သတင်းတို

ရန်ကုန်လေဆိပ်အတွင်း ခိုးဝင်ရန်ကြိုးစားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး ဖမ်းမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက် ဟာနီဖဇ် ဇမန်း(၃၃)နှစ် နိုင်ငံကူးလက်မှတ် (AD- 1308810) ကိုင်ဆောင်ထားသူဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းသို့ ခိုးဝင်ရန် ကြိုးစားသည့် အတွက် ဖမ်းဆီးခဲ့ကြောင်း အစိုးရသတင်းကဆိုပါတယ်။

၎င်းကို အောက်တိုဘာလ ၂၅ရက်နေ့ ညနေ ၆နာရီ ၁၅မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-3 ဆောက်လုပ်ဆဲ အဆောက်အအုံသစ်အနီး၌ မသင်္ကာဖွယ်တွေ့ရှိ၍ အစောင့်ဝန်ထမ်းက မေးမြန်းပြီး လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် လေကြောင်းရဲတပ်ဖွဲ့ကို အပ်နှံခဲ့ခြင်းဖြစ်ပါတယ်။

ထိုသူသည် အောက်တိုဘာ ၂၅ရက်နေ့ နေ့လယ်ပိုင်း Novoair လေကြောင်းလိုင်းဖြင့် ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာမှ ရန်ကုန်သို့ လိုက်ပါလာကြောင်း၊ ရန်ကင်းမြို့နယ် Real Link မိုတယ်တွင် အခန်းငှား ပြီးနောက် ရန်ကုန်လေဆိပ်သို့ တဖန်ပြန်လာကြောင်း၊ ထို့နောက် ဆောက်လုပ်ဆဲ Terminal 3 အနီးရှိ နိုင်ငံခြားမှ ပို့သည့် ပစ္စည်းများ ရွေးယူသည့်နေရာသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအုန်းလွင်က ပြောပါတယ်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ရန်ကုန်လေဆိပ်လုံခြုံရေးကို တိုးမြှင့် လိုက်ပြီး ၎င်းဝင်ရောက်ခဲ့သော နေရာ တစ်ဝိုက် မိုင်းရှာဖွေရေးအဖွဲ့များဖြင့် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည်။ လမ်းမီးများကိုလည်း မာကျူရီ မီးများ တိုးချဲ့တပ်ဆင်ခဲ့ပြီး ဝန်ထမ်းများ ကို စိစစ်ရေးကတ်ချိတ်ဆွဲရန်နှင့် သတ်မှတ်ဝတ်စုံများ ဝတ်ဆင်သွားလာရန် ညွှန်ကြားထားကြောင်း သိရပါတယ်။

Loading