ဆိုက်ဘာရာဇဝတ်မှု(ကျားဖြန့်)ကျူးလွန်သူများအနေဖြင့် မည်သည့်နေရာတွင်လှုပ်ရှားနေသည်ဖြစ်စေ လိုက်လံဖမ်းဆီးရေး နည်းလမ်းပေါင်းစုံ ဆက်လက်အသုံးပြုမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးထောက်လှမ်းမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ဂျွန် ကေ ဟာလီက နိုဝင်ဘာ ၁၂ ရက်က ပြောသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှာ အမေရိကန်များထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူနေကြပြီး လူမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ကာ ရက်စက်ကြမ်းကြုတ်သည့် မြန်မာပြည်တွင်းစစ်ကို အားဖြည့်ပေးနေကြောင်းလည်း ၎င်းက ပြောသည်။
၎င်းက “ဒီကွန်ရက်တွေ( အွန်လိုင်းငွေလိမ်ဂိုဏ်း)ကပဲ လူမှောင်ခိုလုပ်ငန်းတွေလုပ်ကိုင်ပြီး မြန်မာနိုင်ငံရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကို အားဖြည့်ပေးနေပါတယ်။ အမေရိကန် အစိုးရက ဒီဆိုက်ဘာ ရာဇဝတ်ကောင်တွေကို သူတို့ဘယ်နေရာမှာပဲ လည်ပတ်လှုပ်ရှားပါစေ၊ လိုက်လံဖမ်းဆီးဖို့နဲ့ အမေရိကန် မိသားစုတွေကို သူတို့ရဲ့ အမြတ်ထုတ်မှုကနေ ကာကွယ်ဖို့အတွက် ကျနော်တို့မှာရှိတဲ့ နည်းလမ်းပေါင်းစုံကို ဆက်လက်အသုံးပြုသွားမှာပါ”ဟု ပြောသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့၌ အဓိကထားကာ အရှေ့တောင်အာရှရှိ လိမ်လည်မှုစင်တာများကို နှိမ်နင်းရန် ဖက်ဒရယ်စုံစမ်းစစ် ဆေးရေးဗျူရို(FBI)နှင့် အမေရိကန်လျှို့ဝှက်အေဂျင်စီ(USSS)တို့ပါဝင်သည့် အထူးတပ်ဖွဲ့(Scam Center Strike Force) ကိုလည်း ဖွဲ့စည်းခဲ့ပြီး လိမ်လည်မှုစင်တာများ၏ ခေါင်းဆောင်များအား စုံစမ်းစစ်ဆေးခြင်း၊ ဖြိုခွင်းခြင်းနှင့် တရားစွဲဆိုခြင်းများ အဓိကလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းသည်နှင့်တပြိုင်နက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး( OFAC)ကလည်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ခေါင်းဆောင်များဖြစ်သည့် စောစတီး၊ စိုင်းကျော်လှ၊ စောစိန်ဝင်းနှင့် စောဆန်းအောင်တို့အား ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်ပြီး ပိတ်ဆို့ အရေးယူမှုများ ချမှတ်လိုက်ကြောင်း ကြေညာခဲ့သည်။
ပိတ်ဆို့အရေးယူမှုတွင် Trans Asia International Holding Group Thailand Company Limited နှင့် Troth Star Company Limited တို့နှင့်အတူ ထိုင်းနိုင်ငံသား နိုင်ချန်မူစဝမ်ကိုလည်း ထည့်သွင်းခဲ့သည်။
အမေရိကန်၏ပိတ်ဆို့အရေးယူခံရမှုနှင့်ပတ်သက်ပြီး ရယ်စရာသာဖြစ်ကြောင်း DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က တုံ့ပြန်ပြောကြားခဲ့ပြီး ၎င်းတို့ဗိုလ်ချုပ်များအနေဖြင့် အခြားသူပိုက်ဆံပေးလျင်တောင် မယူသူများဖြစ်ကြောင်း ဆိုသည်။
၎င်းက “ လူဆိုတာ ကိုယ့်ဒူးတောင်ကိုယ်ယုံလို့မရတော့ စိုးရိမ်စိတ်က လူတိုင်းလူတိုင်းရှိမှာပဲ ။ တခြားဘယ်လိုမှမမြင်ဘူး၊ ကျနော်တို့ ဗိုလ်ချုပ်တွေ ဟာ သူများပိုက်ဆံပေးတာတောင်မယူဘူး ။ တရုတ်ပိုက်ဆံလား တရုတ်ပိုက်ဆံဆို ငါမယူဘူး ပြောတယ် ။ DKBA ကို အခုလိုစွပ်စွဲပြောလာတယ်ဆိုတော့ သူတို့(အမေရိကန်)လည်း ပြန်ကြည့်ရင် ဟုတ်တာရော၊ မဟုတ်တာရော ပြောတတ်တာ အခုမှ သိတယ်” ပြောသည်။

DKBA သည် မြန်မာအာဏာသိမ်းစစ်တပ်နှင့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေး ထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် ထိုင်းအစိုးရ၏ဖိအားပေးမှုကြောင့် ၎င်းတို့ထိန်းချုပ်ထားသော မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်ငန်းများ ဖယ်ရှားကာ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ရာနှင့်ချီသော ပြည်ပနိုင်ငံသားများအား ထိုင်းနိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ဖူးသည်။
လက်ရှိတွင် အမေရိကန်နှင့်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံအနေဖြင့် ကျားဖြန့်နှိမ်နင်းရေး ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်နေပြီး ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းများ စောင့်ကြည့်နှိမ်နင်းရေးအတွက် ဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် နိုဝင်ဘာ ၁၀ ရက်တွင် မြဝတီမြို့တဖက်ကမ်း မဲဆောက်မြို့သို့လာရောက်ခဲ့သည့်အပြင် ကျားဖြန့်လုပ်ငန်းများကို အမျိုးသားအဆင့် စစ်ဆင်ရေးအနေဖြင့် ချေမှုန်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်အနေဖြင့် ကျားဖြန့်အရေးနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)/ ကရင်အမျိုးသား တပ်မတော်(KNA) ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူနှင့် သားနှစ်ဦးဖြစ်သူ စောထူးအယ်မူးနှင့်စောချစ်ချစ်တို့ကိုလည်း ၂၀၂၅ ခုနှစ်၊ မေလတွင် ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့သည်။
အရှေ့တောင်အာရှအခြေစိုက် လိမ်လည်မှုစင်တာလုပ်ငန်းများကြောင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ရကြောင်းလည်း အမေရိကန်အစိုးရက ခန့်မှန်းထားသည်။
You may also like these stories:
“ကျောက်ခက်မှာလည်း ကျားဖြန့် နှိမ်နင်းမယ်”
ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ
ကျားဖြန့်တို့ နှိပ်စက်မှု နေ့စဉ်ခံရဟု ကျောက်ခက်မှ လွတ်လာသူများပြော
BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ
တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ













