ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း နယ်စပ် မောင်တောမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ စစ်ကောင်စီ နယ်ခြားစောင့် ရဲစခန်းဌာနချုပ်အပါအဝင် စခန်းကြီး ၊ စခန်းငယ်အားလုံးကို သိမ်းပိုက်ရရှိထားပြီးနောက် မြို့တွင်းသို့ ထိုးဖောက် ဝင်ရောက်သွားပြီဖြစ်ကြောင်း AA နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
၎င်းက ” မောင်တောမြို့နယ်တခုလုံးမှာ မြို့သူကြီး ရပ်ကွက်က နယ်ခြားစောင့်တပ်ရင်း (နခခ ၅) နဲ့ မြို့တွင်းလောက်ပဲ ကျန်တော့တယ် ၊ နခခ ၅ က AA ပိတ်ဆို့ထားလို့ ဘာမှ လှုပ်မရဘူး ။ မြို့တွင်းမှာတော့ တိုက်ပေါ်ကနေ စစ်ကောင်စီ စနိုက်ဘာတပ်ဖွဲ့ နဲ့ မွတ်စလင်လက်နက်ကိုင်တွေက နေရာယူထားတော့ AA က မြို့ခံတွေကို ဘေးလွတ်ရာကို ကယ်ထုတ်ရင်း မြို့ပြတိုက်ပွဲကို ဆင်နွှဲနေပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့တွင်း တိုက်ပွဲ၌ စစ်ကောင်စီက လေကြောင်းဖြင့် နေ့ရော ညပါ ဗုံးကြဲ တိုက်ခိုက်ပြီး ခုခံနေသလို မြို့သူကြီးရပ်ကွက်ရှိ နခခ၅ တပ်ရင်းမှလည်း လက်နက်ကြီး ပစ်ကူပေးနေကြောင်း ၊ တိုက်ပွဲ အခြေအနေကိုမူ အသေးစိတ် မသိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
မောင်တောဒေသခံတဦးက ” စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေကြားလည်း အချင်းချင်း အဆင်မပြေလို့ အုပ်စုကွဲပြီး အဖွဲ့တွေ ကွဲကြတယ်လို့ကြားတယ် ။ တချို့က AA ထံ လက်နက်ချတယ် ။ တချို့ မွတ်စလင်တွေ ကလည်း နယ်စပ်ဘက်ကို ပြန်ပြေးကြတယ်လို့ ပြောကြတယ် ။ မြို့တွင်းမှာတော့ တိုက်ပွဲစနေပြီ၊ အသေးစိတ်ကတော့ မသိရဘူး ၊ သေနတ်သံလောက်ပဲကြားရတာ။ စစ်ကောင်စီဘက်ကတော့ မြို့ပတ်ပတ်လည်ကို လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် လုပ်နေတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် မောင်တောမြို့ ရွှေဇားရပ်ကွက်မှ မွတ်စလင် အရပ်သားများနှင့်အနီးရှိ ကျေးရွာများမှ မွတ်စလင်ကျေးရွာသား ၄၀၀၀ ကျော်အား ဇွန်လ ၂၆ ရက် က AA တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာ ကယ်ထုတ်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်းလည်း ရခိုင်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် မောင်တောမြို့အား ခံစစ်စခန်းသဖွယ်ပြုလုပ်ပြီး စစ်ဆင်ရေး ပြုလုပ်ရန် ကြိုတင် ပြင်ဆင်ထားသည့် အတွက် AA အနေဖြင့် စစ်ကောင်စီ၏ လက်ကျန် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်၍ မြို့ခံများအနေဖြင့် မြို့တွင်းလမ်းမ၊ ခုခံ စစ်ပြင်ဆင်ထားသောနေရာများနှင့် တိုက်တာ အဆောက်အဦပေါ်ရှိ စနိုက်ဘာပစ်ရန် ပြုလုပ်ထားသည့် နေရာများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များရှိသည့်နေရာများတွင် အတူပူးတွဲ နေထိုင်ခြင်းမပြုရန်နှင့် ဇွန်လ ၁၆ ရက် ညနေ ၉ နာရီမှ စတင်ကာ မြို့မှ အမြန်ဆုံးထွက်ခွာကြရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA )က ဇွန်လ ၁၆ ရက်စွဲဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။
You may also like these stories:
မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်
မောင်တောမြို့ပေါ်ရှိ စစ်ရှောင်များ နေရပ်ပြန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR