ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်တပ်က စစ်တွေမြို့နယ်အတွင်းရှိ ရှေ့တန်း စခန်းများဆီ လက်နက်၊ အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး လက်နက်ကြီး ပစ်ခတ်မှုများလည်းရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ် နှင့် ဒေသခံများက ပြောသည်။
စစ်တွေမြို့နယ်အစွန်ဖက်တွင် စခန်းချထားသည့် ရှေ့တန်းစခန်းများဖြစ်သော ကန့်ကော်ကျွန်း၊ ဇော်မတက်၊ သုံးဆောင်ရွာ စခန်းတို့နှင့် ပါဒလိတ်၊ အမြင့်ကျွန်းကျေးရွာများအနီးရှိ အခြေစိုက်တပ်ရင်းများဆီ လက်နက်၊ အင်အား ဖြည့်တင်းနေခြင်း ဖြစ်ပြီး အခြားကျေးရွာ၊ ရပ်ကွက်များသို့လည်း စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။
စစ်တွေတပ်နယ်နှင့် ကပ်ရပ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှ အမျိုးသားတဦးက “စစ်ကားတွေ လူအပြည့်နဲ့ သွားနေတာ တပတ်လောက်ရှိပါပြီ၊ အင်အားဖြည့်တာပြောတယ်၊ လက်နက်တွေ အများကြီး ပါတယ်၊ မနေ့ကလည်း ပါဒလိတ်ဘက်ကို ကား သုံး၊ လေးစီး သွားသေးတယ်” ဟု ဧရာ၀တီသို့ ပြောသည်။
စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသော အဆိုပါစခန်းများသည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် တည်ရှိပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေနှင့် အနီးကပ်ဆုံးသော ရှေ့တန်းတပ်စခန်းများဖြစ်သည်။
ကန့်ကော်ကျွန်း၊ ဇော်မတက်၊ သုံးဆောင်ရွာတို့နှင့် ချောင်းတခုသာခြားသည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိကျေးရွာများတွင် AA က အခိုင်အမာနေရာယူထားပြီး ပါဒလိတ်၊ အမြင့်ကျွန်းအနီးရှိ တပ်ရင်းများသည်လည်း AA ထိန်းချုပ် နယ်မြေများနှင့် အမြင့်ကျွန်းချောင်း(မင်းချောင်း) တခုသာ ခြားသည်။
စစ်တပ်ဘက်က ယင်းကဲ့သို့ လက်နက်၊ အင်အားဖြည့်တင်းမှုများ ရှိနေသော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
“AA ဘက်ကတော့ အရင်ကတည်းက စစ်ရေးပြင်ဆင်မှုတွေ လုပ်ထားပြီးသားလို့ ယူဆရတယ်၊ အခြေအနေတခုခု ကြောင့်သာ ထိုးစစ်တွေမလုပ်သေးဘဲ စောင့်နေတာ၊ အချိန်ကောင်းစောင့်နေတာ ထင်ပါတယ်” ဟု ရခိုင်စစ်ရေး လေ့လာသူတဦးက ပြောသည်။

စစ်တွေမြို့နယ်အတွင်း စစ်ရေးအခြေအနေများနှင့် ပက်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဧရာ၀တီက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
လက်နက်၊ အင်အားဖြည့်တင်းမှုများထဲတွင် စစ်မှုထမ်းသင်တန်းဆင်းပြီးခါစ ရိုဟင်ဂျာအများအပြားပါဝင်ပြီး တိုက်ရိုက်ရေးဒရုန်းများပါဝင်ကြောင်း စစ်တွေမြို့နေ သတင်းရင်း မြစ်များက ပြောသည်။
“အခုအနောက်ပိုင်း ဒရုန်းတွေအများကြီး သုံးလာတယ်၊ ဒီဘက်က ရွာတွေကိုလည်း ဒရုန်းတွေနဲ့ပဲ ပစ်နေတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံသတင်းရင်းမြစ်တဦးက ပြောသည်။
စစ်တပ်သည် စစ်တွေမြို့နယ်အတွင်း ရှေ့တန်းစခန်းများဆီ စစ်လက်နက်၊ အင်အားဖြည့်တင်းနေသလို စစ်တွေ၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူနေကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုများ ယခင်ကထက် ပိုရှိလာကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က စစ်တွေမြို့ပေါ် တပ်ရင်းမှ ပေါက်တောမြို့နယ်ကျေးရွာများသို့ လက်နက်ကြီးနှင့် လှမ်းပစ်ခဲ့သဖြင့် ပေါက်တောမြို့နယ် မင်းတဲ့ကျေးရွာမှ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတဦး ဒဏ်ရာရခဲ့သည်။
ယခုရက်ပိုင်းတွင်လည်း စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများ ပုံမှန်ရှိနေပြီး လူနေအိမ်၊ ဘာသာရေးအဆောက်အဦ ထိခိုက်ပျက်စီးမှုရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စစ်တပ်သည် စစ်တွေမြို့အနီးပတ်လည်ကျေးရွာပေါင်း နှစ်ဆယ်ဝန်းကျင်မှ အရပ်သားများကို အတင်းအကျပ်နှင်ထုတ်၍ မြို့ထဲသွင်းပိတ်လှောင်ထားပြီး လူသားတံတိုင်း လုပ်ထားသည်။
မြို့နယ်ပေါင်း ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားသော AA အနေဖြင့် သိမ်းပိုက်ရန် စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူသာ ကျန်တော့သည်။
You may also like these stories:
စစ်တွေနဲ့ ကျောက်ဖြူမြို့တွေကို AA သိမ်းတော့မလား
စစ်တွေမြို့ကို စစ်တပ်ခြံစည်းရိုးခတ်နေ
စစ်တွေ ဗျိုင်းဖြူရွာသား ၁၀၀ ကျော်ကို AA နှင့်ပတ်သက်သည်ဆိုကာ ထောင် ၃ နှစ်ချ














