ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် တမိုင်ခန့်ဝေးသည့် ကိမ်တန် (Kiamtlan) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး အပါအ၀င် စစ်သုံ့ပန်း ၄ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (CDF) ဟားခါးက ပြောသည်။
အောက်တိုဘာ ၂၈ ရက်တွင် CDF ဟားခါး ပါ၀င်သည့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များသည် ကိမ်တန်စခန်းကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး MA1 ၅ လက်၊ MA2 ၁ လက်၊ MA3 ၂ လက်၊ MA11 ၁ လက်၊ ကျည်ဘောက် ၄၂ ခု၊ မိုင်းနှင့်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Hakha က ယနေ့ ထုတ်ပြန်ထားသည်။
CDF ဟားခါး၏ ပြောခွင့်ရသူက “လက်ရှိ သုံ့ပန်းတွေကို လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ သူတို့ထဲမှာ ထန်တလန်က နေအိမ်တွေကို မီးရှို့တဲ့သူတွေပါတယ်လို့ သိထားရတယ်။ စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားမှာပါ။ လက်ရှိ Kiamtlan စခန်းကို သိမ်းပိုက်ပြီးနောက်မှာ ကျနော်တို့ ပြန်ဆုတ်ခွာခဲ့တယ်” ဟု ဧရာ၀တီကို ပြောသည်။
ကိမ်တန်စခန်းကို Rung စစ်ဆင်ရေးအနေဖြင့် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး CDF ဟားခါးတပ်ဖွဲ့သည် စစ်ကောင်စီတပ်များ အင်အားလျော့ကျရေး၊ စစ်ကူမပေးပို့နိုင်စေရေးနှင့် မြို့သိမ်းပိုက်နိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိမ်တန်စခန်းသိမ်းပိုက်ခံရပြီးနောက် စခန်းပြန်ရရေးအတွက် အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီတပ်သည် ဟားခါးမြို့မှ စစ်ကူပို့ခဲ့သလို သီမြစ်လွင်ပြင်၌ နေရာယူထားသည့် စစ်ကောင်စီတပ်များမှလည်း ဟားခါးမြို့ဘက်လာပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို နှစ်ဖက်ညှပ်တိုက်နေကြောင်း CDF ဟားခါးတပ်ဖွဲ့၏ ပြောခွင့်ရသူက ပြောသည်။
၎င်းက “တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ ကျနော်တို့ကို နှစ်ဖက်ညှပ်ပြီးတိုက်နေတယ်။ ဟားခါး-ထန်တလန် တလျှောက်မှာရှိတဲ့ စခန်းတွေနားမှာလည်း တိုက်ပွဲဖြစ်နေတယ်။ လေကြောင်းကနေ မကြာခဏ လာတိုက်တယ်။ ထန်တလန် မြို့ထဲမှာလည်းပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” ဟု ဆိုသည်။
ဟားခါးမြို့ နှင့် ထန်တလန်မြို့ ကြားရှိ ချင်းတော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် စခန်းများအား စစ်ကောင်စီမှ တန်ပြန် ထိုးစစ်ဆင် သိမ်းယူခဲ့သော်လည်း အဆိုပါစခန်းများအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
အောက်တိုဘာ ၁၃ ရက်တွင် စတင်ထွက်လာသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကြောင်းသည် ထန်တလန်မြို့ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်း၌လည်း ကိမ်တန်စခန်းအနီးနှင့် ဟားခါး-ထန်တလန်ကြား စစ်ကောင်စီတပ်နှင့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း CDF ဟားခါးတပ်ဖွဲ့ထံမှ သိရသည်။
မေရီခိုင် (CJ) ပေးပို့သည်။
You may also like these stories:
ဟားခါး၌ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းကောက်သည့်အဖွဲ့ CDF တိုက်ခိုက်
မင်းတပ် CDF အဖွဲ့များကြား သဘောကွဲလွဲမှုများ ဖြေရှင်း၍ စစ်ရေးတိုးချဲ့မည်
ကန်ပက်လက်ကို CDF သိမ်းတော့မလား













