မြန်မာ၏ လုပ်ရပ်များသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အုတ်မြစ်ဖြစ်သော အဓိကကျသည့် မူတခုကို ထိခိုက်စေကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။
“မြန်မာ၏လုပ်ရပ်များသည် (ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရာတွင်) မိမိတို့ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ဂရုတစိုက် တည်ဆောက်ထားသည့် အာဆီယံ ဗဟိုပြုမှုကို ထိခိုက်စေနိုင်သည့်အန္တရာယ် ရှိသည်” ဟု ဝန်ကြီး ဒေါက်တာ ငန်အန်ဟန်းက ပြောကြောင်း စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာအိုနိုင်ငံတွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) ၌ ပြောကြားရာတွင် အဖွဲ့၏ အမြင့်မားဆုံး ကာကွယ်ရေး တိုင်ပင်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားဖြစ်သည့် ADMM ကို “အယုံအကြည် ကင်းမဲ့သွားစေနိုင်ကြောင်း” ၎င်းကပြောသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က ဖြုတ်ချပြီး ဆန္ဒပြပွဲများဖြစ်စေကာ စစ်ကောင်စီက အာဏာချုပ်ကိုင်ရန် ရုန်းကန်နေရသည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံအခြေအနေ မတည်မငြိမ်ဖြစ်နေသည်။
အာဆီယံ ဗဟိုပြုမှုဆိုသည်မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် သံတမန်ရေးတွင် အာဆီယံသည် ဦးဆောင်အခန်းကဏ္ဍကို ထိန်းသိမ်းထားသင့်သည် ဆိုသည့်မူကို ရည်ညွှန်းသည်။ မြန်မာသည် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအနက် တနိုင်ငံဖြစ်သည်။
မြန်မာက ကန့်ကွက်သောကြောင့် ရပ်ဆိုင်းလိုက်ရသည့် ပြဿနာများကို တုံ့ပြန်သည့်အနေဖြင့် ဒေါက်တာ ငန်အန်ဟန်းက ထိုသို့ပြောခြင်းဖြစ်ကြောင်း MINDEF က ဖော်ပြသည်။ ထိုပြဿနာများကို စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ပြောကြားခြင်း မရှိပေ။
“မြန်မာ၏ အပြုအမူများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အာဆီယံ ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး ပြန်လည်သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များနှင့် မကိုက်ညီဘဲ ထိုပြန်လည်သုံးသပ်ချက်များ၊ ဆုံးဖြတ်ချက်များသည် မြန်မာအကျပ်အတည်းကြောင့် အာဆီယံ၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းကို မထိခိုက်စေရန် တောင်းဆိုထားသည်ဟု ဒေါက်တာ ငန်အန်ဟန်းက မှတ်ချက်ပြုကြောင်း” MINDEF က ဖော်ပြသည်။
ဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာအကျပ်အတည်း အဆုံးသတ်ရန် မျှော်လင့်ချက်ဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံက သဘောတူညီထားသည့် ငြိမ်းချမ်းရေးအစီအစဉ် ဖြစ်သော်လည်း စစ်ကောင်စီက အကြီးအကျယ် လျစ်လျူရှုထားသည်။
“စင်ကာပူ ကာကွယ်ရေးဝန်ကြီး ဒေါက်တာ ငန်အန်ဟန်းက မြန်မာအနေဖြင့် ၎င်း၏ နိုင်ငံရေးလက်စားချေခြင်းအတွက် အာဆီယံကို အသုံးမချရန်နှင့် ကိုယ်ကျိုးအတွက် ADMM ကို အကျပ်အတည်းဖြစ်အောင် မလုပ်ရန် တိုက်တွန်းခဲ့သည်” ဟု MINDEF က ဖော်ပြသည်။
အခြားနိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ အနေဖြင့်လည်း “အာဆီယံ ဗဟိုပြုမှုထိန်းသိမ်းရေး ADMM ၏ အကျိုးစီးပွားအတွက် အတူတကွ လုပ်ရာတွင် ညီညွတ်ကြရန်” ဒေါက်တာ နန်အန်းဟန်က တိုက်တွန်းသည်။ ADMM ကလည်း ထိုကိစ္စကို လာမည့်နှစ်တွင် ဆက်လက် ဆွေးနွေးရန် သဘောတူသည်။
စစ်အာဏာသိမ်းပြီးနောက် အရပ်သား ၅ ထောင်ကျော် သတ်ဖြတ်ခံရပြီး ၃ ဒသမ ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရကြောင်း ယခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။
ကိုးကား ။ ။ CNA သတင်း Myanmar’s behaviour risks undermining ASEAN centrality: Ng Eng Hen
You may also like these stories:
စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ
စစ်ကောင်စီကို ထောက်ပံ့နေသည့် စင်ကာပူအခြေစိုက် လုပ်ငန်း ၁၀၀ ခန့် ရှိ
တားမြစ်ကန့်သတ် လက်နက်များ စစ်ကောင်စီသုံးနေ
စင်ကာပူနှင့် အင်ဒိုနီးရှား မြန်မာသို့ တရားမဝင် လက်နက်တင်ပို့
စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား