သတင်းတို

COVID-19 ကာကွယ်ရေး ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ ကျပ်သိန်း ၅၀ လှူဒါန်း

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင် ထိန်းချုပ်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ ကျပ်သိန်း ၅၀ ကို ယမန်နေ့က ကျောက်ပန်းတောင်း မြို့နယ်လုံး ဆိုင်ရာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး ကော်မတီအား လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့ဝင် ဦးမြင့်ဆွေအေးက “ဘုရားနဲ့ ပတ်သက်တဲ့ငွေ စေတီတို့ နဝကံမတွေ တို့ကို မသုံးဘူး။ တောင်ကလပ်မှာ အလှူငွေ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲကမှ ဘောင်ဝင်တဲ့ဟာနဲ့ချိတ်ပြီး လှူတာပါ။ ကြိုတင်ကာကွယ်မှု အတွက် အကာအကွယ် အင်္ကျီတွေ ဝယ်ဖို့၊ ဝတ်စုံတွေ Quarantine လုပ်တဲ့အခါမှာ သုံးဖို့အတွက် လို အပ်မယ့် ပစ္စည်းတွေ လုံးပေါင်း တွက်ချက်ကြည့်တာ သိန်း ၁၇၀ ဖိုးလောက် ဝယ်ရမယ်။ ဆေးဝါးတော့ မပါသေးဘူး။ သဘာဝ ဘေးအန္တရာယ် လိုအပ်ချက်အရ ဖြစ်ဖြစ် ပုပ္ပားတောင်ကလပ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လိုအပ်တယ် ဆိုရင် ကျနော်တို့ လှူတာပါပဲ” ဟု ပြောသည်။

ထို့ပြင် ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့မှ ပရဟိတအဖွဲ့အစည်းများ လိုအပ်သည့် သိန်းတရာကျော် တန်ဖိုးရှိ အမှိုက်သိမ်း ယာဉ် လှူဒါန်းခြင်း၊ ပုပ္ပားသို့ လာရောက်သည့် ဆက်သွယ်ရေးလမ်းရှိ ဆိုလာလမ်းမီးတိုင်များ လှူဒါန်းခြင်း၊ ကျောက်ပန်း တောင်း တမြို့နယ်လုံး ဆိုင်ရာ သံဃာတော်များ စာမေးပွဲ၊ စာအောင်သံဃာစာမေးပွဲများနှင့် ပုပ္ပားတောင်ကလပ်တွင် သတင်းသုံး နေထိုင်ကြသည့် သံဃာတော်များ ဆွမ်းလောင်းပွဲ စသဖြင့် ဒေသ၌ တခြားလိုအပ်သည်တို့ကိုလည်း လှူဒါန်း ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့မှ ကျပ်သိန်း ၅၀ လှူဒါန်းနေစဉ် (ဓာတ်ပုံ- ကိုထိန်)

“အဲဒါမျိုး ဆက်ဖြစ်လာရင် ကျနော်တို့မှာ သြဝါဒ ဆရာတော် ၈ ပါး ရှိတယ်၊ လျှောက်မယ်။ တိုင်းဒေသကြီးအစိုးရက ကျနော်တို့ကို ဖွဲ့ပေးထားတာဆိုတော့ ဒီကိစ္စတော့ တမြို့နယ်လုံးက လူတွေနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် လှူဖို့ ခေါင်းစဉ် ရှိတဲ့အထဲက ထပ်ပြီး လိုအပ်ရင် ရှိတဲ့ ဂေါပကနဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ချပြီး လှူရမှာပဲ” ဟု ဦးမြင့်ဆွေအေးက ပြော သည်။

ယခု လက်ရှိ ပုပ္ပားတောင်ကလပ် ဂေါပက အဖွဲ့အား ၂၀၁၈ ဇန်နဝါရီလက ပြန်လည် ရွေးကောက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စတင် ဖွဲ့စည်းစဉ်က ပုပ္ပားတောင်ကလပ် ဘုရားကြီး၏ ဘဏ္ဍာငွေမှာ ကျပ်သိန်းပေါင်း ၁၁၀၀၀ ရှိခဲ့ပြီး ယခုလက်ရှိတွင် သိန်းပေါင်း ၁၉၀၀၀ ခန့် ရှိနေသေးကြောင်း သိရသည်။

You may also like these stories:

နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်

ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်

ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်

Loading