ပလောင် (တအာင်း)အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)က တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ဖွဲ့ရန် လုပ်နေစဉ်မှာပင် စစ်ကောင်စီက တောင်းခမ်းဒေသမှ စခန်းများကိုတိုက်ခိုက်၍ နောင်ချိုသို့ သိမ်းရန်တက်လာရာ ၇ မိုင်ခန့် အကွာ ကံကြီးရွာအရောက်TNLA ပူးပေါင်းတပ်နှင့် အပြင်းအထန်တိုက်ပွဲဖြစ်နေသည်။
စစ်တပ်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းဖြင့် နောင်ချိုသို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဇွန် ၄ ရက်နှင့် ၆ ရက်က ဆိုလျှင် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည်များ နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်နှင့် ဘူတာရပ်ကွက်တို့၌ ကျ၍ အရပ်သား ၅ ဦးခန့် ဒဏ်ရာရ၍ နေအိမ်နှင့် ဘုန်းကြီးကျောင်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “မနေ့ကအထိတော့ ကံကြီးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ အခြားအခြေအနေတွေကိုတော့ အတည်ပြု နိုင်ခြင်းမရှိသေးပါဘူး။ လတ်တလောမှာ စစ်ကောင်စီဘက်က ထိုးစစ်တွေ ပိုလုပ်လာတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ခဲယမ်းတွေလည်း ဖြည့်တင်းလာတဲ့ အနေအထားမျိုးဖြစ်တယ်” ဟု ဆိုသည်။
စစ်ကောင်စီက သတင်းမထုတ်ပြန်သေးသော်လည်း ၎င်း၏ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ နောင်ချိုမြို့နယ်၊ ကံကြီးရွာရှိ အကြမ်းဖက် TNLA စခန်းများအား သိမ်းပိုက်ပြီး ကံကြီးကို တပ်မတော်မှ ထိန်းချုပ်ဟုဆိုကာ ဓာတ်ပုံများနှင့်တကွ ဖော်ပြနေသည်။

မြို့အနီး တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာမှုများကြောင့် နောင်ချိုမြို့ခံများအနေဖြင့် လုံခြုံရေး ပြန်လည်စိုးရိမ်ရသည့် အခြေ အနေဖြစ်လာပြီး မြို့ပေါ်နှင့် အနီးအနားကျေးရွာ ၈ ရွာခန့်မှ ဒေသခံများ ကျောက်မဲမြို့နယ်ဘက်နှင့် နီးစပ်ဒေသများထံသို့ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။
လွေးယေဦးက “နောင်ချိုမြို့ကို ထိန်းချုပ်ထားဆဲဖြစ်သော်လည်း လူထုအနေနဲ့ လုံခြုံရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လက်ရှိက လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်တယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်တာ၊ ဗုံးကြဲတာမျိုးတွေ မကြာခဏတွေ့နေရတယ်။ လူထုအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာ၊ ဘေးကင်းတဲ့နေရာတွေကို ရွှေ့ပြောင်းခြင်းသည် ယခု အချိန်မှာတော့ ကျမတို့လည်းထောက်ခံပါတယ်” ဟု ပြောသည်။
စစ်တပ်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသရှိ မြို့များအား လက်လွှတ်ခဲ့ရပြီး တရုတ်အကူအညီဖြင့် လားရှိုးမြို့ပေါ်တွင် ပြန်လည်အခြေချခွင့်ရပြီးနောက် TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်၌ အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
နောင်ချိုမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်တပ်အနေဖြင့် တောင်းခမ်း-နောင်ချိုလမ်းပိုင်းသာမက ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းရှိ နှစ်ဖက်အထိုင်ချ စစ်ဆိုင်ထားသည့် အုမ္မတီးလမ်းခွဲ၌လည်း မေ ၂၁၊ ၂၂ ရက်များတွင် ဒရုန်း၊ တိုက်လေယာဉ်များသုံးကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအချို့ဒဏ်ရာရခဲ့ကြောင်း TNLA က ဆိုထားသည်။
ပြီးခဲ့သည့် တပတ်ခန့်မှစတင်ကာ ဘန့်ဘွေရွာနှင့် အုမ္မတီးရွာအနီးရှိ ဂန့်ဂေါ်ရွာပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

၂၀၂၅ ဧပြီလကုန်ပိုင်း၌ တရုတ်၏ကြားဝင်မှုဖြင့် ကူမင်းမြို့တွင် ပြုလုပ်သောဆွေးနွေးပွဲ၌ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များ ဆုတ်ခွာသွားရန် စစ်တပ်က တောင်းဆိုခဲ့သည့်အတွက် ဆွေးနွေးပွဲမအောင် မြင်ဘဲ ပြီးဆုံးခဲ့ရပြီး လာမည့် ဩဂုတ်လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးရန် စီစဉ်ထားသည်။
လက်ရှိ စစ်ရေးအရဖိအားပေးမှုနှင့် တရုတ်အစိုးရ၏ ကုန်စည်များပိတ်ဆို့ ဖိအားပေးမှုများ ရင်ဆိုင်နေရသော်လည်း သိမ်း ပိုက်ထားသည့် နယ်မြေများအား ပြန်လည်လက်လွှတ်မည်မဟုတ်ကြောင်း ဇွန် ၅ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် TNLA ဘက်က ထုတ်ပြောထားသည်။
လတ်တလောတွင် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် စစ်တပ်ရော TNLA ပါ တလအပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း စစ်တပ်သည် နောင်ချိုမြို့နယ်၌ မြေပြင်ထိုးစစ်အပြင် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့်မေလအတွင်း TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၇၇၆ ကြိမ်၊ ဒရုန်းဖြင့် ဗုံး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၁၄ လုံး အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၈ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့သည့်အပြင် နေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
You may also like these stories:
ငလျင် ကယ်ဆယ်ရေးများ လုပ်နေချိန် ပေါက်နှင့် နောင်ချိုကို စစ်တပ် ဗုံးကြဲ
တောင်ခမ်းတိုက်ပွဲက နောင်ချိုကို ခြိမ်းခြောက်နိုင်လား
တရုတ်ဖိအားကြောင့် TNLA မြို့တွေ ပြန်ပေးရနိုင်လား (ရုပ်/သံ)