ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတိုက်လေယာဉ်တစင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ယနေ့ ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောဆိုသည်။
၎င်းက “ဂျက်ဖိုက်တာတစင်း ပစ်ချလိုက်နိုင်တာ အတည်ပြုလို့ရပါတယ်။ ကျနော်တို့ဘက်က ပစ်တယ်လို့ပြောတယ်။ ကျသွားတယ်လို့လည်း ပြောတယ်။ မြေပြင်အခြေအနေ အသေးစိတ်ကတော့ ဖုန်းလိုင်းအဆက်အသွယ် အခက်အခဲကြောင့် ကျနော်တို့လည်း မသိရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ကွတ်ခိုင်နှင့် မူဆယ်-၁၀၅ မိုင်ကြားရှိ နမ့်ဖတ်ကာကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ-၁၂၃ တပ်အား KIA က ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။
KIA ထိုးစစ်တွင် နမ့်ဖတ်ကာရှိ ခလရ-၁၂၃ တပ်စခန်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း KIA ဘက်က ငြင်းဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက “နမ့်ဖတ်ကာစခန်းကို သိမ်းနိုင်တဲ့ဟာတော့မရှိဘူး။ မနေ့က သတင်းက မှန်ကန်မှုမရှိဘူး။ မြေပြင်မှာ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်” ဟု ပြောသည်။
KIA အနေဖြင့် နမ့်ဖတ်ကာကျေးရွာအား ယခုနှစ် ဇန်နဝါရီ ပထမပတ်ကတည်းက စီးနင်းထားနိုင်သော်လည်း ခလရ-၁၂၃ တပ်စခန်းကိုမူ ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။
တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံပြည်သူအားလုံးနီးပါး နမ့်ဖတ်ကာကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၆ ဦးခန့်ရှိကာ နေအိမ်အများအပြားလည်း ပျက်စီးနေကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတခုထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်ကလည်း KIA လိုင်ဇာဌာနချုပ်နှင့် ၈ မိုင်ခန့်အကွာ ကကမ်းနှင့်နာဖော့ စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာပို့ပြီး ပျံတက်လာသည့် Mi-17 အမျိုးအစား ရဟတ်ယာဉ်တစင်းအား KIA က ပစ်ချနိုင်ခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း KIA ဘက်က အတည်ပြုထားသည်။
You may also like these stories:
နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်
ပစ်ချခံရသည့် ရဟတ်ယာဉ်ပေါ် ပါသူ ၆ ဦး သေဆုံးဟု KIA ပြော
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်