အိမ်နီးချင်း မြန်မာနိုင်ငံတွင် တိုက်ပွဲများက တရုတ်နိုင်ငံသားများအား ထိခိုက်မှု များလာသည့်အတွက် “မကျေနပ်”ကြောင်း ဘေဂျင်းက ကြာသပတေးနေ့တွင် ထုတ်ဖော် ပြောကြားခဲ့ပြီး ၎င်း၏ နိုင်ငံသားများကို ကာကွယ်ရန် “လိုအပ်သည့် အစီအမံများ အားလုံးကို ဆောင်ရွက်သွားမည်”ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်ဆန်မြို့တွင် မြန်မာဘက်မှ အမြောက်ကျည်ဆန် ကျရောက်ပေါက်ကွဲပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်မီဒီယာ အများအပြားက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က “လက်နက်ကိုင် ပဋိပက္ခကြောင့် တရုတ်နိုင်ငံသား ထိခိုက်မှု များတာမို့ တရုတ်က ပြင်းပြင်းထန်ထန် မကျေနပ်ကြောင်း ပြောချင်ပါတယ်” ဟု ပြောသည်။
မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများရှိနေသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပြီး အပစ်အခတ်ရပ်စဲရေးကို ထပ်မံတောင်းဆိုထားကြောင်းလည်း Wang Wenbin က ပြောသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဖြင့် မြန်မာနိုင်ငံတဝန်းမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်များကို မြောက်ပိုင်းရှိ ကျယ်ပြန့်သောဒေသများမှ မောင်းထုတ်ပြီး ရာနှင့်ချီသော စစ်တပ်စခန်းများကို သိမ်းပိုက်ကာ တရုတ်အနီး နယ်စပ်ဂိတ်များကို ထိန်းချုပ်လိုက်ပြီးနောက် ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် တွန်းအားပေးခြင်းဖြစ်သည်။
မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား လက်နက်ကိုင်ပဋိပက္ခသည် အောက်တိုဘာလနှောင်းပိုင်းမှ စတင်၍ ပိုမို ပြင်းထန်လာခဲ့သည်။
You may also like these stories:
စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဘာကြောင့် သဘောတူညီချက် မရသလဲ
တရုတ်က မဲခေါင်ဖိုရမ်တွင် မင်းအောင်လှိုင်ကို မိန့်ခွန်းပြောခိုင်း
တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် NUG ကတိပြု
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ
ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ