မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေရှင်ကြီးများကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား ကန်တော့ခံ ပုဂ္ဂိုလ်များထဲတွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပါဝင်နေမှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက်နေလျှက်ရှိသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ကန်တော့ခဲ့သည်။
နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဦးခင်ညွှန့်အား ထိုပွဲသို့ ဖိတ်ကြားခဲ့သော မြန်မာနိုင်ငံ စာရေးဆရာများ အသင်းမှာလည်း ဝေဖန်မှုခံနေရသလို ကိုယ်တိုင် တက်ရောက် ကန်တော့ခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာလည်း အပြင်းအထန် ဝေဖန်ခံနေရသည်။
ယင်းအခြေအနေနှင့် ပတ်သက်ပြီး စာပေပညာရှင်များနှင့် ဥပဒေ ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အချို့ ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြပေးလိုက်ပါသည်။
စာရေးဆရာ ချစ်ဦးညို
ဒီကိစ္စကျနော်သီးခြားတော့ မှတ်ချက်မပေးလိုတော့ဘူး၊ ကျနော်မနေ့က ဖေ့ဘုတ်မှာ ပို့စ်တခုတင်လိုက်တယ်၊ “ ညီလေး ဆရာမင်းလူရေ ကန်တော့ပွဲတဲ့ ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူးကွယ်” အဲ့ဒါကို သေချာစဉ်းစားပြီး ခံစားကြည့်လိုက်ရင် ကျနော့်သဘောထားက အဲ့ဒါပါပဲ။ မင်းလူဆိုတာဘာလဲ လူတွေသိပါတယ်။ “ဘာတွေဖြစ်နေကြပြီလဲ” ဆိုတဲ့ ကဗျာတပုဒ်နဲ့ ထောင် ၇ နှစ်ကျခဲ့ရတဲ့ ဆရာတယောက်ဖြစ်ပါတယ်။
ဆရာတင်မိုးတို့၊ ဆရာမြသန်းတင့်တို့၊ ဆရာမောင်သော်ကတို့၊ ဆရာဝင်းတင်တို့ အစရှိတဲ့ လူကြီးတွေကို ဥပမာမပေးတော့ ပါဘူး၊ လူငယ်တယောက်ဖြစ်တဲ့ မင်းလူကိုပဲ တိုင်တည်ပြီးတော့ တမ်းတတာပေါ့၊ ကန်တော့ပွဲနဲ့ပတ်သက်ပြီး ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ပါဘူး။
ကျနော်က စာရေးဆရာအသင်းမှာ ရိုးရိုးသာမာန်အသင်းဝင်ပဲ၊ ၂၀၀၉ ခုနှစ်လောက်ကတည်းက ဝင်ထားတာ ကြာပြီ။ နိုင်ငံခြားသွားဖို့ ပတ်စပို့လျှောက်တော့ မဝင်မနေရသဘောကြောင့် ဝင်လိုက်ကြတာ၊ အသင်းဝင်ဆိုပေမယ့် အသင်းနဲ့ကျနော်နဲ့ တော်တော် ကင်းကွာပါတယ်၊ စည်းဝေးတွေ၊ ညီလာခံတွေ တခုမှ မပတ်သက်ခဲ့ဘူး၊ အဲ့တော့ ထွက်စာတင်တယ်ဆိုတာလဲ မဟုတ်ဘူး၊ တင်စရာမှ မလိုတာ။ အစကတည်းက ထဲထဲဝင်ဝင်မှ မရှိခဲ့တာလေ။
စာရေးဆရာ အသိုင်းအဝိုင်းကို ဘယ်လောက်အထိ ရိုက်ခတ်သွားလဲဆိုတော့ “စာရေးအသင်း” တောင်ပြန်လည် ဖွဲ့စည်းရမလို ဖြစ်နေပြီ။ လက်ရှိအမှုဆောင်များနဲ့က အဆင်ပြေကြတော့မယ်မထင်ဘူး။ တချို့ကလဲ နှစ်ခြမ်းကွဲသွားတယ်လို့ ပြောကြတယ်၊ လက်ရှိအသင်းမှာ ပါဝင်လုပ်နေတဲ့သူတွေနဲ့ အဲ့လိုမဟုတ်တဲ့သူတွေပေါ့။
ကျနော်ပြောချင်တာက နှစ်ခြမ်းကွဲရအောင် ဘယ်တုန်းကရော တခုတည်းစည်းစည်းလုံးလုံး ရှိခဲ့ဖူးလို့လဲ စာရေးဆရာအသင်းက။ အစကတည်းက သီးခြားစီနဲ့ သိပ်ထွေးထွေးမရှိခဲ့ပါဘူး။ အခုထွက်တဲ့သူတွေကလည်း သူ့သဘောနဲ့သူ ထွက်ကြပေါ့ဗျာ၊ သို့သော်လည်း ဒီဂရက် ဒီနေရာတင်မပြီးသေးဘူး၊ ဘယ်လိုဆက်ဖြစ်မလဲ ကျနော်လဲမသိဘူး၊ ဆက်စောင့်ကြည့်ရမှာပဲ။
စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)
ကျနော့်သဘောထားကတော့ ရှင်းတယ်၊ ဗိုလ်ခင်ညွန့်လိုလူမျိုးက စာရေးဆရာလဲမဟုတ်ဘူး၊ နောက်တချက်က ကန့်တော့ခံ ထိုက်တဲ့သူလဲ မဟုတ်ဘူး၊ အဲ့အတွက် ဒီလိုလုပ်ရပ်ကို လုံးဝသဘောမတူဘူး၊ အဲ့ဒါပါပဲ။ စာရေးဆရာ အသင်းကနေလဲ ကျနော်နှုတ်ထွက်လိုက်ပါပြီး၊ ထွက်ရတဲ့အကြောင်း အရင်းတွေကိုတော့ ကျနော်ဘာမှမပြောချင်ပါဘူး၊ နှုတ်ထွက်ကြောင်း စာထဲမှာလဲ ကျနော့်ဆန္ဒအရ နှုတ်ထွက်တယ်လို့ပဲ ရေးထားလိုက်ပါတယ်။ ဒီလုပ်ရပ်က စာရေးဆရာတွေအပေါ် စာပေလောက အပေါ် ဘယ်လောက်အထိ ထိခိုက်ရိုက်ခတ်လဲဆိုတာတော့ အခုအားလုံးတွေ့နေကြတဲ့ အတိုင်းပဲလေ။ အဲ့လောက်အထိကို ရိုက်ခတ်တာလို့ပဲ ပြောရမှာပေါ့။
ဆရာမ ဒေါ်သန်းမြင့်အောင် (ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်)
ကန်တော့တာကလဲ ကန်တော့လို့ရပါတယ်။ ကျမက စာရေးဆရာ အသင်းဝင်တော့ မဟုတ်ပေမယ့် အသင်းမှာရှိတဲ့ စာရေးဆရာတွေ အများကြီးရဲ့ သဘောနဲ့မဟုတ်ဘဲ တဦးတယောက်၊ တစုတဖွဲ့ရဲ့ သဘောနဲ့ လုပ်တယ်ဆိုရင် ကန်တော့ခံကြတဲ့ စာပေပညာရှင်တွေရော၊ ကန်တော့ရတဲ့ စာရေးဆရာတွေ စာပေဝါသနာရှင်တွေ၊ တာဝန်ရှိတဲ့ ဝန်ကြီးချုပ်တို့ မြို့တော့ဝန်တို့ကိုပါ အားလုံးကိုအကြပ်အတည်းတွေ့အောင် လုပ်လိုက်တာပါပဲ။
မိမိကျေးဇူးရှင်မို့ ကျေးဇူးရှိရင် အိမ်တိုင်ရွာရောက် သွားကန်တော့ကြပါ၊ ဘယ်သူမှအပြစ်မတင်ပါဘူး။ တာဝန်ခံပြီး လုပ်တဲ့သူတွေအနေနဲ့ အများရဲ့ဆန္ဒကို လေးစားသင့်တယ်၊ အခြေအနေအချိန်အခါကိုလဲ ကြည့်သင့်တယ်။
စာရေးဆရာ ထက်မြက်
မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ ဥက္ကဋ္ဌ
ဗိုလ်ခင်ညွှန့်ဟာ ရက်ရက်စက်စက် ဘာတွေလုပ်ခဲ့သလဲဆိုရင် ဆရာတို့ကိုယ်၌က ဒါတွေ ခံခဲ့ရတာပေါ့ နောက်ဆုံး ဗိုလ်ခင်ညွှန့် အာဏာမစွန့်ခင်အထိ နှိပ်စက်သတ်ပြီးသွေးသံတရဲရဲနဲ့ဖြစ်ခဲ့တာပဲ။ ၈၈ အရေးတော်ပေါ်ကြီးမှာ NLD မှာပါတဲ့ ဦးမောင်ကို ကိုစစ်ထောက်လမ်းရေး စစ်ကြောရေး စခန်းမှာ စစ်ဆေးရင်းနဲ့ သေဆုံးသွားခဲ့တယ်။ နောက် ၈ လေးလုံး အရေးတော်ပုံကြီးနဲ့အတူ ပေါ်ထွက်လာတဲ့ အရေးတော်ပုံကြီးမှာ ပါဝင်ပတ်သက်တဲ့ ဗမာပြည် ကွန်မြစ်နစ် ပါတီက ခေါင်းဆောင် တယောက်ဖြစ်တဲ့ မန္တလေးက ဦးမောင်ကိုဆိုတဲ့ ပုဂ္ဂိုလ်ဟာ အဖမ်းခံရတယ်။ ပြီးတော့ စစ်ကြောတယ်။ နောက်ဆုံး ဦးမောင်ကိုကို သူတို့ အသက်ထွက်တဲ့ အထိ စစ်လိုက်ကြတယ်။
ဦးမောင်ကို မန္တလေး စစ်ကြောရေး စခန်းမှာ သေဆုံးသွားခဲ့တာ သမိုင်းမှာ တကယ် ဖြစ်ခဲ့တယ်။ ဗိုလ်ခင်ညွန့် အဲဒီတုန်းက စစ်ထောက်လှမ်းရေး ရဲ့ အကြီးအကဲပဲ။ နောက်တော့ ထောင်ထဲမှာ ဆရာမောင်သော်က၊ ဆရာမုံရွာ တင်ရွှေ၊ ကိုစိန်ဝင်း ရန်ကြီးအောင် စိန်ဝင်းလို့ ခေါ်တယ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ဦးစိုးဝင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဲဒီ NLD ခေါင်းဆောင်တွေဟာ အကျဉ်းထောင်ထဲမှာတင် ရက်ရက်စက်စက် အသတ်ခံခဲ့ရတယ်။ အမျိုးသားရင်ကြားစေ့ရေးလို့ ပြောနေတဲ့ NLD ခေါင်းဆောင်တွေနဲ့ ပုဂ္ဂိုလ်တွေကို ပြောလိုက်ချင်တာက အဲဒီလို သွေးစွန်းသွားတာတွေကို မမေ့ကြပါနဲ့ ကိုဖြိုးမင်းသိန်းတို့လို့ ထောင်ထဲ ရောက်ခဲ့တဲ့ သူတွေကလည်း အဲဒါတွေကို မေ့ပြီး ဗိုလ်ခင်ညွန့် ထိုင်ကန်တော့ နေတဲ့အဖြစ်မျိုးတွေကလည်း ရှက်စရာ အလွန်ကောင်းတယ်လို့ မြင်တယ်။
ဗိုလ်ခင်ညွန့်ကို စာရေးဆရာ စာပေပညာရှင် အဖြစ်နဲ့ စာရေးဆရာ အသင်းကြီးက ကန်တော့ကြတယ် ဥက္ကဋ္ဌ စာရေးဆရာ မနုဿကျော်ဝင်း ဦးဆောင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေက ဦးဆောင်ပြီးတော့ ကန်တော့ကြတယ်။ အဲဒီတော့ ဗိုလ်ခင်ညွန့်က စာရေးဆရာ ဖြစ်ပြီလား။ စာအုပ်လေး ၁ အုပ်၊ ၂ အုပ်၊ ၃ အုပ် ရေးရင်ရော စာရေးဆရာ ဖြစ်သွားပြီလား။ စာပေပညာရှင်ဆိုတာက လွယ်လွယ်ကူကူနဲ့ စာပေ ပညာရှင်လို့ ပြောလို့ရတာမဟုတ်ဘူး။ ဆရာတို့တောင် ကိုယ့်ကိုယ်ကို စာပေပညာရှင်လို့ မသတ်မှတ်နိုင်သေးပါဘူး။ နှစ်ပေါင်း ၄၀၊ ၅၀ စာရေးခဲ့တာပါ။ အဲဒီလို စာပေပညာရှင်လို့ ကန်တော့ကြတာ ဘာရည်ရွယ်ချက်နဲ့ ကန်တော့ကြတာလဲ။ အဲဒီလိုလုပ်တဲ့ အခါမှာ ဗိုလ်ခင်ညွန့်က ကန်တော့ခံဖို့ တက်လာတာထက် အဲဒီ ကန်တော့ခံဖို့အတွက် ဖိတ်ခေါ်တဲ့သူတွေ၊ ရွေးချယ်တဲ့ သူတွေမှာ တာဝန်ပိုမရှိပေဘူးလား။
ဒီကိစ္စကို သူတို့ သမိုင်းမှာပါ တာဝန်ယူရလိမ့်မယ်။ စာရေးဆရာ အသင်းကြီးမှာ ရှိတဲ့စာရေး ဆရာတွေကလည်း မောင်စိန်ဝင်း ပုတီးကုန်းတို့လို ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ဖို့ စွန့်ခွာဖို့ကောင်းတယ်လို့ ပြောချင်ပါတယ်။ ရုပ်ဆိုးအကျဉ်းတန်လှတဲ့ စာဆိုတဲ့နေရဲ့ ဂုဏ်ပုဒ်ကို ဖျက်ဆီးလိုက်တဲ့၊ သွေးစွန်းနေတဲ့ လက်ရှိတဲ့သူတွေကို ထိုင်ကန်တော့ ရာတယ်ဆိုတာ အလွန်ရှက်စရာ ကောင်းလှတယ်လို့ပဲ ပြောချင်ပါတယ်။ ကျားသေကို အသက်သွင်းတာမျိုး ကျဆုံးသွားတဲ့ ပြည်သူတွေရဲ့ ချဉ်ဖတ်တွေကို နေရာပြန်ပေးတာမျိုးတွေကို မလုပ်ကြပါနဲ့။ စာပေသမားတွေက ရိုးသားဖြောင့်မတ်တဲ့ ရဲရင့်တဲ့ အမှန်တရား ဘက်မှာ ရှိတဲ့သူတွေ ဖြစ်ပါစေလို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
စာရေးဆရာ ညီပုလေး
ကျနော်ကတော့ အဲဒီပွဲကို သပိတ်မှောက်ပြီးထားသွားတဲ့သူတွေ၊ စာရေးဆရာအသင်းက ထွက်တဲ့သူတွေ မှန်တယ်လို့ ယုံကြည်တယ်၊ ကျနော့်အနေနဲ့ကတော့ သူ့ကို (ဦးခင်ညွန့်) စာရေးဆရာလို့ မသတ်မှတ်နိုင်ပါဘူး၊ ဒီလောက်ပဲပြောချင်ပါတယ်။
ကဗျာဆရာ ဦးကိုလေး (အင်းဝဂုဏ်ရည်)
တောင်အာဖရိကက နယ်ဆင်မင်ဒဲလားပြောခဲ့တာကို ကျနော်အရမ်းကြိုက်ပါတယ်၊ Forgive , but not forget ဒါပါပဲ၊ ခွင့်လွှတ်ပါတယ်တဲ့၊ သူ့ထောင်ချတာတွေ ဘာတွေကို အကုန်လုံး ခွင့်လွှတ်ပါတယ်၊ ဒါပေမယ့် မေ့လို့မရဘူးတဲ့၊ ဆိုတော့ ဒီလိုပွဲမျိုးကို နောက်ထပ်ဆက်တက်မှာကို ကြောက်တာကိုးဗျ၊ ကျနော်တို့ကလည်း အခုအချိန်မှာ အမျိုးသားညီညွှတ်ရေး ပြန် လည်တည် ဆောက်နေတဲ့အချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေတဲ့အချိန်၊ ဒီမိုကရေစီနိုင်ငံတော်သစ် တည် ဆောက်နေတဲ့ အချိန်မှာ အာဃာတနဲ့လုပ်လို့မရဘူးဆိုတာ သိပါတယ်၊ သို့သော် သူ့အနေနဲ့ စစ်မဟာဗျူဟာလေ့လာရေးမှာ သွား အကန်တော့ခံ၊ ထောက်လှမ်းရေးပညာနဲ့ ပက်သက်ပြီး သွားအကန်တော့ခံပါ၊ ကျနော်တို့ ဘာမှ ကန့်ကွက်စရာအ ကြောင်းမရှိဘူး၊ သူနဲ့မဆိုင်တဲ့နေရာ ရောက်လာလို့ ထ ကန့်ကွက်တာပါ ဒါပါပဲ။
အာဃာတကြောင့်လည်း မဟုတ်ဘူး၊ ရန်ငြိုး ထားလို့လည်း မဟုတ်ဘူး၊ အဲဒီတော့ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ သူလား (သို့မဟုတ်) မြန်မာနိုင်ငံစာရေးဆရာ အသင်းက ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေလား၊ သူတို့ တခုခုတော့ ဖြေရှင်းသင့်တယ်၊ နောက်ပြီး အခုဖြစ်ရပ်က နိုင်ငံရေးထိုးကွက်လား၊ သူတို့ ဇာတ်ရုပ်တွေက အများကြီးရှိတာ လိုအပ်လာရင် ထုတ်ထုတ်သုံးတယ်၊ ဘုန်းကြီးသုံးလိုက်၊ မော်ဒယ်ကောင်မလေးသုံးလိုက် ဟိုဟာ ဖော်ပြလိုက်၊ ဒီဟာဖော်ပြလိုက်နဲ့ ဒါတွေဟာ အင်္ဂလိပ်နည်းတွေပါ၊ အင်္ဂလိပ်က ဂဠုံဆရာစံ လယ်သမားကြီးသူပုန်ထ နေတော့ မြန်မာတပြည်လုံးထောက်ခံမှာဆိုးလို့ မော်လဝီနဲ့ယောဂီကျမ်းဆိုတာ ဦးရွှေဖီရဲ့ ဘယ်တုန်းက ရေးထားမှန်း မသိတဲ့ စာအုပ်ကြီးကို ဖုန်ခါပြီးတော့ ရန်တိုက်ပေးတာ၊ ကုလား-ဗမာအဓိကရုန်းဆိုပြီး လမ်းလွှဲပစ်တာ၊ ဒီနည်းက အင်္ဂလိပ်နည်းပါ ကျနော်တို့က ရိုးနေပါပြီ၊ အခုက ဘာအကွက်ကို ရွှေ့တာတုန်းဆိုတာကို မကျေနပ်ကြတာပါ၊
စာရေးဆရာ သိုက်ထွန်းသက်
ကန့်ကွက်တယ်၊ ကန့်ကွက်တယ်ဆိုတာက စာအုပ် လေး၊ ငါးအုပ်ရေးထားပြီး စာရေးဆရာမစစ်လို့ ပြောတာမဟုတ်ဘူး၊ သူ့အနေနဲ့ ရသမြောက်တဲ့စာတွေပဲ ရေးခဲ့စေဦးတော့ သူက ပြည်သူကို ဒုက္ခပေး၊ သတ်ခဲ့တဲ့သူဖြစ်နေတယ်၊ တချိန်က ဖိနှိပ်မှုယန္တရားကြီးကို ဦးဆောင်ပြီးလုပ်ခဲ့တဲ့သူဖြစ်တာကြောင့်မို့ သူ့ကို ကန်တော့ခံစာရင်းထဲမှာ မထည့်ထိုက်ဘူး၊ ဦးဖြိုးမင်းသိန်းနဲ့ ပက်သက်ပြီးတော့ ဂျင်းထည့်ခံရတယ်လို့ ပြောကြတယ်၊ ရုတ်တရက်ဖြစ်ခဲ့တယ်လို့လည်း ပြောကြတယ်၊ ပွဲ ရောက်မှ သိတယ်လို့လည်း ပြောကြတယ်၊ အဲဒီအထိတော့ လက်ခံတယ်၊ ဒါပေမယ့် ရင်ကြားစေ့ပြီး ခွင့်လွှတ်တဲ့အနေနဲ့ဆို ရင်တော့ လက်ခံလို့မရဘူး၊ ဘာကြောင့်လဲဆိုရင် သူက ပင်နီဝတ်ထားတယ်လေ၊ ဦးဖြိုးမင်းသိန်း မဟုတ်ဘူးလေ၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လေ၊ NLD ရဲ့ ပင်နီဝတ်စုံနဲ့ ထိုင်ကန်တော့တယ်ဆိုတာက ပါတီကိုရော ပြည်သူကိုရော အလေးမမူရာ ရောက်တယ်၊
နောက်ပြီး ဒုတိယကမ္ဘာစစ်က မတရားမှုတွေကို ကျုးလွန်ခဲ့တဲ့ ဖက်ဆစ်ဝါဒမှာ ဂျပန်ကအစ ပြည်သူကို တောင်းပန်ရတယ်၊ ကျုးကျော်ခဲ့ကြတဲ့ သက်ဆိုင်ရာနိုင်ငံတွေကိုလည်း သွားပြီး တောင်းပန်ကြရတယ်၊ အဲဒီလို ဝန်ချတောင်းပန်တာတွေ လုပ်ပြီး တော့မှပဲ တဦးချင်းသော်လည်းကောင်း နိုင်ငံအလိုက်သော်လည်းကောင်း ခွင့်လွှတ်ကြရတာမျိုးပါ၊ သူတို့က အဲဒီလို တောင်း ပန်းတာမျိုးမရှိခဲ့တော့ သူ့အနေနဲ့ ဒီနေရာ ကန်တော့ခံလို့မရဘူး၊ ကန်တော့လည်း မခံထိုက်ဘူးလို့ ပြောချင်တယ်၊
ပြီးတော့ စာပေနဲ့ပက်သက်လို့ စာရေးဆရာတွေကို နိုင်ငံတော်အတိုင်ပင်ခံက လေးစားပြတယ်၊ အခုက မင်းတို့လေးစားပြပါ တယ်ဆိုတဲ့ စာရေးဆရာတွေက နောက်ဆုံးတော့လည်း မင်းတို့ ရွံမုန်းပါတယ်ဆိုတဲ့ စစ်အာဏာရှင်ဆိုတဲ့ လူကို ထိုင်ကန် တော့ရတာ ပါပဲကွာဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သက်သက်မဲ့ လုပ်ပြလိုက်တယ်လို့ ထင်တာပဲ၊ အဲဒါကြောင့် စာရေးအသင်းကို လည်း ကန့်ကွက်တယ်၊ စီစဉ်သူတွေကိုလည်း ကန့်ကွက်တယ်၊ ကန်တော့ခံတဲ့သူကိုလည်း ကန့်ကွက်တယ်၊ ပင်နီဝတ်ပြီးတော့ စစ်အာဏာရှင်ကို ထိုင်ကန်တော့တာကိုလည်း ကန့်ကွက်ပါတယ်၊ အခုဖြစ်ရပ်က နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ စာရေးဆရာတွေ အကုန်လုံးကို စော်ကားလိုက်တာပဲလို့ မြင်ပါတယ်၊
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်
တော်ရုံတန်ရုံ လူကတော့ ခွင့်လွတ်လို့ ရပါတယ်။ ဗုဒ္ဓဘာသာလည်း ဖြစ်တယ်။ အသက်ကြီးပြီ ၇၀ ကျော်ပြီ။ ဒါပေမယ့်လည်း ဆရာ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသား ၅ ကြိမ် ခံခဲ့ရတယ်။ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး ၊ နိုင်ငံတကာ သိက္ခာ ပြည်သူတွေ အပေါ်မှာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ အပေါ်မှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့ အဖျက်ဆီးဆုံးပေါ့နော်။ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးတဲ့ လူတယောက် ဖြစ်တယ်။
၂၀၀၈ အခြေခံ ဥပဒေနဲ့ တားထားလို့ နောက်ကြောင်းပြန် အရေးမယူရလို့ ဆိုလို့သာ မဟုတ်ရင် သူဟာ ခုံရုံး ဖွဲ့ပြီးတော့ သူ့ကို ပြင်းထန် တဲ့ နှစ် ၁၀၀ ၊ ၁၂၀ တို့ ချပြစ်ရမယ့် လူမျိုး ဖြစ်တယ်။ ဒီလို သမိုင်းမှာ အလွန် ဆိုးတဲ့ နိုင်ငံတော်ကို ဖျက်ဆီးခဲ့တဲ့ လူတယောက်ကို ဒီလို စင်မြင့်ပေါ်မှာ တင်ပေးတဲ့ ဟာမှာ အဲ့ဒီလာတဲ့ သူတွေကိုသာ ရှုံ့ချ ရုံသာမကဘူး။ အဲ့ဒီတင်ပေးတဲ့ သူတွေကိုပါ သမိုင်းတရားခံ အဖြစ်နဲ့ ဆရာတို့က ရှုတ်ချတယ်။ အဲ့ဒါကိုတော့ အတိအလင်း ကြေညာတယ်။
သူရဲ့ လာရာဗီဇ ကိုက သိပ်မကောင်းဘူး။ သူက ဟိုပြောင်း၊ ဒီပြောင်းပြောင်းလာတဲ့ လူတယောက်ဖြစ်တယ်။ ဦးဝင်းထိန်ကို တက်ပြီးတော့မှ သူက ဒီဟာကို တက်လာတာလေ။ သူက လာရာလမ်းကိုက သိပ်မူမမှန်ဘူးပေါ့။ အဲ့ဒီမူ မမှန်တဲ့ သူယောက်က အဲ့လို ဖင်မှန်း ခေါင်းမှန်း မသိပဲနဲ့ အဲ့လိုမျိုးပေါ့။ ဒါ မဆက်ဆံရမယ့်လူမျိုးလား၊ အပြစ်ပေးရမယ့် လူလား ။ သမိုင်းရဲ့ တရားခံလား ဆိုတာ မသိဘူးဆိုတာကတော့ အတော့်ကို ဝမ်းနည်းတယ်။ ဒါနဲ့ ပတ်သက်လို့ သူ့ကိုလည်း ရှုတ်ချတယ်။
ဒေါ်ဖြူဖြူသင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
နိုင်ငံထဲမှာ ရှိနေတဲ့ ပြည်သူ လူထုတွေကို ကောင်းမွန်တဲ့ စာကောင်းပေကောင်းတွေကို ရှေ့ကနေ ပေးခဲ့တယ်လို့ ပြောလို့ ရတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောလို့ ရတာပေါ့။ စာပေ ပညာရှင်ဆိုတာက ကျမတို့ ရင်ထဲ မှာ ရှိနေတာ။ နိုင်ငံရေး လုပ်နေတဲ့ သူတွေရော ၊ တိုင်းပြည်မှာ ရှိနေတဲ့ ပြည်သူလူထု အားလုံးကရော သူတို့ ရဲ့ စာပေတွေကို ဖတ်ပြီးတော့မှ ၊ ပညာ ရှင်တွေရဲ့ စာပေတွေကို ဖတ်ပြီးတော့မှ ဖြေရှင်းကြတယ်။ အတွေ့ အကြုံတွေ ဖလှယ် ကျတယ်။ အဲ့လို ပုံစံ သွားခဲ့ကျတာလေ။
ပြောရရင် အဲ့ဒါနဲ့လည်း မကိုက်ညီဘူး။ သူက ဘယ်သူ့ကို အကျိုးပြုခဲ့သလဲ ။ ဘာတွေ အကျိုးပြုတဲ့ စာတွေ ရေးခဲ့သလဲ ။ ဒါတွေ ကျမတို့က သုံးသပ်ရမယ်လေ။ အဲ့လိုမျိုးလည်း မတွေ့ခဲ့ရဘူး။ အဲ့ဒီနေရာမှာ ထိုင်တယ်ဆိုတည်းကိုက ပညာရှင်တွေကို စော်ကားလိုက်သလိုမျိုးဆိုတဲ့ဟာ ခံစာလိုက်ရတယ်ပေါ့နော်။
နောက်တချက်က ဝန်ကြီးချုပ်ပေါ့။ သူကိုယ်တိုင်လည်း နိုင်ကျဉ်း ဖြစ်နေတယ်။ ဒါတွေ အကုန်လုံးလည်း ခံစာခဲ့ရတယ်ပေါ့။ ကျမတို့ ဘဝတွေရော၊ အသက်တွေရော အကုန်လုံး ရင်းခဲ့ရတာ။ တယောက်ထဲ မဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး အတွက်ကို အများကြီး စွန့်လွှတ်ခဲ့ကြတယ်။
ကျမတို့ ရှေ့ဆက်သွား တဲ့နေရာမှာ ဒီတိုင်းပြည်ကောင်းဘို့ ပြည်သူလူထုကောင်းဖို့ အတွက်ကို အားလုံးက ရှေးရှု့ပြီးတော့ ပူးပေါင်းကြတယ်။ ဆောင်ရွက်ကြတယ်။ ဒါက တမျိုး ။ တချို့ ကိစ္စရပ်တွေမှာ ဒီတိုင်း ပြီးလို့ မရတဲ့ ကိစ္စရပ်တွေ ရှိတယ်။ အဲ့လို ပြီးလို့ မရတဲ့ ကိစ္စရပ်တွေ က တစုံတခု ဘာမှ မပြောမဆို ဘူးပဲနဲ့ ကိုယ် အပြစ် ကျူးလွန်ထားရင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်က အပြစ်ကျူးလွန်ပြီးပြီ ဆိုရင် ဒီအပြစ်နဲ့ ထိုက်တန်တာကို ခံစားရတယ်။ ပြည်သူလူထုနဲ့ ကြည့်မယ်ဆိုရင် တရားဥပဒေ ရှိတယ်။ ဒီလူဟာ အပြစ်ကျူးလွန်ရင် တရားဥပဒေရဲ့ အပြစ်ပေးတာ ခံရတယ်။
သူက ဒီလိုလည်း ခံစားခဲ့ရတာတွေ မရှိတဲ့ အပြင် ကိုယ်လုပ်ခဲ့တာ တခု အတွက်ကို ခံစားခဲ့ရတဲ့ ဘဝတွေ၊ အသက်တွေကိုတော့ သူ အနေနဲ့ ပေါ့ တစုံတခု ဘာများ တောင်းပန်ခဲ့ဘူးသလဲ။ ဘာတွေများ မှားတယ်ဆိုတာ ပြောခဲ့ဘူးသလဲ ။ ဒါတွေ ကြည့်ရမယ်။ အဲ့ဒီမှာလည်း ဘာမှမရှိဘူး။ ကိုယ်မှားတယ်ဆိုတာကို ကိုယ်တောင်းပန်ရမယ်။ အဲ့လိုလည်း မရှိတဲ့ အတွက် အဲ့ဒီ ကိစ္စကတော့ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စလို့ပဲ မြင်ပါတယ်။
ကဗျာဆရာ ထွဏ်းသွေးအိမ်
ကဗျာဆရာ ထွဏ်းသွေးအိမ် တယောက်ထဲရဲ့ အမြင်ကိုပြောရမယ်ဆိုရင် အခုဖြစ်စဉ်ကို အပြင်းအထန်ရှုတ်ချပါတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ဦးခင်ညွန့်က စာရေးဆရာတွေ၊ ကဗျာဆရာတွေကို ထောင်ထဲထည့်ခဲ့တယ်၊ အမှောင်လောကထဲကို အကုန် လုံးရောက်အောင် သွင်းခဲ့တဲ့သူတယောက်ဖြစ်တယ်၊ နောက်ပြီးတော့ သူ့မှာ စာပေနဲ့ပက်သက်ပြီး ဘာသမိုင်းကြောင်းမှ မရှိ ဘဲနဲ့ ရုတ်ချည်း ကန်တော့ခံ စင်ပေါ်မှာ ရောက်လာတဲ့ကိစ္စကြီးမှာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်၊ ဒါကိုလည်း လုံး၀ သဘောမတူပါဘူး။
ဦးဖြိုးမင်းသိန်း ကန်တော့ရတဲ့အနေအထား၊ သူတွေ့ဆုံခြင်းအနေအထားက ဘာမှန်းမသိပေမယ့် ဝန်ကြီးချုပ် တယောက် အနေနဲ့ကတော့ သူ့ခေါင်းထဲမှာ ရှိသင့်တယ်လေ၊ ဒီလူနဲ့တွေ့ပြီး ဒီလိုပုံတွေတက်လာရင် ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ တွေးသင့်တယ်၊ နောက်ဆုံး သူ့အမျိုးသမီးကတောင် သူနဲ့ဦးခင်ညွန့်နဲ့တွေ့နေတဲ့အချိန်မှာ ဒါမျိုးကို လက်မခံနိုင်ပါဘူးဆိုတဲ့ အနေအထား တခုကို သူ့အမျိုးသမီးက ပို့စ်တခုတင်လိုက်တယ်လေ။ ဒီတော့ အခုဖြစ်ရပ်ကြောင့် စိုးရိမ်မှုရှိတာတော့အမှန်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဦးခင်ညွန့်က အင်မတန်မှ ကြောက်စရာကောင်းတဲ့သူ တယောက်ဖြစ်နေ တာကြောင့်ပါ၊ သူက စာပေနဲ့ပက်သက်ပြီး ပြန်နင်းဝင်လာရင်လည်း လက်ခံနိုင်စရာအကြောင်း လုံးဝမရှိဘူး၊ အဲဒီအတွက် ကဗျာဆရာဖြစ်တဲ့ ထွဏ်သွေးအိမ်တယောက်ထဲရဲ့သဘောထားကတော့ လုံးဝကို ပြင်းထန်စွာ ရှုတ်ချပါတယ်၊ ကန့်ကွက်ပါ တယ်၊
စာရေးဆရာမ ချောအိမာန်
ဒီကိစ္စက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ၊ ကျန်တာတွေမပြောတော့ဘူးဗျာ၊ စာရေးဆရာအနေနဲ့ကို လက်မခံ နိုင်တာ၊ ဒီလိုလက်မခံနိုင်တဲ့ အတွက် ကန်တော့ခံထဲထည့်တာကို မကျေနပ်ဘူး၊ ဖိတ်ကြားတဲ့သူတွေရဲ့ သတ်မှတ်ချက်နဲ့ ဘယ်လိုပဲ ညီညီ၊ စာအုပ် ၄ အုပ်ပဲထုတ်ထုတ်၊ အုပ် ၄၀ ပဲထုတ်ထုတ် နိုင်ငံသားတွေအားလုံးကို ဒုက္ခပေးခဲ့ပြီး အမည်းစက်တွေ ဖြစ်ခဲ့တဲ့ လူတယောက်ကို ကျနော်တို့က စာရေးဆရာအဖြစ် မသတ်မှတ်ဘူးဆိုတော့ ဒီလိုနေရာကို မပေးချင်ပါဘူး၊ လက်မခံ နိုင်ပါဘူး၊
ဦးဖြိုးမင်းသိန်းအနေနဲ့ ဒီကိစ္စကို ရှင်းထားတယ်ဆိုပေမယ့် အားလုံးရဲ့စိတ်ခံစားချက်တွေက ရှင်းရှင်းပြောရမယ်ဆိုရင် ပြည်ဖုံး ကားတော့ ဘယ်သူမှ မချနိုင်ဘူးလေ၊ လက်တ့ုံပြန်ဆိုရင်တောင် ပြန်ချင်တဲ့စိတ်ဓာတ်တွေ အကုန်လုံးမှာ ရှိနေတယ်၊ အဲဒီလို ထိုင်ကန်တော့ရလောက်အောင်အထိ သူ့အပေါ်မှာ မေတ္တာတရားမပွားပေးနိုင်ဘူးလေ၊ အခုလိုဖြစ်ခဲ့တဲ့အပေါ်မှာတော့ ဦးဖြိုး မင်းသိန်းကိုယ်စား ပြည်သူတွေက ယူကြုံးမရ ခံပြင်းစိတ်တွေ ဖြစ်နေကြရတယ်။
ကျနော်တို့ကတော့ မမေ့နိုင်တဲ့အတွက် လက်ခံလို့မရဘူးဖြစ်နေတယ်၊ အခုက မြုပ်နေတဲ့သူက ပြန်ပြန်ပြီးပေါ်လာတာကိုက စဉ်းစားတွေးတောစရာတွေ ဖြစ်တယ်၊ အခုလို ပြန်ပြန်ပေါ်လာတာကိုက ပြည်သူတွေကို စိတ်အနှောက် အယှက်ကြီး ဖြစ်စေတာပေါ့၊ နောက်တခုက အလကားနေရင်း သွေးကွဲစေတယ်၊ အမြင်တွေ ကွဲလွဲစေတယ်၊ အဓိကအားဖြင့် ကျနော်တို့ စာရေးဆရာဆိုတာက လုပ်ချင်တိုင်းလုပ်လို့ ရတာမဟုတ်ဘူး၊ စာရေးဆရာဆိုတာ စာဖတ်သူက အသိအမှတ်ပြုတာပါ၊ အသင်းဝင်ကတ်နဲ့လည်း မဆိုင်ဘူး၊ ဘယ်အရာ နဲ့မှလည်း မဆိုင်ပါဘူး၊ အဲဒီတော့ စာရေးဆရာအသင်းဘက်က သတ်မှတ်ပြီးလုပ်တဲ့ကိစ္စကို အဆင်လည်းမပြေဘူး၊ လက် သင့်လည်းမခံနိုင်ပါဘူး၊ စာရေးဆရာလို့လည်း အသိအမှတ်မပြုနိုင်ပါဘူး၊
တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်
မြန်မာနိုင်ငံ စာရေးဆရာ အသင်း ရဲ့ သက်ကြီး ပူဇော်ပွဲမှာ သက်ကြီး စာရေး ဆရာကြီး အဖြစ်နဲ့ အဖိတ်ခံ ၊ ကန်တော့ခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့် အဲ့ဒါနဲ့ ပတ်သက်လို့ ၂ ချက် ပထမ အချက်က သူဟာ စာရေးဆရာ မဟုတ်ဘူးဆိုတာ တချက်၊ သက်ကြီး ရွယ်ကြီး စာရေး ဆရာကန်တော့တယ်လို့ ပြောတာကိုး။ အဲ့ဒေါ့ ပထမ အချက်က စာရေး ဆရာ မဟုတ်ဘူး။ အဲ့ဒီတည်းက သွားပြီပေါ့။ ဗိုလ်ချုပ် ခင်ညွှန့် ဘာရေး ခဲ့ဘူး သလဲဆိုတော့ ခုနက ကာတွန်းတွေမှာ ရေးခဲ့သလိုပေါ့။ ဘယ်သူ့ဖမ်းစေ၊ ဘယ်ဝါ့ ဖမ်းစေတို့ အဲ့တာမျိုး စာတွေပဲ အများစု ညွှန်ကြားခဲ့တာ ရှိတယ်။ စာ နဲ့ ပေနဲ့ သတ်မှတ်ရလောက်အောင် ဆိုရင် သူနာမည့် တပ်ပြီးတော့ စာအုပ် ၂ အုပ်လောက်ကို သူ့ အတွေ့ အကြုံ ဆိုပြီး ရေးတယ်။
ပြန်ဖတ်ကြည့်တယ်။ စာအုပ်မမည်ဘူးဗျ။ နိုင်ငံခြားမှာလည်း ရှိပါတယ်။ တစုံ တရာ အတွေ့ အကြုံ ရှိတဲ့ သူတွေ ကနေပြီးတော့ နောက်ကနေရေးပေးတာပေါ့နော့။ အဲ့ဒီလို Content Writer ရေးတယ်လို့ပဲ သိထားတယ်။ အဲ့တော့ သန့်သန့်စင်စင်နဲ့ ဒီစာအုပ်ကြီးကလည်း ထွက်လာတာ မဟုတ်ဘူး။
စာရေးဆရာဆိုတာ စာအုပ် တအုပ်ရေးတာနဲ့ စာရေး ဆရာ ဖြစ်တာ မဟုတ်ပါဘူး။ အဲ့တော့ သူ့ကို စာရေးဆရာလို့ မသတ်မှတ်ဘူး။ နောက်တချက်က သက်ကြီး ဝါကြီး ကန်တော့ ခံရလောက်တယ်ဆိုရင် သူက အသက်ကြီးတိုင်းလည်း အချိန်မစီးဘူးဗျ။ အဲ့တော့ အသက်ကြီးတိုင်း ထိုင်ကန်တော့ ရမယ်ဆိုတော့ မဟုတ်ဘူးနဲ့ တူတယ်။ သူ့ကို ၈၀ ပြည့်ပြီလား ဆိုတော့လည်း အသက်ဆိုတဲ့ သတ်မှတ်ချက်ကိုပဲ ဒွိဟ တွေ
ဖြစ်နေကြတယ်။ အသက်ကြီးတိုင်းလည်း ဝါမကြီးပေါ့နော့ အဲ့တော့ စာရေးဆရာ ဝါကလည်း ဘာမှမရှိဘူး။ ၂ နှစ်လောက်ပဲ ရှိမှာပေါ့။ အဲ့အချက် ၂ ချက်အရ စာရေး ဆရာလည်း မဟုတ်ဘူး။ အသက်ကလည်း ပြည့်တယ် မပြည့်ဘူးဆိုတာ သံသယ ဖြစ်နေတယ်။ ဝါ အရလည်း မရှိဘူး။ နောက်တခုက တော့ ကန်တော့ရလောက်အောင် ဝါမရှိဘူး။ အဆင့် မရှိဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။
ဦးတင်သစ်
ပုဗ္ပသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒီပွဲမှာ အဓိက အငြင်းပွားမှု ဖြစ်သွားတာက ရန်ကုန်တိုင်း ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် တယ်ဆိုတဲ့ ကိစ္စ အဲ့တာက အဓိက အငြင်းပွားစရာ ကိစ္စပါ။ စာပေ အသင်း အဖွဲ့က သူတို့ နှစ်လိုတဲ့ ပုဂ္ဂိုလ်ကို အသိပညာ ရှင် သတ်မှတ်တယ်ဆိုတာ သူတို့ ကိစ္စ ပါ။
အဓိက ပြဿနာက နိုင်ငံရေးတာဝန် အထူး သဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတာဝန်မှာ ရှိတဲ့ ဝန်ကြီးချုပ် တဦးက တက်ရောက် ချီးမြင့်တယ်ဆိုတာက အငြင်းပွားစရာ ဖြစ်သွားတာပေါ့။ ဒီပွဲကို အပူဇော်ခံထဲမှာ ဒီပုဂ္ဂိုလ် ပါတယ်ဆိုတာ သိသိနဲ့ ပဲ တက်ခဲ့တာလား၊ မသိလို့ တက်ခဲ့တာလားတော့ မပြောတတ်ဘူး။ သိတယ်ဆိုရင်တော့ မတက်သင့်တဲ့ ကိစ္စလို့ပဲ ကျနော်ကတော့ ပြောရမှာ ဖြစ်ပါတယ်။