မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်ဒေသများ၌ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်း ၁၅၀ခန့် ပျက်စီး သွားရာ သာသနာရေးဝန်ကြီးဌာနက ရမည်းသင်းခရိုင်တခုထဲသာ မူလအရွယ်အစားအတိုင်း ပြန်ဆောက်ခွင့်ပြုထားပြီး ကျန်ဒေသများတွင်မူ ပြုပြင်တည်ဆောက်ခွင့် လက်ရှိအချိန်တိုင် မရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ရက် စစ်ကိုင်းငလျင်အတွင်း ဗုဒ္ဓဘာသာဝင်တို့၏ စေတီပုထိုး ၅၀၀၀ ကျော်၊ ဘုန်းကြီးကျောင်း ၃၄၀၀ ကျော်၊ အစ္စလာမ်ဘာသာ၏ ဗလီ ၁၃၆ ကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၅၀၊ ဟိန္ဒူဘုရားကျောင်း ၂၆ ၊ တရုတ်ဘုံ ကျောင်း ၁ ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က နေပြည်တော်တွင် ပြီးခဲ့သည့်လအတွင်း ပြုလုပ်သော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအစည်းဝေး၌ ပြောထားသည်။
မန္တလေးတမြို့တည်းမှာပင် ရှေးမြန်မာ ဘုရင်တို့ လက်ထက်ကတည်းက ရှိခဲ့သည့် အမြောက်တန်း၊ ရွှေဘုန်းရှိန်၊ ပန်းသေး အပါအဝင် ဗလီ ၆၄ လုံး၊ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့တွင် ဧကရာဇ်ဗလီအပါအဝင် ၁၂ လုံး၊ ပျည်းမနားမြို့တွင် ရှေးဟောင်း ဦးကြေးဗလီ တလုံး၊ စစ်ကိုင်းမြို့တွင် ရှေးဟောင်း မြို့မဗလီအပါအဝင် ၄ လုံးပျက်စီးခဲ့ရသည်။
ထို့အတွက် မန္တလေးမြို့ရှိ ငလျင်သင့် ဗလီများကို ဖြိုချခွင့်နှင့် ပြန်လည် ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းတို့နှင့် ပတ်သက်၍ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ တင်ပြထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုမိန့်မရသေးသဖြင့် ငလျင်သင့် ဗလီ ၂၅ လုံးခန့် ဖြိုဖျက်ရန် ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်း အစ္စလာမ် သာသနာရေးရာကောင်စီမှ သိရသည်။
မန္တလေးတိုင်းမှ ဗလီတာဝန်ရှိသူတဦးက “မန္တလေးအနေနဲ့ နှစ်ရာချီတဲ့ ဗလီတွေက အလုံး ၂၀ ကျော် လောက်ပါတယ်။ အသစ်ဆောက်ခွင့်ရော တချို့ ကြီးမားတဲ့အဟောင်း အကြီးစားပြင်ဆင်ခွင့်ရရေးအတွက် သက်ဆိုင်ရာ မြို့နယ် ခရိုင် တိုင်း ဆင့်ကဲဆင့်ကဲ တင်ထားပြီးသားဖြစ်တယ်။ ရှင်းလင်းမှုတွေက ၇၀ ရာခိုင်နှုန်းလောက် အလောင်းဖော်တာ၊ လမ်းပိတ် ဆို့တာတွေ ရေမြောင်းဖော်တာတွေတော့ ပြီးသွားပြီ၊ ဒါပေမယ့် အဆောက်အဦတွေက ဖြိုဖျက်ရမယ့် အနေအထားတွေ ရှိတယ်။ ဖြိုဖျက်ဖို့အတွက်တောင် တချို့ ပါမစ်မရတဲ့ အနေအထားတွေ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အတွက် အသစ်ဆောက်လုပ်ခွင့်နှင့် ပြန်လည်ပြုပြင်ခွင့် နှစ်ပိုင်းခွဲကာ ပြည်ထောင်စု အဆင့် တင်ပြသွားမည်ဖြစ်သလို ဗလီများကို ခေတ်ကာလအရ တိုးချဲ့တည်ဆောက်ရန်လည်း သက်ဆိုင်ရာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ စာတင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ အစိုးရ၏ မူအရ အစ္စလာမ်ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေဘာသာရေး အဆောက်အဦများဆောက်လုပ်ရာတွင် ရှေးမူ မပျက် မူလပုံစံအတိုင်းသာဆောက်ရန် ညွှန်ကြားလေ့ရှိကြောင်း၊ ခေတ်ကာလအရ၊ လူဦးရေ တိုးတက်လာမှုအရ ပြောင်း လဲတည်ဆောက်ရန်လိုပါက စာတင်ရကြောင်း မန္တလေးတိုင်းအတွင်းရှိ ဗလီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ဥပမာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ က ဆောက်ထားတဲ့ ဗလီက ပေ ၄၀ နဲ့ ဆောက်ထားရင် ပေ ၄၀ ပဲ ဆောက်၊ လူဦးရေ များလို့ ပေ ၅၀ ဆောက်ချင်ပါတယ်ဆို လက်မခံဘူး။ အဲဒါမျိုးကို ရှေးမူမပျက် မူလပုံစံအတိုင်း တထပ်ရှိရင် တထပ်ပဲ ဆောက်ရမယ်။ နှစ်ထပ်မဆောက်နဲ့ ဒါအရင်တုန်းထဲက အစိုးရနဲ့ ပတ်သက်လို့ သုံးလာတဲ့မူတွေ ဖြစ်တယ်။ ဗလီတွေက ခေတ်ကာလအရ နေရာသစ်မှာ ဆောက်လုပ်ခွင့် မရှိဘူး။ မြေနေရာပေးတာ မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ စစ်ကိုင်းငလျင်ကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅၀ ကျော် ပျက်စီးခဲ့ပြီး လက်ရှိတွင် ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများမှာ အမှန်တကယ်ရှိကြောင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝတ္တကမြေ (သာသနာ ပိုင်မြေ) ဖြစ်ကြောင်း အထောက်အထား စသည်တို့ဖြင့် မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် တင်ပြပြီး ပြန်လည် ပြင်ဆင်ခွင့်ရသော် လည်း နှစ်ပေါင်း ၁၀၀ နှင့် အထက်ရှိသော ခရစ်ယာန် ဘုရားကျောင်းများကို ရှေးဟောင်းကျောင်းများဟု သတ်မှတ်ထားပြီး ပြင်ဆင်ခွင့်မပေးကြောင်း မန္တလေးတိုင်းမှ ကက်သလစ်ခရစ်ယာန်ဘာသာဝင် ဆရာတော်တပါးက ဧရာဝတီသို့ ပြောသည်။
“အုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာရဖို့က အခက်အခဲတွေ ရှိတယ်။ ထုံးစံအတိုင်း ကျပ်သိန်းနဲ့ချီ ပေးရတယ်။ ဝတ္တကမြေ အထောက်အထား မြေဂရမ်၊ စာချုပ်ရှိမှသာ ပြင်ဆင်ရ မှာဖြစ်တယ်။ ကျနော်တို့ မြန်မာပြည်မှာ ခရစ်ယာန် ဘုရား ကျောင်း တွေက ဝတ္တကမြေ လျှောက်ထားရင် မရတာများတယ်။ ခက်ခဲတယ်။ ကျနော်ကိုယ်တိုင်လည်း လျှောက်ဖူးတယ်။ မရခဲ့ပါ ဘူး။ အဲဒီခေတ်အဆက်ဆက် မြန်မာပြည်ထုံးစံအတိုင်း နားလည်မှုနဲ့ပဲ လုပ်ကြတာဆိုတော့ အခု လိုလာတော့ အခက်အခဲ တွေ ဖြစ်လာတယ်”ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ သူကပြောသည်။
ထို့ကြောင့် အဖွဲ့ချုပ်၊ အသင်းချုပ်များထံသို့ အဆင့်ဆင့် စာတင်ကာ ထောက်ခံချက်များ တောင်းခံနေပြီး ပြင်ဆင်ရာတွင် လည်း ကန့်သတ်ချက်များရှိကာ ရှေးဟောင်းအဆောက်အဦများအား ပြန်လည် ပြင်ဆင်ခွင့်မပေးသလို စစ်ကောင်စီ ကိုယ်တိုင်ပြန်လည် ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများ မရှိကြောင်း သိရသည်။
ခရစ်ယာန်ဘုရားကျောင်းများကို ပြင်ဆင်သည့်အခါတွင် မူလပုံစံရှိသည့် အရွယ်အစား၊ ပုံစံအတိုင်းသာ ပြင်ဆင်ရမည် ဖြစ်ပြီး အသစ်ပြန်လည်ချဲ့ထွင် တည်ဆောက်ခြင်း၊ ပုံစံပြောင်းခြင်း ပြုလုပ်ခွင့်မရှိကြောင်း၊ အထောက်အထား စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်မှသာ ပြင်ဆင်ခွင့်ပေးကြောင်း အထက်ပါ သာသနာပိုင် ဆရာတော်က ပြောသည်။
အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့ရှိ စိန့်ဂျိုးဇက်ဘုရားကျောင်း (ဖာသာလဖုန်းဘုရားကျောင်း)၊ စိန့်မိုက်ကယ် ဘုရားကျောင်း၊ ချမ်းသာကုန်း ဘုရားကျောင်း၊ ရှင်မာရိဘုရားကျောင်း၊ ရမည်းသင်းမြို့နယ်ရှိ ဆုတောင်းပြည့် လုဒ်မယ်တော် ဘုရားကျောင်း၊ ဇော်ဂျီဘုရားကျောင်း၊ မိတ္ထီလာမြို့နယ်ရှိ ဘုရားကျောင်းတို့အပြင် မိုးကုတ်မြို့၊ ရှမ်းပြည်နယ်တောင်ကြီး၊ ကလောနှင့် ဖယ်ခုံမြို့တို့ရှိ ဘုရားကျောင်းများ၊ ကရင်နီ (ကယား) ပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်နှင့် ပဲခူးတိုင်း၊ နေပြည်တော် အစရှိသည့် ဒေသများရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
မြေပြင်တွင် ယခုကဲ့သို့ အခက်အခဲ ကြန့်ကြာမှုများ ရှိနေသော်လည်း ဧပြီလ ၁၁ ရက်ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာတို့၏ ကိုးကွယ်ရာဘာသာရေးဆိုင်ရာ အဆောက်အအုံများအား သက်ဆိုင်ရာမှတာဝန်ရှိသူများက စစ်ဆေး၍ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကောက်ယူရရှိသည့် လူဦးရေ ၅၀၂၇၉၉၀၀ ဦးတို့ကို အခြေခံတွက်ချက်ထားသည့် ရာခိုင်နှုန်းအရ ဗုဒ္ဓဘာသာ ၈၉ ဒသမ ၈ ရာ ခိုင်နှုန်း၊ ခရစ်ယန် ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလမ် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူ ၀ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အခြားဘာသာ ကိုးကွယ်သူ ၀ ဒသမ ၂ ရာ ခိုင်နှုန်း၊ မည်သည့်ဘာသာမှ မကိုးကွယ်သူ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။
You may also like these stories:
ငလျင်ကြောင့် ဗလီ ၅၀ ခန့် ပျက်စီး
မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား
ငလျင်ကယ်ဆယ်ရေး ကန့်သတ်ပိတ်ဆို့များ ဖယ်ရှားရန် ပရဟိတအဖွဲ့များ တောင်းဆို














