မြန်မာအကျဉ်းထောင်များအတွင်း သေဒဏ်ချခံထားရသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ အားလုံး ဆက်လက် အသက်ရှင်ခွင့် ရှိရမည်။
မိမိတို့၏ အထက်ပါ ကြေညာချက်သည် ပြည်သူအားလုံးကို လွှမ်းခြုံသည့်ဆန္ဒကို ဖော်ပြနေပြီး လူရမ်းကားတစုအဖြစ် ကမ္ဘာတလွှား စက်ဆုပ်သော စစ်ကောင်စီ၏ ယုတ်မာကောက်ကျစ်မှုကို ပြစ်တင်ရှုတ်ချခြင်း ဖြစ်သည်။
ပြည်တွင်းပြည်မှ မြန်မာပြည်သူများသည် ထင်ရှားသော ဝါရင့်တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် အခြားသေဒဏ်ကျ အကျဉ်းသားနှစ်ဦး ဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးအတွက် လွန်စွာ စိုးရိမ်ပူပန်နေသည်။ ၎င်းတို့ကို ကွပ်မျက်ရန် စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့တွင် အမိန့်ထုတ်သောကြောင့် ဖြစ်သည်။
ထိုအမိန့်ကို ကြေညာပြီးနောက် အိပ်၍ပင်မရကြောင်း ပြည်တွင်းပြည်ပမှ ၎င်းတို့၏ မိတ်ဆွေများနှင့် ထောက်ခံသူများက မိမိတို့ကို ပြောကြားခဲ့သည်။ နောက်ဆုံးဖြစ်ရပ်များနှင့် ထိုဖြစ်ရပ် နောက်ဆက်တွဲများကို သတင်းဖော်ပြရာတွင်လည်း မိမိတို့ ဧရာဝတီသတင်းအဖွဲ့သည် လွန်ခဲ့သော သီတင်းနှစ်ပတ်လုံးတွင် ထိုဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၏ ကံကြမ္မာနှင့် ပတ်သက်ပြီး နေ့စဉ် အလေးအနက် ပူပန်နေရသည်။
အထူးသဖြင့် စနေနေ့တိုင်း ပိုမိုပူပန်ရသည်။ နိုင်ငံ၏ သမိုင်းက မိမိတို့ကို ခြောက်လှန့်နေသည်။
ကိုလိုနီခေတ် အုံကြွမှုကို ခေါင်းဆောင်သောကြောင့် ဆရာစံကို ဗြိတိသျှအာဏာပိုင်များက ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ (စနေနေ့) တွင် ကြိုးပေးကွပ်မျက်သည်။
လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းကို လုပ်ကြံသတ်ဖြတ်သူ ဂဠုန်ဦးစောကို ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့ (စနေနေ့) တွင် ကြိုးပေးကွပ်မျက်သည်။
အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အုပ်စုကို ဆန့်ကျင်လှုပ်ရှားသောကြောင့် ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦးကို ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (စနေနေ့) တွင်ပင် ကြိုးပေးကွပ်မျက်သည်။
ထို့ကြောင့် မိမိတို့သည် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် အခြားသေဒဏ်ချခံထားရသူ နှစ်ဦးတို့အတွက် လွန်ခဲ့သော စနေနေ့ရောက်တိုင်း အထူးစိုးရိမ်ခဲ့ရသည်။
ကြာသပတေးနေ့တွင် စစ်ကောင်စီက ၎င်းတို့၏လစဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပသောအခါ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းတို့အပေါ် ချမှတ်ထားသည့် သေဒဏ်များကို မရုတ်သိမ်းနိုင်ကြောင်း အတည်ပြုသည်။
“သူတို့တွေက သေဒဏ်ကျသင့်တယ်” ဟုလည်း သူကပြောသည်။
ထိုသို့ အတည်ပြုလိုက်သောကြောင့် လွန်ခဲ့သော စနေနေ့သည် အထူးပူပန်စရာ စနေနေ့တနေ့ ဖြစ်ခဲ့သည်။
ထိုသို့ဆိုသောကြောင့် စစ်ကောင်စီသည် ထိုဆိုးရွားသော အစဉ်အလာကို သေချာပေါက် လိုက်နာမည်ဟု မဆိုလိုပေ။
စစ်ဗိုလ်များ၊ အထူးသဖြင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ဆရာသမားများကဲ့သို့ပင် အယူသီးသူ ဖြစ်သော်ငြား လက်တွေ့တွင် ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်လိုစိတ်သည် အချိန်အခါ နေရာဒေသ အကန့်အသတ် မရှိပေ။ ၎င်းတို့သည် အချိန်မရွေး၊ နေရာမရွေး၊ မည်သူ့ကိုမဆို သတ်ဖြတ်ရန် အစဉ်အမြဲ အသင့်ရှိကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ ယနေ့အထိ စစ်ကောင်စီသည် ကလေးငယ် ၄၀၀ နီးပါး အပါအဝင် လူပေါင်း ၁,၉၀၀ ကျော်ကို သတ်ဖြတ်ထားသည်။
၎င်းတို့သည် မည်သည့်နေရာတွင်မဆို သတ်သည်။ နံနက်၊ နေ့လယ်၊ ည အချိန်မရွေး တရက်လျှင် ၂၄ နာရီ၊ တပတ်လျှင် ၇ ရက် သတ်သည်။ သတ်ဖြတ်မှုများသည် မည်သည့်နေရာတွင်မဆို ဖြစ်ပွားနေသည်။ လမ်းမများပေါ်၊ နေအိမ်များအတွင်း၊ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများအတွင်း၊ လယ်ကွင်းများအတွင်း၊ စစ်ကြောရေးဌာနများအတွင်းနှင့် ထောင်များအတွင်း နေရာတိုင်းတွင် သတ်နေသည်။
လွန်ခဲ့သော တနှစ်ခွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် မိမိတို့၏ လှပသော မြန်မာနိုင်ငံကို လူသတ်ကွင်းအဖြစ် ပြောင်းလဲလိုက်သည်။ ထိုလူယုတ်မာတစု ရှိနေသမျှ သတ်ဖြတ်မှုများ ပိုမိုများပြားနေမည်သာ ဖြစ်သည်။
သို့သော် စိတ်မမှန်သော ထိုစစ်ဗိုလ်များ ခေတ်အဆက်ဆက် မသိနားမလည်နိုင်သော အချက်မှာ ပြည်သူလူထု၏ စိတ်ဓာတ်နှင့် သတ္တိကို မည်သည့်အခါမျှ သတ်ဖြတ်မရ ဆိုသည့်အချက် ဖြစ်သည်။
ပြည်သူများသည် စစ်အုပ်စု၏ မတရားသော အုပ်ချုပ်ရေးကို အဆုံးတိုင် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြသည်။
စစ်အုပ်စုအဆက်ဆက်က ၎င်းတို့၏ အသက်များကို ကြိုးစင်တွင်ဖြစ်စေ၊ လမ်းမများတွင် ဖြစ်စေ သတ်ဖြတ်ခဲ့ကြသော်လည်း ၁၉၇၆ ခုနှစ်က ဆလိုင်းတင်မောင်ဦး၊ ၁၉၈၈ အရေးတော်ပုံအတွင်းက ကိုဖုန်းမော်နှင့် မဝင်းမော်ဦး အပါအဝင် မရေတွက်နိုင်လောက်အောင် များပြားသည့် အမည်များနှင့် ဝိညာဉ်များသည် မိမိတို့နှင့်အတူ ရှိနေဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ မညှာမတာ သတ်ဖြတ်မှုများကြောင့် မိမိတို့နိုင်ငံသည် သွေးစက်စက်နစ်နေသော်လည်း ပြည်သူများသည် ခေါင်းငုံ့အရှုံးမပေးကြပေ။
ပိုမိုသတ်ဖြတ်လေလေ လက်ရှိ ခုခံတော်လှန်မီးတောက် ပိုမိုကြီးမားလေလေပင် ဖြစ်သည်။
တနိုင်ငံလုံးမှ စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများကို စစ်ကောင်စီက အသေအကျေ ပစ်ခတ်သတ်ဖြတ်သောကြောင့် နိုင်ငံတဝှမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) စတင်ဖွဲ့စည်းလာသည်။ တနှစ်ကြာသောအခါ ထိုတပ်ဖွဲ့များသည့် အင်အား တသိန်းရှိသည့် စနစ်တကျ မဖွဲ့စည်းရသေးသော ပြည်သူ့တပ်မတော်တရပ် ဖြစ်လာသည်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် စစ်ကောင်စီဆန့်ကျင်ရေး အခြားတက်ကြွလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်မည် ဆိုပါက လက်ရှိ ခုခံတော်လှန်ရေးကို အရှိန်မြှင့်တင်ပေးလိမ့်မည်ဖြစ်သည်။
PDF များ အလျင်အမြန် ပေါ်ပေါက်ကြီးထွားလာခြင်းကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ သကဲ့သို့ပင် နောက်ဆက်တွဲ သက်ရောက်မှု အတိအကျကို ကြိုတင်ခန့်မှန်းရန် ခက်ခဲမည်ဖြစ်သည်။
သို့သော် နိုင်ငံကို အုပ်ချုပ်နိုင်ရေးနှင့် စစ်ဗိုလ်များ နားလည်သည့် တခုတည်းသောအရာမှာ သတ်ဖြတ်ခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သတ်ဖြတ်ရေးကို အစဉ်အလာအရ တယူသန်နေလျှင် ၎င်းတို့ ကျဆုံးမှု ပိုမိုမြန်ဆန်မည်မှာ သေချာသည်။
ထို့ကြောင့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်နှင့် အခြားနှစ်ဦးကို သတ်ဖြတ်မိန့် ရုတ်သိမ်းလျှင် စစ်ကောင်စီသည် အသိဉာဏ်ရှိရာရောက်မည် ဖြစ်ပေသည်။
You may also like these stories:
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ
အရွယ်မရောက်သေးသူများအား စစ်ကောင်စီ နှိပ်စက် သတ်ဖြတ်ဟု UN ဆို
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်