ကရင်တွင်သာမက ကရင်နီပြည်၌ပါ တိုက်ပွဲများ ပြင်းထန်နေရာ လွိုင်ကော်- မော်ချီးကားလမ်းပေါ်မှ ဘောလခဲဗျူဟာ၏ ကာကင်းများနှင့် လွိုင်ကော်မှ တက်လာသည့် စစ်ကြောင်းကို သပြေကုန်းအနီး ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသလို လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ထိုင်းသတင်းများတွင် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ ဘောလခဲမြို့ဗျူဟာကုန်း ကာကင်းများကို ဒရုန်းများ၊ RPG များဖြင့် ၂ နာရီ ကျော်ကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ ဦးကျဆုံး၍ ကရင်နီပူးပေါင်းတပ်က လက်နက်ကြီးများ အပါအင် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဘောလခဲဗျူဟာအနီး ရေနီပေါက်ချောင်း ပတ်ဝန်းကျင်ရှိ ကာကင်းစခန်းနှစ်ခုထက်မနည်း ၎င်းတို့သိမ်းပိုက်ထားပြီး ဗျူဟာခြံစည်းရိုးအနီးအထိ ပိတ်ဆို့ထားပြီဖြစ်ကြောင်း ဧရာဝတီ သို့ ပြောသည်။
“ရေနီပေါက်နဲ့ ဗျူဟာကုန်းက ခြံစည်းရိုးကပ်နေတယ် အခုက ကာကင်းနှစ်ခုလောက် ရသွားပြီ၊ ဗျူဟာက ခြံစည်းရိုးထဲမှာ၊ ဗျူဟာကုန်းတပ်ဧရိယာက ဘောလခဲမြို့ထက် ကျယ်တယ်။ ဘောလခဲက စခန်းတွေကို ကျနော်တို့ မထားချင်တော့ဘူး၊ ပြတ်အောင် လုပ်ချင်တယ်၊ အခြေအနေကြည့်ပြီး ဖြည်းဖြည်း လုပ်သွားမှာပါ” ဟု သူကပြောသည်။

ရေနီပေါက် တိုက်ပွဲ၌ စစ်တပ်မှ ၂၀ခန့်သေဆုံး၍ ကရင်နီပူးပေါင်းတပ်မှ KA ၂ ဦး၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်-ဒီးမော့ဆိုမှ ဒုတပ်ရင်းမှူးတဦးနှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း ၆ မှ တဦးတို့ အပါအဝင် ၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီက တိုက်လေယာဉ်များ သုံးကာ ခုခံခဲ့ကြောင်း သိရသည်။
ဘောလခဲမြို့တောင်ဘက်၌ တပ်ရင်းများရှိပြီး ယခုတိုက်ခိုက်သည့် စခန်းများမှာ ပွန်ချောင်းသို့ ရေနီများစီးဝင်သော ရေထွက်ချောင်းဝန်းကျင်မှဖြစ်ကြောင်း၊ ထိုတပ်ရင်းများသည် ယခင်က ကရင်နီတပ်ပေါင်းစုများ သိမ်းပိုက်ခဲ့သည့် စခန်းများ က ဆုတ်ခွာလာသည့် တပ်ရင်းများဖြစ်ပြီး စစ်တပ်က အင်အားထပ်မံဖြည့်တင်းနေသော်လည်း တပ်ရင်းဖွဲ့စည်းပုံအပြည့် မရှိနိုင်တော့ကြောင်း ကရင်နီစစ်ရေးသတင်းအမြစ်အချို့က သုံးသပ်သည်။
ထို့အတူ ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မှ လွိုင်လင်လေးရွာဘက်သို့ ထိုးလာသည့် စစ်ကြောင်းအား ကရင်နီ ပူးပေါင်း တပ်များက သပြေကုန်းရွာအနီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုအရေအတွက် ကို အတိအကျ မသိရသော်လည်း လက်နက် ၁၀ လက်ခန့် သိမ်းဆည်းရခဲ့ကြောင်း ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောသည်။
လက်ရှိ ဘောလခဲမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀ တို့ အခြေစိုက်ထားပြီး ဘောလခဲ-ရွာသစ်မြို့နယ်ခွဲလမ်းပိုင်း ပွန်းချောင်းအရှေ့ဘက်ကမ်းရှိ မိုင်းထမ်းရွာတွင် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂) မှ ခလရ ၁၂ တပ်ဖွဲ့ဝင်အချို့ တပ်စွဲထားကြောင်း သိရသည်။

ကရင်နီဒေသ စစ်မျက်နှာအနေဖြင့် ရှမ်းပြည်တောင်ပိုင်းနှင့် ထိစပ်နေသည့် မိုးဗြဲမြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွား နေပြီး ကရင်နီပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မိုးဗြဲမြို့အား ပြန်လည်ရရှိရေး စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO/PNA) တို့ပူးပေါင်းကာ ပြန်လည်ထိုးစစ်ဆင်လျက်ရှိနေသည်။
ကရင်နီဒေသတွင်းတပ်များစုပေါင်းကာ ကရင်နီပြည်တပ်ပေါင်းစု စစ်ဦးစီးအဖွဲ့(JCF) အား ဖွဲ့စည်းထားပြီး မိုးဗြဲသို့ ထိုးစစ်ဆင်မှုအား ခုခံရန်နှင့် ဘောလခဲနှင့် ဖားဆောင်းရှိ တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကို ယခုနှစ် မတ်လ ၄ ရက်တွင် စတင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၆၀ ကျော်သေဆုံးကာ အချို့အား အရှင်ဖမ်းမိခဲ့ကြောင်းနှင့် လက်နက်မျိုးစုံ ၄၀ ကျော်သိမ်းဆည်းရရှိခဲ့ကြောင်း ဧပြီ ၂ ရက်တွင် JCF က ထုတ်ပြန်ကြေညာခဲ့သည်။
You may also like these stories:
မိုးဗြဲ-လွိုင်ကော်လမ်း ထိန်းချုပ်ရန် စစ်တပ် အလုံးအရင်းဖြင့် စစ်ဆင်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ
ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား














