မြန်မာတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသည် မူအရ ရပ်တည်သည့် တခုတည်းသော အရှေ့တောင်အာရှ နိုင်ငံဖြစ်ပြီး နေပြည်တော် စစ်ကောင်စီသို့ လက်နက်ရောင်းချခြင်း မပြုသင့်ပေ။
စင်ကာပူသည် မြန်မာသို့ စစ်လက်နက်ပစ္စည်းတင်ပို့သည့် အဓိက နိုင်ငံဖြစ်ပြီး ထိုရောင်းဝယ်မှုအားလုံးကို ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေအရ စီမံရမည်ဟု ယူဆရသည်။ သို့သော် မြန်မာသို့ မေးခွန်းထုတ်စရာ လက်နက် ရောင်းချမှုအတွက် နှစ်နိုင်ငံလုံးသည် မကြာသေးမီက ထုတ်ပြန်ချက်တခုတွင် မီးမောင်းထိုးပြခံရသည်။
အောက်တိုဘာလ ၂ ရက်နေ့က သတင်းထုတ်ပြန်ချက်တခုအရ ထင်ရှားသော အင်ဒိုနီးရှား လူ့အခွင့်အရေးရှေ့နေ မာဇူကီ ဒါရပ်စ်မန်း၊ ချင်း လူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်း ဇာအုပ်လင်နှင့် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Myanmar Accountability Project (MAP) တို့က အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားစာတစောင် ပေးပို့ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သော လုပ်ငန်း သုံးခုဖြစ်သည့် PT Pindad, PT PAL နှင့် PT Dirgantara Indonesia တို့သည် အင်ဒိုနီးရှားနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ မြန်မာစစ်တပ်သို့ လက်နက်များ ရောင်းချခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်အရ သေနတ်များ၊ တိုက်ခိုက်ရေး ရိုင်ဖယ်များ၊ ခဲယမ်းများ၊ တိုက်ခိုက်ရေးယာဉ်များနှင့် အခြား စစ်လက်နက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်သို့ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင်ပင် ရောင်းချခဲ့သည့် အလားအလာရှိနေသည်ဟု ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်သော လုပ်ငန်း သုံးခုဖြစ်သည့် PT Pindad, PT PAL နှင့် PT Dirgantara Indonesia တို့သည် အင်ဒိုနီးရှားနှင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ မြန်မာစစ်တပ်သို့ လက်နက်များ ရောင်းချခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့ တိုင်ကြားစာအရ အင်ဒိုနီးရှားမှ လက်နက်ရောင်းချမှုကို စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၏ သား ထူးထူးရှိန်ဦး ပိုင်ဆိုင်သည့် True North Company Limited အပါအဝင် လက်နက်ပွဲစား မြန်မာအခြေစိုက် ကုမ္ပဏီများမှတဆင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဦးဝင်းရှိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေရာတွင် သူ၏ အခန်းကဏ္ဍအတွက် အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ထားခံရသူ ဖြစ်သည်။
ထိုတိုင်ကြားစာများတွင် အထက်ပါ သတင်းများကို စုံစမ်းစစ်ဆေးရန် အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားပြီး မှန်ကန်ကြောင်း သိရပါက ထိုသို့ ရောင်းချမှုများကို တားဆီးရေးအတွက် လုပ်ဆောင်ရန် တောင်းဆိုသည်။ မြန်မာသို့ လက်နက်စီးဆင်းမှု တားဆီးရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးကို တောင်းဆိုသည့် အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားက ထောက်ခံမဲပေးခဲ့ပြီး ထိုသို့ရောင်းချမှုများ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပါက နိုင်ငံတကာ ကတိကဝတ်ကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
MAP ဒါရိုက်တာ ခရစ္စ ဂန်းနက်စ်က “မိမိတို့၏ စုံစမ်းစစ်ဆေးမှုအရ တုန်လှုပ်စရာကောင်းသည့် စံနှုန်း နှစ်မျိုး ကျင့်သုံးမှု ဖြစ်သည့် အထောက်အထားများ တွေ့ရသည်” ဟု ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကို အင်ဒိုနီးရှားတွင် တရားစီရင်နိုင်သည်ဟု အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အကြွင်းမဲ့ တရားစီရင်ခွင့်ကို မကြာသေးမီက ခွင့်ပြုထားသောကြောင့် ထိုတိုင်ကြားစာသည် ဥပဒေအရ ရိုက်ခတ်မှုများလည်း ရှိနိုင်သည်။
“ဒီတိုင်ကြားစာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးရဲ့ တောင်းဆိုမှုတွေကို ကျနော်တို့ အဖြေပေးတာ ဖြစ်တယ်” ဟု ဂန်းနက်စ်က ပြောသည်။
စင်ကာပူနိုင်ငံအမှုသည် တရားရုံးသို့ ရောက်ပြီးဖြစ်သည်။ စင်ကာပူမှ လက်နက်ရောင်းချသည့် လုပ်ငန်းတခုသည် နောက်ဆုံးအသုံးပြုသူ၏ လက်မှတ်အတု ထုတ်ပေးပြီး တရားဝင် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ကျော်လွှားရန် ကြိုးစားသည်။
မြန်မာရေတပ် ပင်မတိုင်းတာရေးတပ်သို့ နောက်ဆုံးတွင် ရောက်သွားသည့် ဆိုနာစနစ်တခု ရောင်းချသော စင်ကာပူ နိုင်ငံသား နှစ်ဦးက ၎င်းတို့သည် လက်နက်အပါအဝင် သေနင်္ဂဗျူဟာပစ္စည်းများ ရောင်းချမှု ပိတ်ပင်သည့် တားမြစ်ချက်ကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံသည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် Straits Times က ဖော်ပြသည်။
စင်ကာပူနိုင်ငံအမှုသည် တရားရုံးသို့ ရောက်ပြီးဖြစ်သည်။ စင်ကာပူမှ လက်နက်ရောင်းချသည့် လုပ်ငန်းတခုသည် နောက်ဆုံးအသုံးပြုသူ၏ လက်မှတ်အတု ထုတ်ပေးပြီး တရားဝင် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို ကျော်လွှားရန် ကြိုးစားသည်။
Hydronav Services မှ အရောင်းမန်နေဂျာ ပွိုက်တာ အဂတ်စ် ကန်ဂျာနာနှင့် ထိုလုပ်ငန်းမှ ဒါရိုက်တာတဦးဖြစ်သူ ဝီအောင်းချောင်တို့သည် စင်ကာပူ၏ သေနင်္ဂဗျူဟာပစ္စည်း ထိန်းချုပ်မှု ဥပဒေအရ စွဲချက်များကို အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
ထိုကိရိယာကို နော်ဝေလုပ်ငန်းတခုဖြစ်သော Kongsberg Maritime မှ ဝယ်ယူပြီး ပွိုက်တာနှင့် အောင်းတို့က အင်ဒိုနီးရှားကုမ္ပဏီ Bina Nusantara သို့ ပြန်လည်တင်ပို့ရန် ရည်ရွယ်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် ၎င်းတို့ကို ဥပဒေအရ အပြစ်ပေးခြင်းသည် လျှော့ပေါ့ထားကြောင်း သိလာရသည်။ Straits Times ၏ အဆိုအရ ပွိုက်တာနှင့် အောင်းတို့ကို စုစုပေါင်း စင်ကာပူဒေါ်လာ ၈ သောင်း (အမေရိကန်ဒေါ်လာ ၅၈,၃၀၀ ခန့်) ဒဏ်ငွေဆောင်စေကြောင်း သိရသည်။ သေချာသည်မှာ ၎င်းတို့သည်ထိုဒဏ်ငွေကို အလွယ်တကူ ပေးဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုရောင်းချမှုတွင် ၎င်းတို့သည် စင်ကာပူဒေါ်လာ ၂ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းခန့်) အမြတ်ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာစစ်ကောင်စီသို့ လက်နက်တင်ပို့ခြင်းသည် အဓိက ပြဿနာ ဖြစ်လာပြီး တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့သော နိုင်ငံများက မြန်မာစစ်ကောင်စီသို့ လက်နက်ရောင်းချသောအခါ နိုင်ငံတကာအဖွဲ့အစည်းများက မည်သည့်အရေးယူမှုမှ မလုပ်နိုင်သည့် ကိစ္စဖြစ်နေသည်။ ပို့ကုန်လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုဖြင့် စင်ကာပူတရားရုံးမှ အပြစ်ပေးမှုသည် သက်ညှာသည့် သတိပေး အရေးယူမှုသာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် အနာဂတ်တွင် လက်နက်ပစ္စည်း ရရှိရေးအတွက် စိတ်ပူစရာ မလိုပေ။
ပို့ကုန်လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုဖြင့် စင်ကာပူတရားရုံးမှ အပြစ်ပေးမှုသည် သက်ညှာသည့် သတိပေး အရေးယူမှုသာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် အနာဂတ်တွင် လက်နက်ပစ္စည်း ရရှိရေးအတွက် စိတ်ပူစရာ မလိုပေ။
လွတ်လပ်စွာပြောဆိုခွင့်နှင့် တာဝန်ခံမှုရှိသော နိုင်ငံတခုဖြစ်သည့် အင်ဒိုနီးရှားသည် စင်ကာပူနှင့် ကွဲပြားခြားနားနိုင်သည်။ နိုင်ငံပိုင်လုပ်ငန်းများသည် တရားဝင်မူဝါဒများကို ချိုးဖောက်ကြောင်း တွေ့ရပါက ပိုမိုပြင်းထန်သော အရေးယူမှု လုပ်ဆောင်နိုင်သည်။ အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ ဆုံးဖြတ်ရမည့်အချိန် ဖြစ်ပြီး ရှေ့ဆက်အရေးယူရန်မှာ ၎င်းတို့၏ တာဝန်သာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Singapore and Indonesia in Spotlight Over Illegal Arms Exports to Myanmar ကို ဘာသာပြန်သည်။ )
You may also like these stories:
မြန်မာ သေမင်းတမန် စစ်လက်နက်စက်ရုံများကို ပစ်မှတ်ထားခြင်း
မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို
မြန်မာ့စစ်တပ်အတွက် စစ်လက်နက် တင်သွင်းပေးနေတဲ့ ခရိုနီကြီးများ