စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ မန်ကျည်းဗုတ်၊ မြစ်သာကျေးရွာများကို နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တို့တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၃၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံများထံက သိရသည်။
မန်ကျည်းဗုတ်ကျေးရွာကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက လေကြောင်းဗုံးကြဲသဖြင့် အသက် ၃ နှစ်အရွယ် ကလေးတဦး အပါအဝင် တောင်ယာလုပ်နေကြသော ပြည်သူ ၁၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ယင်းတို့အနက် ဆေးကုသမှုခံယူနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတဦးမှာ နိုဝင်ဘာလ ၁၃ ရက်တွင် သေဆုံးခဲ့ခြင်းဟု သိရသည်။
“ မနေ့ကတော့ ဆေးရုံတင်ထားရတဲ့အမျိုးသမီးတယောက် သေတယ်၊ ဒီနေ့မှာ ဈာပနလုပ်တယ်၊ နောက်ထပ်အမျိုးသမီး ၂ ယောက်ကလည်း ဒဏ်ရာ ပြင်းထန်တဲ့အတွက်ကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ထပ်သိရတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ ကိုနွေဦးက ပြောသည်။
မန်ကျည်းဗုတ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်သေဆုံးမှုများအပြင် ကြက်၊ ဝက် မွေးမြူရေးခြံများ မီးလောင်ပျက်စီးခဲ့ခြင်းကြောင့် တိရစ္တာန်များလည်းသေဆုံးခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက မြောင်နယ်တောင်ခြမ်းရှိ မြစ်သာကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင်လည်း မြစ်သာကျေးရွာနှင့် ကပ်လျက်ရှိသော ဆူးလေကုန်းကျေးရွာမှ လူ ၂၀ ခန့် ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“မြစ်သာမှာက လူနာတွေကို ကယ်ထုတ်နေချိန်မှာ ပြေးကြလွှားကြတဲ့သူတွေကို လိုက်ပစ်တာ၊ ဘေးချင်းကပ်က ဆူးလေကုန်းရွာကိုပါ လှမ်းပစ်တာမှာ အိမ်တလုံး မီးလောင်ပြီး စစ်ရှောင် အမျိုးသားတယောက် ထပ်ထိတယ်၊ ဒီနေ့မနက် ထပ်သိရတာတွေပါဆိုရင် အယောက် ၂၀ လောက် ရှိတယ်”ဟု ကိုနွေဦးက ပြောသည်။
မြစ်သာကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သားထိခိုက်မှုအပြင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း တံတိုင်းနှင့် လူမှုကူညီရေးကားပါ ပျက်စီးခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်တပ်လော်ဘီများက ကျေးရွာအမည်များဖြင့် PDFများ စုဝေး ရောက်ရှိနေသောကြောင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရန် ရေးသား ဖြန့်ဝေပြီးနောက် ယင်းသို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင်လည်း လေကြောင်းမှ ထပ်မံတိုက်ခိုက်မည့် သတင်းများထွက်ပေါ်နေမှုနှင့်အတူ Mi 17 ရဟတ်ယာဉ်များ ဝဲပျံ နေသဖြင့် ဒေသခံများမှာ ကျေးရွာအတွင်းသို့ ပြန်မဝင်ရဲကြသေးဘဲ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြသည်ဟု သိရသည်။
မြောင်မြို့နယ်အတွင်းရှိ ဇရပ်ကုန်း၊ မြစ်သာ၊ မန်ကျည်းဗုတ်၊ နဘတ်၊ မြစ်ဆုံကျေးရွာများအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဇရပ်ကုန်း၊ မြစ်သာ၊ မန်ကျည်းဗုတ်ကျေးရွာ ဗုံးကြဲခံရမှုကြောင့် ကျန်ကျေးရွာများမှ ဒေသခံအချို့ တိမ်းရှောင်မှုများ ရှိလာကြောင်း သိရသည်။
You may also like these stories:
ပုလဲတိုက်ပွဲ ပိတ်မိနေသူများ ရှိသလို လူ ၁ သောင်းခန့် စစ်ရှောင်ရ
အင်းတော်တွင် ဖမ်းထားသူများကို စစ်တပ် အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်
မြောင်မြို့နယ်တွင် ၅ ရက်အတွင်း နေအိမ် ၄၀၀ ခန့် မီးရှို့ခံရ