လာမည့်ရက်များနှင့် ရက်သတ္တပတ်များတွင် ရိုင်းစိုင်းသော စစ်ကောင်စီသည် သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသားများကို ထပ်မံကွပ်မျက်ရန် ပြင်ဆင်နေသည်ကို ကမ္ဘာသို့ မိမိတို့ အရေးပေါ် သတိပေးလိုသည်။
ထိုသူများကို စာနာပြီး မြန်မာတွင် တရားမျှတမှု စိုးမိုးသည်ကို မြင်လိုသူ မည်သူမဆိုအတွက် ယခုအချိန်သည် အချိန်ဆွဲနေရမည့်အချိန် မဟုတ်တော့ပေ။
ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက မကြာသေးမီက ကွပ်မျက်လိုက်ပြီးနောက်တွင် စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော အခြားနိုင်ငံရေးအကျဉ်းသား ၇၄ ဦး၏ ကံကြမ္မာသည် မြန်မာပြည်သူများအတွက် စိုးရိမ်စရာဖြစ်နေသည်။
မြန်မာပြည်သူများအနေဖြင့် စိုးရိမ်ရမည့် အကြောင်းရင်းများ ရှိနေသည်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်လိုက်ပြီးနောက် ရန်ကုန်မှ အင်းစိန်ထောင်ရှိ သေဒဏ်ချထားသည့် နိုင်ငံရေးအကျဉ်းသားများကို အခြားသူများနှင့် သီးခြားခွဲထားလိုက်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။ သေဒဏ်ချခံထားရသည့် ၇၄ ဦးအနက် ၄၁ ဦးသည်ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်။ အခြားသူ ၄၂ ဦးကို မျက်ကွယ်တွင် သေဒဏ်ချထားသည်။
တက္ကသိုလ်ကျောင်းသားများ၊ လူငယ်ပညာရှင်များနှင့် အမျိုးသမီး ၈ ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသော ကျန်အကျဉ်းသားများသည် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်ခံရသော တက်ကြွလှုပ်ရှားသူ ၄ ဦး ကဲ့သို့ပင် စစ်ကောင်စီ၏လက်တွင် ဥပဒေမဲ့သတ်ဖြတ်ခြင်းကို ခံရနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။ ထပ်မံကြိုးပေးကွပ်မျက်ရန် အစီအစဉ်များရှိနေကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။
ထိုသတင်းသည် သေဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများအတွက် စိုးရိမ်ပူပန်စရာ ဖြစ်စေသည်။ ထောင်အာဏာပိုင်များက ဖုန်းဆက်ပြီး မိမိတို့ ချစ်ခင်မြတ်နိုးရသူများကို လာရောက်တွေ့ဆုံရန် မပြောပါစေနှင့်ဟု ၎င်းတို့ ဆုတောင်းနေကြရသည်။ မကြာသေးမီက ကွပ်မျက်ခံရသူ ၄ ဦးကို မိခင်များ၊ ဆွေမျိုးများနှင့် ဗီဒီယိုမှတဆင့် တွေ့ဆုံခွင့်ပေးပြီးနောက် ၂၄ နာရီအတွင်း ကြိုးပေးကွပ်မျက်လိုက်ခြင်း ဖြစ်သည်။
“သူတို့ဆီက ဖုန်းဆက်ခေါ်တာ မခံချင်ဘူး၊ ဆိုးရွားတဲ့ အကျိုးဆက်တွေကို စိုးရိမ်တယ်။ အဲဒီကိစ္စကို စဉ်းတောင် မစဉ်းစားချင်ဘူး” ဟု သေဒဏ်ချမှတ်ခံထားရသော အကျဉ်းသားတဦး၏ မိသားစုဝင်တဦးက ပြောသည်။
မျက်ရည်စက်လက်ဖြစ်နေပြီး အကြီးအကျယ်စိတ်ထိခိုက်နေသော မိခင်တဦးက သူ၏သားကို မသတ်ရန် စစ်ကောင်စီကို တောင်းပန်ပြီး အခြားသူများထံမှ အကူအညီတောင်းခံသည်။ “ကျမတို့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။ ကျမသားသေရင် ကျမလည်းသေမှာပဲ။ ကျမ မခံစားနိုင်တော့ဘူး” ဟု ပြောသည်။
ထိုစကားများသည် ဧရာဝတီသတင်းဌာနက သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသား မိသားစုများနှင့် တွေ့ဆုံမေးမြန်းထားသည့် စကားများမှ ထုတ်နုတ်ဖော်ပြသော စကားများဖြစ်သည်။ ထို တွေ့ဆုံမေးမြန်းမှုများသည် နိုင်ငံ၏ ဆိုးရွားလှသော အခြေအနေကို ဖော်ပြနေသည်သာမက မိသားစုများ၏ စိတ်ခံစားမှု ပြိုလဲပျက်စီးခြင်းကိုလည်း ပြသနေသည်။
တွေ့ဆုံမေးမြန်းခံရသူအားလုံးက ၎င်းတို့သည် မီဒီယာနှင့် စကားပြောသောကြောင့် ဒဏ်ခတ်သည့် အနေဖြင့် ၎င်းတို့ဆွေမျိုးသားချင်းကို စစ်ကောင်စီက အလျင်စလို သတ်ပစ်မည်ကို စိုးရိမ်ပြီး ၎င်းတို့၏ အမည်များနှင့် အကျဉ်းသားအမည်များကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန်တောင်းဆိုကြသည်။
သတင်းဌာနများနှင့် စကားပြောသောကြောင့် စစ်ကောင်စီက ဆိုးရွားလှသော တစုံတခု လုပ်၊ မလုပ်ကို သိလိုသည့် သံသယရှိသူများအနေဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တခါကပြောခဲ့ဖူးသည့် “ကျနော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုသည့် စကားကို သတိရရန်လိုသည်။
၎င်းတို့၏ အကန့်အသတ်မဲ့ လူမဆန်မှုကို ပြသသည့် နောက်ဆုံးသက်သေခံချက်အနေဖြင့် စစ်ကောင်စီသည် မကြာသေးမီကမှ ကွပ်မျက်ခံထားရသည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ နေအိမ်များကို ဗုဒ္ဓဟူးနေ့တွင် တိုက်ခိုက်သည်။

၎င်းတို့ ၂ ဦးကို ပြည်သူများက သူရဲကောင်းများအဖြစ် ချီးကျူးပြီး ကိုဇေယျာသော်၏ မိခင်က သူ့သားအတွက် ဂုဏ်ယူသည်ဟုပြောသည်ကို ဒေါသထွက်ကာ ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ကျန်ရစ်သူမိဘများသည် မကြာသေးမီကမှ ဆုံရှုံးသွားသော သားများအတွက် ပူဆွေးနေစဉ် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ရိုင်းစိုင်းယုတ်မာမှုသစ်များကို ကမ္ဘာသို့ ပြသရန် ဝန်မလေးသောကြောင့် မိမိတို့အနေဖြင့် စစ်ကောင်စီကို လျှော့မတွက်သင့်ပေ။ ၎င်းတို့သည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို နှောက်ယှက်သည့် မည်သည့် ကျင့်ဝတ်နှင့်ညီသော စဉ်းစားသုံးသပ်မှု သို့မဟုတ် အသိတရားရှိသော စိတ်ခံစားမှုကိုမျှ ခွင့်မပြုသလို နောင်လည်းခွင့်ပြုမည် မဟုတ်ပေ။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ် လူမဆန်မှုကြောင့် သေဒဏ်ကျနေသည့် ကျန်အကျဉ်းသား ၇၄ ဦး၏ အသက်များအတွက် စိုးရိမ်မှုမြင့်မားနေသည်။ စစ်ကောင်စီသည် ထိုသူများကို အားလုံးကို မသတ်လျှင်ပင် အချို့သူများ၏ အသက်အန္တရာယ် ကြီးမားလှသည်။ အထူးသဖြင့် လူသိများသော အမှုများအတွက် စီရင်ခံထားရသူများ အသက်အန္တရာယ် ကြီးမားသည်။
စစ်ကောင်စီသည် လက်စားချေသည့်အနေဖြင့် တရားဥပဒေစိုးမိုးမှု အကြောင်းပြပြီး စစ်ကောင်စီ သတင်းပေးများနှင့် စစ်ကောင်စီ၏ အခြားပစ်မှတ်များကို ခုခံရေးအင်အားစုများက တိုက်ခိုက်မှုအတွက် တရားမျှတမှုရှာသည်ဟုဆိုကာ သတ်ဖြတ်လေ့ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မြန်မာသည် နောက်ထပ် ထိခိုက်သေဆုံးမှုများအတွက် ဝမ်းနည်းနေရဦးမည်ဖြစ်သည်။
ကွပ်မျက်မှုများကို ဆက်လက် ပြုလုပ်ပါက လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် အသက်ပေါင်း ၂၀၀၀ ကျော်ဆုံးရှုံးပြီး ဖြစ်သော မြန်မာနိုင်ငံအတွက် မခံစားနိုင်လောက်အောင် ကြီးမားသောကိစ္စ ဖြစ်သည်။
ယခုအချိန်သည် ကုလသမဂ္ဂအနေဖြင့် မြန်မာမှ အသက်များကို ကယ်ဆယ်ရန် အဓိပ္ပာယ်ပြည့်ဝသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည့်အချိန် ဖြစ်သည်။ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်သောကြောင့် လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခြင်းထက် ပိုမိုသည့် အရေးယူမှုကို လုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။
အမေရိကန် အပါအဝင် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံများအတွက်လည်း အလားတူပင်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် စက်ဆုပ်ဖွယ်ရာ လုပ်ရပ်များအတွက် ကမ္ဘာက ဆက်လက် သည်းမခံနိုင်တော့သောကြောင့် မကောင်းဆိုးရွား စစ်ကောင်စီအနေဖြင့် တန်ဖိုးတခုပေးဆပ်ရမည်ဟု ပြသရန် လိုအပ်သောအချိန် ဖြစ်သည်။
စစ်ကောင်စီ၏ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ကွပ်မျက်မှုများက မိမိတို့အားလုံးသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အတွက် တာဝန်ပျက်ကွက်ခဲ့ကြသည်ကို ပြသနေသည်။
နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန်မပျက်ကွက်သင့်သလို သေဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၇၄ ဦးအပေါ်တွင်လည်း တာဝန်မပျက်ကွက်သင့်ပေ။
စစ်ကောင်စီ၏ မတွန့်ဆုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအကြား ရှင်သန်အောင် ရုန်းကန်နေစဉ် အခြားသူများက ၎င်းတို့ကို ပစ်ပယ်ထားသည်ဟု ၎င်းတို့ မခံစားစေသင့်ပေ။ ၎င်းတို့ကို အလေးထားသူအချို့ ကမ္ဘာတွင်ရှိကြောင်း သူတို့သိခွင့်ရှိသည်။
ကျေးဇူးပြုပြီး သင်၏လူသားဆန်မှုကို မြန်မာအပေါ် အဓိပ္ပာယ်ပြည့်ဝသော လုပ်ရပ်ဖြင့် ယခုပင် သက်သေပြလိုက်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Red Alert: Myanmar Regime to Hang More Political Prisoners; World Must Act Now ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့ကွပ်မျက်မှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ
မြန်မာစစ်တပ်၏ ရှည်လျားသော ကွပ်မျက်မှုသမိုင်း
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ
ဇူလိုင် ၂၅ က ရိုင်းစိုင်းသော သမိုင်းမှတ်တိုင် စိုက်ခဲ့သည်