စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့တိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် ကျည်လုံလောက်မှု မရှိခြင်း၊ အင်အားမမျှခြင်းတို့ကြောင့် နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပုလဲမြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ပုလဲမြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးပြီး ပုလဲမြို့ ပေါ်ရှိ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ စုပေါင်းရုံး စသည့် နေရာများကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA)၊ Southern YSO PDF ပူးပေါင်းတပ်များက နိုဝင်ဘာ ၁၁ ရက် နံနက် ၄ နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက “တိုက်ပွဲဖြစ်တဲ့ ၃ ရက်လောက်အထိကို သူတို့က လေယာဉ်တွေနဲ့ ဖိအားပေးတယ်။ ဂျက်ဖိုက်တာလာတယ်။ Mi35 နဲ့ တောက်လျှောက်ပစ်တယ်။ နောက်ဆုံး အဲဒီလို ဖိအားပေးနေတာ မရတော့တဲ့ အခြေ အနေ မျိုးမှာ ဘုတလင်မှာရှိနေတဲ့ စစ်ကြောင်းကို ရဟတ်ယာဉ်တွေနဲ့တင်ပြီးတော့ ပုလဲပတ်ပတ်လည်ကို ချတယ်။ ခန့်မှန်းအင်အား ၁၀၀ ကျော်လောက်ပေါ့။ သူတို့ မြို့ကို ပြန်ဝိုင်းလာကြတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုတွေမှာက ထိခိုက်မှုတွေရော၊ ကျည်လုံလောက်မှု မရှိတော့တာရော၊ အင်အားမမျှတော့တာရောကြောင့် ပြန်ဆုတ်ခဲ့ကြတာမျိုးပါ” ဟု ပြောသည်။
နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်ခဲ့သည့် ပုလဲမြို့တိုက်ပွဲသည် နိုဝင်ဘာ ၁၄ ရက်ထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ လက်နက်ကြီးပစ်ကူအပြင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်း ပြုလုပ်ခဲ့သလို နိုဝင်ဘာ ၁၄ ရက်၌ ပုလဲမြို့ပေါ်သို့ Mi17 ဖြင့် ၆ ခေါက် စစ်ကူပို့ခဲ့သဖြင့် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “မနေ့က လေယာဉ်နဲ့ ၆ ခေါက် တပ်ကူတွေ ချတယ်။ ခန့်မှန်းအင်အား ၁၀၀ ကျော် လောက်ပေါ့။ အဲဒီဟာနဲ့ သူတို့ မြို့ကို ပြန်ပြီးတော့စီးတယ်။ အဲဒီကနေ မြို့နဲ့နီးတဲ့ အလယ်ဘုံရွာကို မီးရှို့တယ်။ လေကြောင်း ကနေလည်း မြို့ပတ်လည်ကို ပတ်ပြီးတော့ Mi17 နဲ့ ပစ်တယ်” ဟု ပြောသည်။
ပုလဲမြို့တိုက်ပွဲ ၄ ရက်တာအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက ပုလဲမြို့ကို ၉၀ ရာခိုင်နှုန်းခန့်ထိ ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်များအား ရှင်းလင်းနေချိန် လေကြောင်းမှတဆင့် စစ်ကူအင်အား ၁၀၀ ခန့် ပို့ဆောင်ခဲ့ခြင်းကြောင့် တိုက်ခိုက်ရေးအဖွဲ့များနှင့်အတူ ဖြတ်တောက်ရေးအဖွဲ့များပါ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထွေအုပ်ရုံး စီးနင်းတိုက်ခိုက် ချိန်က အရှင်ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများကိုမူ ပြန်လည်ဆုတ်ခွာစဉ် ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ပုလဲမြို့ စုပေါင်းရုံးနှင့် ထွေအုပ်ရုံးတို့တွင် အခိုင်အမာတည်ဆောက်ထားသည့် အရေးကြီး ဘန်ကာ ၃ ခုရှိသည့်အနက် ဘန်ကာ ၂ ခုကို မဖြိုနိုင်ခြင်းကြောင့်လည်း ပြန်လည်ဆုတ်ခွာလာကြရခြင်းဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
ပုလဲမြို့တိုက်ပွဲမှ ပြန်လည်ဆုတ်ခွာရခြင်းအပေါ် စစ်ကိုင်းဖိုရမ် ဦးဆောင်ကော်မတီဝင် ဦးစိုးဝင်းဆွေက “နည်းပညာပိုင်း အားနည်းတဲ့ပုံစံမျိုး မြင်ရပါတယ်။ ဥပမာ ဝေဟင်ကနေ ဒရုန်းတို့၊ fixed wing ဒီလိုဟာတွေ များများစားစား၊ မြိုင်မြိုင် ဆိုင်ဆိုင် သုံးနေတာမျိုး မတွေ့ရဘူး။ ဘာကြောင့်လဲတော့မသိဘူး။ အကယ်၍ fixed wing တို့၊ ဒရုန်းတို့ စတဲ့ ဝေဟင် ကနေ ရန်သူကိုချေမှုန်းတဲ့ ၁၀၂၇ စစ်ဆင်ရေးမျိုးမှာတွေ့ရတဲ့ ဒရုန်းစစ်ဆင်ရေးမျိုးပေါ့။ ဒီလိုမျိုး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဝေဟင်ကနေ ကြဲချပြီးမှ မြေပြင်ကနေ ဝင်လုံးမယ်ဆိုရင် အောင်မြင်မှုက အခုထက်ပိုပြီးရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အိုင်ကွန်စက်အသုံးပြု၍ အပြန်အလှန် ဆက်သွယ်မှုများကို စစ်တပ်က ကြားဖြတ် နားထောင် ဖမ်းယူနိုင်ခြင်းတို့ကြောင့် လုံခြုံရေးကျိုးပေါက်မှုများရှိနေ၍ စစ်ရေးသတင်းများကို စကားဝှက်များဖြင့် ပြောဆိုနိုင်မည့် ကောင်းမွန်သော စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးစနစ်တခုကို ထူထောင်သင့်ကြောင့်လည်း ၎င်းက ထောက်ပြသည်။
၎င်းက “စစ်ပွဲဆိုတာ အကျိုးအမြတ်ကို တွက်ပြီးတော့မှ တိုက်ကြတာပဲလေ။ လက်နက်ခဲယမ်းအနေနဲ့ အမြတ်ထွက်နိုင် မလား၊ စစ်ဗျူဟာအရ အမြတ်ထွက်နိုင်မလား၊ နောက် ဂုဏ်သိက္ခာအရ တိုက်ပွဲဝင်တာလား တနည်းနည်းပေါ့။ ဘာကြောင့် မြို့သိမ်းတာလဲဆိုတာ စဉ်းစားပြီးမှ သိမ်းပြီး ထိန်းနိုင်မလားဆိုတာ ဆက်ပြီး စဉ်းစားရမယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်နည်းလမ်းနဲ့ ချေမှုန်းတိုက်ပွဲဝင်နေကြတဲ့ မည်သည့်တပ်ဖွဲ့ဝင်မဆို ကျနော်ကတော့ လေးစားပါတယ်။ သူတို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို အသိအမှတ်ပြုပါတယ်ဗျ” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုလဲမြို့ကို ဝင်ရောက်စီးနင်းနိုင်ပြီးနောက် မြို့နှင့်ကပ်လျက် အရှေ့တောင်ဘက် ပုလဲ-ယင်းမာပင် လမ်းပေါ်ရှိ အလယ်ဘုံကျေးရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသလို ပုလဲမြို့အနောက်မြောက် ဘက် ၆ မိုင်အကွာရှိ မင်းတိုင်ပင်နှင့် လက်ပုကန်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လက်ပုကန်ရွာနှင့် မင်းတိုင်ပင်ရွာများတွင် တော်လှန်ရေးရဲဘော်များ ဆေးကုသနေသည်ဟု သတင်းအမှားများ ဖြန့်ဝေရေးသားခဲ့ကြသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ နေထိုင် ရာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံတချို့ မီးလောင်ပျက်စီးမှုများရှိခဲ့ ကြောင်း ဒေသခံများက ဆိုသည်။
ယခုအခါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပုလဲမြို့မှာ မြို့ပျက်တခုကဲ့သို့ ဖြစ်သွားပြီဖြစ်သလို လက်ရှိတွင် စစ်တပ်က မြို့ကို ပြန်စီးပြီးနောက် အထိုင်ချတပ်စွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ မြို့ခံများမှာ တိမ်းရှောင်နေကြဆဲဖြစ်ကြောင်း သိရသည်။
ပုလဲမြို့သို့ ရောက်ရှိနေသည့် စစ်ကြောင်းက ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး ပုလဲမြို့ အပါအဝင် မြကုန်း၊ အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ချောင်းကန်၊ ကံကြီး၊ ညောင်ကန်၊ ညောင် ကုန်း၊ မကျီးခွ၊ ဇောင်ချမ်းကုန်း၊ ရိုးကျေးရွာများမှ ဒေသခံ ၁ သောင်းခန့်မှာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပုလဲမြို့ကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်ကလည်း တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့တွင်း အထိဝင်ရောက်ပြီး စစ်ကောင်စီထိန်းချုပ်နေရာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသေးသည်။
ပုလဲမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၉ အုပ်စု၊ ကျေးရွာပေါင်း ၁၈၉ ရွာရှိပြီး အရှေ့ဘက်တွင် ဆားလင်း ကြီးမြို့နယ်၊ မြောက်ဘက်တွင် ယင်းမာပင်၊ ကနီမြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်း မြိုင်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ပုလဲမြို့နယ်၏ ၈၀ ရာခိုင်နှုန်းခန့်ထိကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သလို ပုလဲမြို့ပေါ်နှင့် အင်မထီး၊ ဇီးကုန်း၊ ကမ်းထောင့် ပျူစောထီးရွာများတွင် စစ်တပ်၏ အမာခံစစ်စခန်းများရှိပြီး ယင်းနေရာများကိုသာ စစ်ကောင်စီက စိုးမိုးထားနိုင်တော့ကြောင်း သိရသည်။
You may also like these stories:
ပုလဲတိုက်ပွဲ ပိတ်မိနေသူများ ရှိသလို လူ ၁ သောင်းခန့် စစ်ရှောင်ရ
လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး
မြောင်တွင် ၂ ရက်ဆက် ဗုံးကြဲ၍ အရပ်သားများ ထိခိုက်သေဆုံး