မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်တချို့သည် အာဏာသိမ်း စစ်တပ်ပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနားကို ဟန်ပြအဖြစ်သာ တက်ရောက်မည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ “ဖွင့်ပွဲအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ” ကို နေပြည်တော်၊ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန- ၁ (MICC-I) ၌ အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပရန် စစ်ကော်မရှင်က ပြင်ဆင်ထားခြင်း ဖြစ်သည်။
တရုတ်- မြန်မာနယ်စပ်၌ အခြေစိုက်ထားသည့် FPNCC အဖွဲ့ဝင်များ ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အနေဖြင့် ဖွင့်ပွဲကိုသာ တက်ရောက်မည်ဖြစ်ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲများအား တက်မည် မဟုတ်ကြောင်း အဖွဲ့ဝင် တဦးက ပြောဆိုသည်။
FPNCC အဖွဲ့ဝင်တဦးက “ကျနော်တို့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မကန့်ကွက်ဘူးဆိုတဲ့ မက်ဆေ့တခုပါပဲ။ သူတို့လုပ်တာကို ထောက်ခံတဲ့ အနေအထားမျိုး အဲဒီလိုတော့ မဟုတ်ပါဘူး။ မျက်နှာလာပြတဲ့ အနေ အထားပါပဲ” ဟု ဧရာဝတီကို ပြောသည်။
UWSA၊ NDAA နဲ့ SSPP တို့ကို NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖွင့်ပွဲအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲများကို တက် ရောက်ရန်အတွက် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီက စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ဖိတ်ကြားထားသည်ကို တွေ့ရသည်။
FPNCC အဖွဲ့ဝင်များအနေဖြင့် စစ်တပ် ဦးစီးပြုလုပ်မည့် NCA နှစ်ပတ်လည်ပွဲ တက်ရောက်ခြင်းသည် နောက်ကွယ်က “တရုတ် ဖိအား” ကြောင့်သာ ဖြစ်ကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူက မှတ်ချက်ပြုပြောဆိုသည်။
ဖွင့်ပွဲ တက်ရောက်မယ့် FPNCC အဖွဲ့အနေဖြင့်လည်း ဖွင့်ပွဲသာမကဘဲ အလုပ်ရုံဆွေးနွေးပွဲ၊ တိုင်းရင်းသား ခေါင်းဆောင်များ နှင့် တွေ့ဆုံပွဲ စသည့် ခေါင်းစဉ်များတပ်ပြီး စစ်တပ်၏ အမြတ်ထုတ်ခံကြရမည်ကို စိုးရိမ်သလို လူထု အထင်အမြင် လွဲမှား မည်ကိုလည်း စိုးရိမ်ကြောင်း တက်ရောက်မည့် အဖွဲ့တချို့က ဧရာဝတီကို ပြောသည်။

FPNCC အဖွဲ့ဝင်တဦးက “သူတို့ (စစ်တပ်) က ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ လိုရာဆွဲတာတို့၊ အကျပ်ကိုင်တာတို့ လုပ်တတ်တယ်လေ။ ကျနော်တို့က ဖွင့်ပွဲနေ့ပဲ တက်မှာ၊ ကျန်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ဘာတွေ တက်မှာမဟုတ်ဘူး” ဟု ပြောသည်။
NCA နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲများအား စစ်တပ်နဲ့ ထိစပ် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် နေကြသည့် အပစ်ရပ် 7 EAO Alliance အဖွဲ့ဝင်များကမူ နေပြည်တော်သို့ သွားနေကြပြီဖြစ်ကြောင်း ကာယကံရှင်များ ကိုယ်တိုင် ဧရာဝတီကို ပြောသည်။
NCA သဘောတူစာချုပ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်၌ လက်မှတ်ရေးထိုးခဲ့ ကြခြင်း ဖြစ်သည်။
မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၌ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
စုစုပေါင်း NCA စာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းလိုက်ချိန်တွင် KNU၊ ABSDF နှင့် CNF တို့က NCA ပျက်ပြယ်ကြောင်း ကြေညာပြီး စစ်တပ်ကို လက်ရှိအချိန်ထိ တိုက်ခိုက်လျက်ရှိသည်။
ထို့အတူ NCA အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြုလုပ်မည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသည် အယောင်ပြသာဖြစ်ပြီး UN၊ အာဆီယံအပါအဝင် နိုင်ငံတကာသံတမန်များ ယင်းပွဲ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်းပြသရန် လက်မှတ်ရေးထိုးခဲ့ကြသော KNU၊ ABSDF၊ NMSP-AD၊ CNF၊ PNLO၊ LDU တို့ ၆ ဖွဲ့ ယနေ့ သဘောထား ထုတ်ပြန်ထားသည်။
You may also like these stories:
ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ
၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြား NCA နှစ်ပတ်လည်ပွဲ ဘယ်သူတွေ တက်မလဲ
NCA စာချုပ် ပျက်ပြီဟု KNU Concerned Group ကြေညာ














