ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်၊ မွာလ်ပီးရွာအနီး ကလေးမြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ မေ ၂၁ ရက်မှစ၍ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ချင်းတော်လှန်ရေး တပ်ဖွဲ့တခုဖြစ်သော CDF CDM Siyin အဖွဲ့ တာ၀န်ရှိတဦးက ” တိုက်ပွဲ မနားဘူး၊ ခုထိပဲ၊ နေ့ရော ညရော ပစ်နေကြတာ။ ကျနော်တို့ဘက်က အနောက်ဘက်ကို နည်းနည်းခွာရတယ်။ စကစ က မွာလ်ပီးအထိတော့ ရောက်လုနီးပြီ၊ သူတို့အင်အားက ၅၀၀ ကနေ ၈၀၀ ကြား ရှိတယ်၊ အင်အားမမျှတာလည်း ပါတာပေါ့ ” ဟု ပြောသည်။
မေ ၁၈ ရက်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ကောင်စီ အင်အား ၂၀၀ ထက်မနည်းဖြင့် စစ် ကြောင်းထိုးလာပြီး တိုက်ပွဲ ဖြစ်နေစဉ် ကလေးမြို့ဘက်မှ စစ်ကူများ ထပ်ပေးပို့နေပြီး အဆိုပါ စစ်ကြောင်းသည် ကလေးမြို့၏ အနောက်ဘက် ၁၂ မိုင် အကွာ ကလေး – သိုင်းငင်းလမ်း ပေါ်ရှိ မွာလ်ပီးရွာသို့ ရောက်ရှိနေကာ တိုက်ပွဲအတွင်း ကလေးမြို့မှ လက်နက်ကြီးများ ၊ ဒရုန်းများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။
လက်ရှိတွင် စီးယင်းဒေသ၌ လှုပ်ရှားနေသည့် ချင်းပြည်ကောင်စီအဖွဲ့ဝင် ဖြစ်သော CDF CDM Siyin ၊ CDF KKG (ကလေး၊ ကဘော်၊ ဂန့်ဂေါ) နှင့် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF Zoland တို့အတူ ပူးတွဲ တိုက်ခိုက်နေကြောင်း CDF CDM Siyin က ယနေ့ ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း မေ၂၁ ရက် ညနေပိုင်း၌ အသက် ၁၉ နှစ်အရွယ် CDF CDM Siyin အဖွဲ့၀င်၏ တပ်စိတ်မှူး တဦး သေဆုံးခဲ့သည်။
၎င်းနှင့် နီးစပ်သူ ဒေသခံတဦးက ” မိုးက ဆက်ရွာနေတာ၊ မှိုင်း (မြူ) တွေကလည်း များတော့ ရှေ့ကို ဘာမှ မမြင်ရဘူး။ ရှေ့ရဲဘော်တွေ အဝိုင်းခံရတော့ သူက ရှေ့ကနေ ကာပြီး ပစ်ပေးခဲ့တာ။ ကျည်က နှလုံးကို ဖောက်ပြီး နောက်ကနေ ပြန်ထွက် သွားတာ ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် ကလေး- သိုင်းငင်းလမ်းမဘေးရှိ မွာလ်ပီး၊ ထေးဇန်၊ ဟိန်ဇိန်၊ ဗွန်ဆမ် နှင့် သိုင်းငင်း စသည့်ကျေးရွာများရှိ ဒေသခံတထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရသည်။
ချင်းပြည်မြောက်ပိုင်းသို့ အဓိက ၀င်ပေါက်လမ်းဖြစ်သည့် ကလေး- သိုင်းငင်းလမ်းကို စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းသည် သိုင်းငင်းစခန်းကို ပြန်လည် ရယူရန်ဖြစ်နိုင်ကြောင်း ချင်းတော်လှန်ရေး အင်အားစုများက ယူဆသည်။
ဖလမ်းနှင့် တီးတိန်သို့ ဆက်သွယ်ထားလမ်းမပေါ်ရှိ သိုင်းငင်းရွာသည် လမ်းပန်းဆက်သွယ်ရေး အချက်အချာနေရာ ဖြစ်ပြီး တီးတိန်မြို့နှင့် ၂၅ မိုင်၊ ဖလမ်းမြို့နှင့် ၅၀ မိုင်ခန့် ကွာဝေးသည်။
သိုင်းငင်းရွာကို စစ်ကောင်စီတပ် ပြန်အထိုင်ချ နိုင်ခဲ့ပါက တီးတိန်မြို့သို့ အင်အားဖြည့်နိုင်မည် ဖြစ်သလို ဖလမ်းမြို့ဘက် စစ်ကြောင်းထိုးနိုင်မည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။
၂၀၂၄၊ ဇန်နဝါရီလအတွင်း သိုင်းငင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်များက သိမ်းယူခဲ့ပြီး လက်ရှိတွင် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် CDF CDM Siyin အထိုင်ချ စိုးမိုးထားသည်။
You may also like these stories:
ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း
တွန်းဇံမြို့အထွက်၌ စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်
ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်း တော်လှန်ရေးတပ်တို့ ထိန်းချုပ်ထား
2














