ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ကျောင်းသားလူငယ် ၄ ဦးကို သံတွဲမြို့နယ် ရဲ တပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) နံနက် ၉ နာရီခန့်တွင် စတင်ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြပွဲတွင် အခြေခံပညာကျောင်း မှ ကျောင်းသူ/သားများ၊ ဒေသခံ လူငယ်များနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ပြီး အင်အား ၁၀၀၀ ခန့် ရှိကြောင်း၊ ယခု ဖမ်းဆီးခံရသူ ၄ ဦး အနက် အခြေခံပညာကျောင်းမှ ကျောင်းသားများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။
“ထိုင်သပိတ်လုပ်နေတာ။ ကိုယ့်ဆိုင်းဘုတ် ကိုယ်ကိုင်ပြီး ဆန္ဒပြနေတာကို ရဲ တယောက်လား၊ နှစ်ယောက်လား မသိဘူး လာတာ။ လူအုပ်စုကြီးနဲ့ လာတာမဟုတ်ဘူး။ ဒီတိုင်း တခုခုပြောဖို့ လာတဲ့ပုံစံနဲ့ ခပ်တည်တည်နဲ့ လာပြီး ဝင်ဆွဲသွားတာ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦးက ပြောသည်။
လက်ရှိအချိန်တွင် ဆန္ဒပြ ပြည်သူများက ဖမ်းဆီးသွားသူများအား ပြန်လွှတ်ပေးရန် သံတွဲမြို့နယ် ရဲစခန်းရှေ့တွင် စုဝေး တောင်းဆိုနေသည်ဟုလည်း ၎င်းက ပြောသည်။
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း သံတွဲမြို့နယ်တွင် တခြား တိုင်းနှင့်ပြည်နယ်မှ မြို့နယ်များနည်းတူ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ယနေ့ဆိုလျှင် ၈ ရက်မြောက်နေ့ ရှိပြီဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းခဲ့သည့်အပေါ် ဆန့်ကျင်သည့် ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ တောင် ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်း စသည့်မြို့နယ်များမှ ဒေသခံပြည်သူလူထုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြနေကြ ပြီး ထိုအထဲတွင် ပါဝင်သူ တချို့ကိုလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီ တန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် ဖမ်းဆီးထားမှုများလည်း ရှိနေသည်။
You may also like these stories:
ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၈ ဦး ဖမ်းဆီးခံရ
ရခိုင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ငြိမ်သက်