ ကျော် ရေနစ်မြုပ်ကာ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ယခု ရေကြီးမှုသည် ကုန်စည်သယ်ယူရေး အဓိကကျရာ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းမှသည် မြန်မာပြည် အောက်ပိုင်း ရန်ကုန်-မန္တလေးလမ်းစသောနေရာ အနှံ့အပြားဖြစ်ခဲ့ခြင်းကြောင့် ကုန်ကားများ သွားလာ၍ မရဖြစ်ကာ ကုန်စည်တင်ပို့မှု ရက်ပိုင်းခန့် ပြတ်တောက်ခဲ့ပြီး ယခုအခါ ပြန်လည်သွားလာ၍ ရသော်လည်း အချို့နေရာများ၌ အခက်အခဲများ ရှိနေသေး ကြောင်း သိရသည်။
ရှမ်းပြည်နယ်မှ ကုန်ကား ပိုင်ရှင်တဦးက “မိုင်းပွန်ကတော့ တွဲကားတွေ ပေးမသွားသေးဘူး။ ၆ ဘီး၊ ၁၀ ဘီးနဲ့ ၁၂ ဘီးကား တွေတော့ စက်တင်ဘာလ ၂၇ ရက်က စပြီး ပေးသွားနေတယ်။ ရှမ်းပြည်ကနေ အောက်ဘက်ကို ဆင်းတာတော့ အခု လောလောဆယ် ကောင်းနေသေးတယ်။ နည်းနည်းတော့ စိုးရိမ်ရတာ ရှိတာပေါ့။ တောင်ကြီးသွားရင် ကျပ်စခန်းအလွန်မှာ ဆိုင်းတောင်ကြားဆိုတာရှိတယ်။ အဲဒီမှာတော့ တံတားတခုက လမ်းတဝက်အထိ ပါထားတာ ရှိတယ်။ လမ်းတဝက်ပဲကျန်တယ် တစီးချင်းစီပဲ သွားလို့ ရတယ်။ ထွက်တဲ့ အစီးရေတွေ လျော့တာပေါ့။ လမ်းတွေက ကောင်းကောင်းသွားမရဘဲ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေတာ၊ တနေ့က မိုးရွာတော့ မြေပြန်ပြိုတာနဲ့ ပြန်ပိတ်တာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
ထို့ပြင် စက်တင်ဘာ တတိယအပတ်အတွင်း ရေကြီးခဲ့ချိန်တွင် လမ်း၌ ပိတ်မိနေသော ကုန်ကား၊ လိုင်းကားများကို ဦးစားပေးလွှတ်နေသည့် အခြေအနေလည်း ရှိကြောင်း ၎င်းက ပြောသည်။
၎င်းက “တော်တော်များများ ကားဂိတ်တွေ စပြီး မထွက်ကြသေးဘူး။ အခုမှ ပြန်ထွက်ကြမှာဆိုတော့ ကုန်စည်စီးဆင်းမှု ကတော့ အရင်ထက်စာရင် လျော့တာပေါ့”ဟု ပြောသည်။

ထို့ပြင် ရထားလမ်းပိုင်းအနေဖြင့် မြင်းဒိုက်နှင့် ဆင်တောင်ဘူတာကြားရှိ မီးရထားလိုဏ်ဂူမှာလည်း ပြိုကျသွားပြီး သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်းရှိ သာစည်-လှိုင်းတက်၊ လှိုင်းတက်-ဘုရားငါးဆူ၊ ဘုရားငါးဆူ-ယင်းမာပင်၊ မြင်းဒိုက်-ကလော၊ ကလော-အောင်ပန်း၊ ထီသိမ်-ပေါမူဘူတာအကြား လမ်းပိုင်းများနှင့် အောင်ပန်းဘူတာ ဝင်းတို့တွင် ရေကြီးရေလျှံ၊ ပျက်စီးမှုများကြောင့် သာစည်–ရွှေညောင် ရထားခရီးစဉ်များကို ယခုလ ၁၁ရက်မှစ၍ ယာယီ ရပ်နားထားကြောင်း သိရသည်။
မြန်မာ့မီးရထား လမ်းပိုင်းများ ပျက်စီးနေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကလော မြန်မာ့မီးရထား တာဝန်ရှိသူထံသို့ ဖုန်းဆက်မေးမြန်းသော်လည်း ဖြေဆို၍ မရနိုင်ကြောင်း လောလောဆယ်ရပ်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
ရထားမှာ ယခင်ကတည်းက ထွက်ချိန်နည်း၍ ရှမ်းပြည်တောင်ပိုင်းမှ ကုန်စည်များအား ကားလမ်းကိုသာ အဓိက အသုံးပြု ပို့ဆောင်နေရပြီး ရန်ကုန်သို့ တင်ပို့သောကုန်စည်သီးနှံများမှာ ရန်ကုန်မှတဆင့် မြန်မာပြည်အောက်ပိုင်းနှင့် မန္တလေးသို့ ပို့သောကုန်စည်များမှာ မြန်မာပြည်အထက်ပိုင်းသို့ ပြန်လည်ဖြန့်ဖြူးပေးနေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်ဒေသထွက်ခရမ်းချဉ်သီးမှာ ရေကြီးမြေပြိုမှု မဖြစ်ခင်က တပိဿာလျှင် ကျပ် ၃၀၀ အောက်အထိကျဆင်းခဲ့ပြီး ဝယ်သူမရှိသောကြောင့် ပင်လောင်း၊ ကလော၊ အင်းလေး၊ ရွာငံနှင့် အောင်ပန်းဒေသထွက် စိုက်ခင်းများမှ အသီးများ အမှည့်လွန်ကာ စွန့်ပစ်ရသည်အထိ ဖြစ်ခဲ့သည်။
လတ်တလော ရှမ်းပြည်နယ် ရန်ကုန်၊ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် ယနေ့( အောက်တိုဘာ ၁ ရက်) မှစ၍ အောက်တိုဘာလ ၅ ရက်အထိ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်သတိပြုရှောင်ရှားရန် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် နေထိုင်သူများမှာ မြေပြိုမှုအန္တရာယ်ရှိနိုင်သလို မြစ်၊ ချောင်းများအနီးနေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများ သတိပြုရန်လည်း ဖော်ပြထားသည်။
You may also like these stories:
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်
ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်
ယာဂီမုန်တိုင်း ရေဘေးက စစ်ကောင်စီ သဘောထားမှန်ကို ထုတ်ဖော်
ခရိုနီများ ရေဘေးကယ်ဆယ်ရေး ဒေါ်လာ ၁၅ သန်းကျော်လှူ
ရေဘေးဒဏ်ခံရသူများကို လျစ်လျူရှုခြင်းဖြင့် စစ်ကောင်စီ ရာဇဝတ်မှု ထပ်မံကျူးလွန်ပြန်














