ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ယမန်နေ့က ပစ်ချခံလိုက်ရသည့် ရဟတ်ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ၏ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်သည် ဇန်နဝါရီ ၃ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ဝိုင်းမော်မြို့ အရှေ့တောင်ဘက် နားဖော့ရွာအနီးဝန်းကျင်၌ KIA ရဲဘော်များ၏ ပစ်ခတ်ခြင်းခံရသဖြင့် မီးလောင်ပျက် ကျသွားခဲ့သည်။
ရဟတ်ယာဉ် ပျက်ကျသွားသည့်နေရာသည် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၏ အရှေ့မြောက်ဘက်တွင်ဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ ရှင်းလင်းရေးသွားလုပ်တဲ့အဖွဲ့တွေ ပြောတာက ၆ ယောက် ပါတယ်။ အားလုံး သေသွားတယ်။ အဲဒါပဲ ကျနော်တို့ ပြောလို့ရပါတယ်ဗျ။ လေယာဉ်မှူး မိတယ်ဆိုတဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါကတော့ ဆိုရှယ်မီဒီယာနဲ့ ထင်သလိုမြင်သလို တင်တဲ့သတင်းဖြစ်မှာပါ” ဟု ဧရာဝတီကို ပြောသည်။
Facebook လူမှုကွန်ရက်တွင်မူ ရဟတ်ယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ဇော်မျိုးသန့်ကို KIA တပ်ဖွဲ့ဝင်များက အရှင်ဖမ်းမိထား ကြောင်း သတင်းများထွက်ပေါ်နေသည်။
ရဟတ်ယာဉ်သည် နားဖော့ရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ခြင်းဖြစ်နိုင်ပြီး ရဟတ်ယာဉ်ပစ်ချမခံရမီတွင် KIA နှင့် စစ်ကောင်စီတပ်ကြား မြေပြင်တိုက်ပွဲ ဖြစ်ပွားထားမှုမရှိကြောင်း KIA ထံမှ သိရသည်။
စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို KIA တပ်ဖွဲ့ဝင်များက နေရာ ၃ ခုမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မည်သည့် လက်နက်အမျိုး အစားဖြင့် ပစ်ခတ်လိုက်သည်ကိုမူ KIA ဘက်က ထုတ်မပြောပေ။

ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ၂ စီး ရဟတ်ယာဉ်ပျက်ကျသွားသည့် နေရာဝန်းကျင်၌ လာရောက်ပျံဝဲသွားကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာနဘက်က ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူက “မနေ့ကတော့ အဲဒီလေယာဉ် ပျက်ကျတဲ့အချိန်မှာ ဂျက်ဖိုက်တာနဲ့ လာပြီးဝဲတယ်။ တချို့နေရာ တွေမှာ လက်နက်နဲ့ ပစ်တာတွေတော့ရှိတယ်။ ဗုံးကြဲတာတော့မရှိဘူး။ ညနေပိုင်း ၅ နာရီ ၆ နာရီလောက်မှာတော့ ကျနော်တို့ လိုင်စင်တောင်ဘက်မှာ လေယာဉ်နဲ့လာပြီး ဗုံးကြဲတဲ့အခြေအနေ ရှိပါတယ်” ဟု ဆိုသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံရှိ စစ်လက်နက်ပစ္စည်းများအကြောင်း ရေးသားဖော်ပြနေသည့် Tactical Raptor 2.0 စာမျက်နှာကလည်း စစ်ကောင်စီအနေဖြင့် ရဟတ်ယာဉ် အပါအဝင် လေယာဉ်ပျက်ကျမှုများ ဖြစ်နေသော် လည်း ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်မှုမရှိကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
၎င်းတို့က “တခြားနိုင်ငံတကာစစ်တပ်တွေမှာတော့ တာဝန်ထမ်းဆောင်ရင်း အကျအဆုံးရှိခဲ့ရင် သူတို့စစ်တပ်က next of kin (အနီးစပ်ဆုံး မိသားစုဝင်) ကို အရင်ဆုံးဦးစားပေး အသိပေးပြီးမှ public ကို ကျဆုံးအဖွဲ့ဝင်နာမည်တွေ ထုတ် ပြန်ပေးတယ်။ စကစကတော့ ကိုယ့်နိုင်ငံထဲ ပျက်ကျတာတောင် ကျဆုံးသူတွေကို recovery မလုပ်နိုင်ဘူး” ဟု ဆိုထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် KIA က စစ်ကောင်စီ၏ ရဟတ်ယာဉ် စုစုပေါင်း ၃ စီးကို ပစ်ချထားနိုင်ကြောင်း သိရသည်။
ပထမတစီးမှာ ၂၀၂၁ ခုနှစ်တွင်ဖြစ်ပြီး ဝိုင်းမော်မြို့နယ် အောင်ဂျာရွာဝန်းကျင်၌ ပစ်ချခံရခြင်းဖြစ်ကာ ဒုတိယတစီးမှာ အလော့ဘွမ်တိုက်ပွဲကာလ ကုန်းလောမြို့ဝန်းကျင်တွင် ပစ်ချခံရခြင်းဖြစ်ကြောင်း၊ ယခုတကြိမ် ပစ်ချခံရသည့် ရဟတ် ယာဉ်သည် တတိယမြောက်ရဟတ်ယာဉ် ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။
You may also like these stories:
မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ စစ်ဗျူဟာကုန်းကို KIA သိမ်းပိုက်
KIA တပ်မဟာ-၆ ဌာနချုပ်အား စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
စစ်ကောင်စီ၏ အောင်ဂျာတပ်စခန်းကို KIA သိမ်းပိုက်
မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်














