စာရေးသူနေသော အိမ်အောက်ထပ်တွင် အမျိုးသမီး အလှပြင်ဆိုင် တဆိုင် ရှိသည်။ သူနှင့် ကပ်လျက်တွင် အပေါင်ဆိုင် ရှိသည်။
ဤ အလှပြင်ဆိုင်နှင့် အပေါင်ဆိုင် အပေါ်ထပ်တွင် စာရေးဆရာ တဦး နေထိုင်လေရာ ဘဝတွင် မကြုံစဖူး အိပ်မက်အတွဲ Dream compilation များပေလားဟု တွေးထင်မိသည်။
တနေ့ မော်လမြိုင်မှ စာရေးသူ၏ မိတ်ဆွေ တဦး အိမ်လာလည်သည်။ သူသည် ဝန်ထမ်းတဦး ဖြစ်သော်လည်း သူ့ဇနီးနှင့် အတူ စီးပွားရေး အမျိုးမျိုးကို တဖက်မှ လုပ်စမ်းကြည့်နေသည်။
လက်ဖက်ရည်ဆိုင် ထောင်သည်။ ကြွေးကျလို့ ဆိုပြီး ဆိုင်ပိတ်လိုက်သည်။ မုန့်လုပ် ရောင်းကြည့်သည်။ သူ့သားသမီးတွေ ဆယ်တန်း အောင်ကုန်လို့ လုပ်ငန်း ရပ်လိုက်ရသည်။
ခု စာရေးသူထံ လာလည်သောအခါတွင် အတော်လေး စိတ်ဓာတ် တက်နေသည်။ သူက စာရေးသူအား “အဘ” ဟု ခေါ်သည်။
“အဘ ခု ကျနော် သနပ်ခါး လုပ်နေတယ်။ ဟန်ကျတယ်။ နယ်စပ်က သိပ်ဝယ်တယ်”
စာရေးသူကလည်း အောက်ထပ်က ပြောင်းသွားတဲ့ လူတွေလည်း သနပ်ခါး လုပ်ကြကြောင်း၊ အိမ်ပေါ် တခါတခါ အမွှေးနံ့ တက်တက်လာလို့ မွှေးနေတတ်ကြောင်း၊ ခု သူတို့ ပြောင်းသွားတော့ ရေမွှေးနံ့လည်း မရှုရတော့ကြောင်း စသည်ဖြင့် ပြန် ပြောပြရသည်။
ဆက်လက်ပြီး သူ့သနပ်ခါး စပ်နည်း ဖော်မြူလာအကြောင်း၊ ဘာတံဆိပ်တပ်၍ ရောင်းသလဲ စသည်တို့ကို မေးမြန်းရသည်။
သူ ပထမ “သနပ်ခါးအမှုန့်” သုံးအိတ်လောက် လုပ်ရာက ခု ငါးအိတ်လောက် ဖြုန်းလာရပုံကို ပြောပြသည်။ သနပ်ခါးအမှုန့် ဘယ်ကရမှန်းတော့ မမေးမိ။
အလှအမြင်
တနေ့ စာရေးသူ နိုင်ငံခြား စာစောင်တခု ဝယ်လာမိ၍ ဖတ်ကြည့်ရသည်။ အိန္ဒိယမှ အလှဈေးကွက် Beauty Market အကြောင်းကို ဖတ်ကြည့်ပြီး မော်လမြိုင်မှ သနပ်ခါး ဘိစနက် လုပ်သူ စာရေးသူ၏ မိတ်ဆွေအား ပြန်ပြောပြဖို့ တေးထား မိလိုက်သည်။
အောက်ထပ်က အလှပြင်ဆိုင် ဖွင့်ထားသည့် ကလေးမလေးတွေကိုလည်း အလှပြင်ဆိုင်နှင့် တွဲလျက် ကိုယ်ကာယ လေ့ကျင့်ခန်းပါ တွဲဖွင့်ပါလားဟု အကြံပေးဖို့ရာ စိတ်ကူးမိသည်။
“လာရာဒတ္တား” သည် မယ်စကြဝဠာ ဘွဲ့ရသူ အိန္ဒိယနိုင်ငံသား ဖြစ်သည်။ အိန္ဒိယ အမျိုးသမီးတို့ ပါးစပ်ဖျား၌ “လာရာဒတ္တား” အမည် သီးနေပြီ။ လာရာဒတ္တားသည် အိန္ဒိယ အမျိုးသမီးတို့၏ အသည်းစွဲ ဖြစ်နေပြီ။
စာစောင်၏ အဆိုအရ အိန္ဒိယ အမျိုးသမီးတို့သည် လာရာဒတ္တား လို ကိုယ်ခန္ဓာ အချိုးအဆစ် ပြေပြစ်၍ သေးသွယ်ချင် ကြသည်။ ယင်းကို Hip and trim ဟုခေါ်သည်။
ဒီတော့ ဘာဖြစ်လာသနည်း ဆိုသော် အလှပြုပြင် ဆိုင်နှင့် ကိုယ်ကာယ လေ့ကျင့်ရေး ကလပ်တွေ မှိုလို ပေါက်လာသည်။ အလှဘုရင်မတို့သည် အမျိုးသမီးတို့၏ စံပြမယ် မိုဒဲလ် ဖြစ်လာရာ၌ လူလတ်တန်းစားတို့ ကြားတွင် ပိုရေပန်းစားသည်။
လှချင်ရက် စက်စက်ယို အမျိုးသမီးတို့သည် ပလတ်စတစ် ခွဲစိတ်နည်းဖြင့် မျက်နှာတို့ကို ပြင်ဆင်လာကြ၍ ပလတ်စတစ် ခွဲစိတ် လုပ်ငန်းလည်း စန်းပွင့်လာသည်ဟု ဆိုသည်။
ကမ္ဘာကျော် အလှကုန် ပစ္စည်းတွေ တင်သွင်းမှုလည်း များပြားလာသဖြင့် အလှနှင့် ပတ်သက်သော အယူအဆတွင် ရိုးရာ အယူအဆထက် ဂလိုဘယ် အယူအဆ Global concept of beauty က လွှမ်းမိုးလာသည်။
ဆာရီ ဖြုတ်မလား
အိန္ဒိယ လူ့အဖွဲ့အစည်းသည် ရှေးရိုး အစဉ်အလာ အစွဲကြီးသော အဖွဲ့အစည်းဖြစ်လေရာ ဆာရီသည် အိန္ဒိယ ရိုးရာ အလှ၊ အိန္ဒိယ အဆင်၊ အိန္ဒိယ အနံ့၊ အိန္ဒိယ စိတ်ရင်းတို့ ဖြစ်ခဲ့သည်။
သားသမီးတို့ အပေါ်တွင် မိဘတို့၏ သြဇာတို့ကလည်း ရှေးရိုးအရ ကြီးမားလွန်းလှသဖြင့် လူငယ်တို့သည် မိဘ ရှေးရိုး အစဉ်အလာတို့ကို တော်တော်နှင့် ဖောက်မထွက်ရဲကြပေ။
ယခု လာရာဒတ္တား က မယ်စကြဝဠာ ဘွဲ့ကို ဆွတ်ခူးလိုက်သဖြင့် အလှနှင့် ပတ်သက်သော အိန္ဒိယ၏ အနက် အဓိပ္ပာယ်ကို စိန်ခေါ်လာကြတော့သည်။
ဆာရီသည် ကိုယ်ခန္ဓာကို လုံအောင် ဖုံးထားသည်။ လာရာဒတ္တား၏ အလှသည် ခန္ဓာကိုယ်ကို ကျစ်ကျစ်လျစ်လျစ် ပေါ်စေသည်။ ပိန်လျလျကို ထင်သာမြင်သာစေသည်။
ထို့ကြောင့် အိန္ဒိယ အမျိုးသမီး မြီးကောင်ပေါက်တို့သည် လာရာဒတ္တား )(ဘင်္ဂါလီ) ကို အတု ခိုးလာကြရာ အလှဈေးကွက် သမားတို့၏ ကွန်ရက်ထဲ အကုန် ဝင်ကုန်တော့သည်။
ကမ္ဘာ့ အလှကုန် ပစ္စည်း ကုမ္ပဏီတို့သည် အိန္ဒိယတွင် ဒေါ်လာ ဘီလျံနှင့် ချီပြီး အကုန်အကျခံကာ အကြီးအကျယ် ကြော်ငြာ လာကြသည်။
အလှဆိုင်ရာ အယူအဆကို နိုင်ငံတကာ ဆန်အောင် ပြုလုပ်ကြသည်။ International concept of beauty ဟု ပြောသည်။
ယောက်ျားလေးတွေ ဘက်၌လည်း ဘောလုံးသည် ဂလိုဘယ် ဖြစ်နေချေပြီ။ ကမ္ဘာ့ ဖလား ဘောလုံးပွဲ၊ မိန်းကလေးတွေ ဘက်က မယ်စကြဝဠာ ဘွဲ့၊ ဒွန်တွဲပြီး ရုပ်မြင်သံကြား တို့၏ ကမ္ဘာ့အရှိန် တန်ခိုးဖြင့် ကမ္ဘာချီ ကျော်ကြားသူ စီလီဘရီတီ Global celebrity တို့ကို သဲသဲမဲမဲ မွေးထုတ်နေကြပြီ။
ဆက်စပ်ရာ ဘိစနက်တို့ကလည်း ဖွံ့ဖြိုးသလား မမေးနဲ့။ ဒေါ်လာ ထရီလီယံနဲ့ ချီ ရှိလာပြီ။
သက်ကြီး ရွယ်အို ဖိုးကပ်စ်
လူငယ်တွေတော့ ဟုတ်ပြီ။ ကောင်လေးတွေ အတွက် ဘောလုံးပွဲ။ ကောင်မလေးတွေ အတွက် အလှ ပြိုင်ပွဲ။ အတော် မြိုင်ဆိုင် နေပါပြီ။
ဘိစနက် လောကတွင် ဆောင်ပုဒ် တပုဒ် ရှိသည်။
ကမ္ဘာနှင့်ချီ တွေးပါ။ သို့သော် လုပ်ဆောင်လျှင် ဒေသသဘော လုပ်ဆောင်ပါ။ Think globally but act locally ဟူ၍ ဖြစ်သည်။
ဤသဘောတရားကို လက်ကိုင်ထားပြီး ကမ္ဘာ့ အလှကုန် ပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီကြီးတို့သည် အိန္ဒိယ၌ အလုပ်ရုံခွဲများ ထောင်ကြသည်။ အိန္ဒိယ အရင်းရှင်တို့နှင့် ဖက်စပ် ထူထောင်ပြီး အလှကုန် ပစ္စည်းတို့ကို အိန္ဒိယ၌ ထုတ်လုပ်လာကြသည်။
မော်လမြိုင်၌ သနပ်ခါး ဘိစနက် လုပ်နေသူ ဒီတခါ စာရေးသူထံ လာလည်လျှင် အထက်ပါ အကြောင်းတို့ကို ပြောပြပါမည်။
ဒီအတောအတွင်း၌ အဘိုးကြီး အဘွားကြီးတို့ အရေးလည်း ဂလိုဘယ် ဖိုးကပ်စ် Global focus ရလာသည်ကိုပါ ဂရု ပြုမိသည်။
ဤ ဖိုးကပ်စ်ကား တခြား မဟုတ်၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အဘိုးကြီး အဘွားကြီး လူဦးရေက အလွန် တိုးတက် များပြား လာသည် ဆိုသော အချက် ဖြစ်သည်။
အဘိုးကြီး အဘွားကြီး လူဦးရေ များလာသဖြင့် သူတို့ကို ပစ်ထားမည့် အရေးသည် စိုးရိမ်စရာ ဖြစ်သည်ဟု ကမ္ဘာ့ညီလာခံ တခုက ထောက်ပြသည်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ၊ မယ်စကြဝဠာ ရွေးပွဲတို့နှင့် အတူ ဂလိုဘယ် ဖိုးကပ်စ် တခုလည်း ရှိသေးကြောင်း သတိရစေသည်။ ။
မောင်စူးစမ်း
၁၃၊ ၆၊ ၀၂
အညွှန်း – Business Week.
(စာရေး ဆရာကြီး မောင်စူးစမ်း ရေးသားခဲ့သည့် ဤဆောင်းပါးကို ဒေါင်း စာပေက ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသော “အတွေးအမြင် စာစောင် အမှတ် (၁၅၈)” မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)
You may also like these stories:
စိတ်လှုပ်ရှားနေသောကြောင့် တိုတိုပဲ ရေးပါရစေ