မြန်မာပြည်တွင်းစစ်ကို ရပ်တန့်စေရန် ကမ္ဘာ့အားထုတ်မှုသည် “အလုပ်မဖြစ်ကြောင်း ထင်ရှားသည်” ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူတဦးက အောက်တိုဘာလ ၁၀ ရက်နေ့တွင် သတိပေးပြီး စစ်ကောင်စီကို “ငွေကြေး၊ လက်နက်နှင့် တရားဝင်မှု” မပေးရန် တိုက်တွန်းသည်။
တစတစ ပိုမိုဆိုးရွားနေသော အခြေအနေသည် တုန်လှုပ်ဖွယ်ဖြစ်ကြောင်း၊ မြန်မာတွင် နှစ်ပေါင်းများစွာ ဖြစ်ခဲ့သည့်အတိုင်း တိုက်ပွဲကြောင့် လူ ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြောင်း ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးက ပြောသည်။
ထိုပဋိပက္ခကို လာအိုနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှခေါင်းဆောင်များ အစည်းအဝေးတွင်လည်း ဆွေးနွေးသည်။ သွေးချောင်းစီးမှု ရပ်တန့်ရေးအတွက် “ခိုင်မာသော လုပ်ဆောင်မှုလုပ်ရန်” ထိုခေါင်းဆောင်များက မြန်မာ စစ်ကောင်စီနှင့် အတိုက်အခံများကို ဖိအားပေးသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အတိုက်အခံများကို ဖြိုခွဲရာတွင် လူ ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးထားပြီး အတိုက်အခံအင်အားစုများ၏ ထိန်းချုပ်ဒေသများကို ဗုံးကြဲသည်ဟု အမေရိကန် ကွန်ဂရက်အမတ်ဟောင်း မစ္စတာ အင်ဒရူးက ပြောသည်။
လက်နက် ပစ်အားရှိသော်လည်း စစ်ကောင်စီသည် ပြည်နယ်အများအပြားတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်သား ကာကွယ်ရေးတပ်များ၏ ထိုးစစ်အများအပြားကို နှိမ်နင်းရန် ရုန်းကန်နေရသည်။
စစ်ကောင်စီသည် နယ်မြေအများအပြားကို ဆုံးရှုံးနေပြီး နိုင်ငံတကာပြစ်တင် ရှုတ်ချမှုများကိုလည်း ခံနေရသည်။
စစ်ကောင်စီသည် စစ်သားသောင်းချီ ဆုံးရှုံးသွားပြီး စစ်အင်္ဂါစဉ်ပျက်ကာ တပ်များကို ပြန်လည်ဖွဲ့စည်းရန် အတင်းအကျပ် စစ်သားစုဆောင်းနေကြောင်း သြစတြေးလျသို့ သွားရောက်စဉ် မစ္စတာ အင်ဒရူးက ပြောသည်။
“စစ်ကောင်စီဟာ သူတို့ရဲ့အရှုံးတွေအတွက် အရပ်သားတွေကို တိုက်ခိုက်မှု အရှိန်မြှင့်တင် တုံ့ပြန်နေတယ်” ဟု ၎င်းကပြောပြီး စစ်ကောင်စီတပ်များသည် အရပ်သား ၅,၆၀၀ ကျော်ကို သတ်ဖြတ်သည်ဟု ခန့်မှန်းသည်။
ဒေသတွင်းနှင့် ကမ္ဘာမှ အင်အားကြီးနိုင်ငံများအနေဖြင့် နောက်ထပ် ဥပဒေ၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် မစ္စတာ အင်ဒရူးက တောင်းဆိုသည်။
“နိုင်ငံတကာ အရေးယူမှု အကြီးအကျယ် လိုအပ်တယ်” ဟု ၎င်းကပြောပြီး ဒေသတွင်း အင်အားကြီး နိုင်ငံများအနေဖြင့် စစ်ကောင်စီကို “ငွေကြေး၊ လက်နက်နှင့် တရားဝင်မှု” မပေးရန် တိုက်တွန်းသည်။
အရေးပေါ်ထိပ်သီးဆွေးနွေးပွဲတခု ပြုလုပ်ရန် တိုက်တွန်းပြီး “ဒီအကျပ်အတည်းကို နိုင်ငံတကာတုံ့ပြန်မှုက အလုပ်မဖြစ်ကြောင်း ထင်ရှားတယ်” ဟု မစ္စတာ အင်ဒရူးက ပြောသည်။
“မြန်မာက ပိုမိုနက်ရှိုင်းလာတဲ့ အကျပ်အတည်းကို ကမ္ဘာ့နိုင်ငံအများစုက မမြင်နိုင်မှာ ကျနော် စိုးရိမ်တယ်” ဟုလည်း ပြောသည်။
မြန်မာခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် အရေးယူရန်နှင့် သည်ဟိဂ်မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် စစ်ရာဇဝတ်မှု စွဲချက်တင်ရေး လုပ်ဆောင်မှုများကို ထောက်ခံရန် သြစတြေးလျနှင့် စိတ်တူကိုယ်တူနိုင်ငံများကို မစ္စတာ အင်ဒရူးက တိုက်တွန်းသည်။
ထိုသို့တရားစွဲဆိုမှု အများစုသည် ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုကို ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုနှင့် ပတ်သက်သည်။ ရိုဟင်ဂျာများသည် သတ်ဖြတ်၊ ဖမ်းဆီးခံနေရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခံရသည်။
ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းခန့်ရှိနေပြီး ၎င်းတို့အနက် အများစုသည် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ထွက်ပြေးလာသူများ ဖြစ်သည်။
ကိုးကား ။ ။ AFP သတင်း UN expert says response to Myanmar war ‘not working’
You may also like these stories:
စစ်ကောင်စီကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဝေဖန်
အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်
စစ်ကောင်စီနဲ့ မြန်မာလူထုတွေကြားက သေရေးရှင်ရေးတိုက်ပွဲ
တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ
မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း














