ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိ ဗျိုင်းဖြူကျေးရွာမှ ဒေသခံ ၁၀၀ ကျော်အား စစ်ကောင်စီက အာရက္ခတပ်တော် (AA) နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် ယမန်နေ့တွင် စစ်တွေထောင်တွင်း တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း ကာယကံရှင်မိသားစုဝင်များထံက သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် မိသားစုဝင်တဦးက ” မနေ့က ပထမအသုတ်အနေနဲ့ လူပေါင်း ၁၀၀ ကျော်ကို ၁၇(၁)နဲ့ စစ်တွေထောင်တွင်း တရားရုံးကနေ ထောင် ၃ နှစ်စီချမှတ်လိုက်ပါတယ်။ ကျန်တဲ့လူ ၁၇၀ကျော်ကို ဆက်ပြီးတော့ ထောင်ချမယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ဗျိုင်းဖြူကျေးရွာသားများအား ဖမ်းခဲ့စဉ်က အသက် ၁၈ နှစ်အရွယ် ကျောင်းသား ၁၇ ဦးအပါအဝင် လူပေါင်း ၃၀၀ ကျော် ဖမ်းဆီးခဲ့ပြီး သက်ကြီးပိုင်း လူ ၃၀ အား ပြန်လွှတ်ပေးကာ ကျန် ၂၇၀ ကျော်ကို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဗျိုင်းဖြူရွာသား ၁၇၀ ကျော်မှာ စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ကာ ဆက်လက် တရားရင်ဆိုင် နေရသလို အာမခံရယူထားသော အသက် ၁၈ နှစ်အောက် လူငယ် ၁၇ ဦးမှာလည်း ဆက်လက် တရားရင်ဆိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သော မေလ ၂၈ ရက်နှင့် ၂၉ ရက်တွင် စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အပါအဝင် မွတ်စလင် ပျူစောထီးပူးပေါင်းအဖွဲ့သည် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်ပြီး ရွာသားအားလုံးကို ဖမ်းဆီးကာ ရွာသား ၇၀ ကျော်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် ၃၀၀ ကျော်ကို မတရားဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ကျေးရွာသားအားလုံးကို မည်သည့်ပစ္စည်းမှ ယူဆောင်ခွင့်မပြုဘဲ ရွာမှ အဓမ္မ နှင်ထုတ်ကာ စစ်တွေမြို့တွင်းသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ဗျိုင်းဖြူကျေးရွာအတွင်း အခိုင်အမာစခန်းချကာ တပ်စွဲနေထိုင်ပြီး နေအိမ်၌ကျန်နေခဲ့သော ပစ္စည်းများကို ဖောက်ထွင်းယူဆောင်နေကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ
စစ်တွေမြို့ကို စစ်တပ်ခြံစည်းရိုးခတ်နေ