အသည်းအရောင် အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ
နာတာရှည် အသည်းရောဂါကို ဖြစ်ပွားစေနိုင်သည့် အသည်းရောင် အသားဝါ စီပိုးသည် မြန်မာနိုင်ငံကို ခြိမ်းခြောက်နေ သော နာတာရှည်ရောဂါများ အနက် တခုဖြစ်သည်။ အသည်းရောင် အသားဝါ စီပိုးသည် ကုသရန် နည်းလမ်း ရှိနေ သော်လည်း ကူးစက်ခံရမှုကို မသိနိုင်ခြင်းကြောင့် အသည်းရောဂါဖြင့် သေဆုံးသူများစွာ ရှိနေဆဲ ဖြစ်သဖြင့် အဆိုပါ အသည်းရောင် အသားဝါ စီပိုး တိုက်ဖျက်ရေးကို ဆောင်ရွက်နေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဒုတိယ ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဘုန်းသစ် ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ Medecins Sans Frontieres – MSF အကြောင်းလေးရှင်းပြပါဦး။
ဖြေ ။ ။ MSF ကတော့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းပေါ့။ ကျနော်တို့က ဘာတွေလုပ်လဲဆိုတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေပေါ့။ ဥပမာအားဖြင့် သဘာဝဘေး အန္တရာယ်တွေ၊ ရောဂါကပ်ဘေးတွေ၊ ဒီလိုမှ မဟုတ်ရင် ပဋိပက္ခတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတဲ့ အဲဒီလိုနေရာတွေမှာ ကျနော်တို့က ကျန်းမာရေးစောင့်ရှောက်မှု ပေးတာပေါ့။ အဲဒါကတော့ မြန်မာနိုင်ငံမှ မဟုတ်ဘူး ကမ္ဘာအနှံ့အပြားမှာ နိုင်ငံပေါင်း ၇၀ လောက်မှာ ကျနော်တို့က လုပ်နေတယ်။
မြန်မာနိုင်ငံမှာကတော့ ၁၉၉၂ ကတည်းကမှ စပြီး လုပ်တာပေါ့။ ဒီမှာရောက်လာတာ အခုဆို ၂၇ နှစ် ရှိပြီ။ မြန်မာနိုင်ငံမှာ လက်ရှိ လောလောဆယ် ဘာတွေလုပ်နေလဲဆိုရင် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ နောက်ပြီး ရေနဲ့ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ HIV၊ TB၊ အသည်းရောင်အသားဝါ စီပိုး ကုတာပေါ့။ အရင်တုန်းကဆိုရင် ငှက်ဖျား ကုတာတို့ ဘာတို့ လုပ်တယ်။ အခုတော့ ကျနော်တို့ မလုပ်တော့ဘူး။
မေး ။ ။ စီမံကိန်းအနေနဲ့ ပြောရင် မြန်မာနိုင်ငံမှာ ဘယ်နှခုလောက်ရှိလဲ။
ဖြေ ။ ။ လက်ရှိ စီမံကိန်း အနေနဲ့ မြန်မာနိုင်ငံမှာ MSF Holland အနေနဲ့က ရခိုင်၊ ကချင်၊ ရှမ်းပြည်မြောက်ပိုင်းမှာ လုပ်တယ်၊ ရန်ကုန်မှာ လုပ်တယ်။
မေး ။ ။ အသည်းရောင် အသားဝါ စီပိုး ရောဂါနဲ့ ပတ်သက်ပြီး ကုသမှုတွေ တိုးချဲ့နေတယ်လို့ သိရတယ်။ ဘယ်လို တိုးချဲ့နေတာလဲရှင့်။
ဖြေ ။ ။ အသည်းရောင် အသားဝါ စီပိုးကုသမှုက ၂၀၁၇ မှာစခဲ့တာ။ ၂၀၁၇ မှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျနော်တို့ MSF Holland ရယ် MSF Switzerland ရယ်ပေါင်းပြီးတော့ ရန်ကုန်နဲ့ ပြီးတော့ တနသာၤရီတိုင်း၊ ထားဝယ်မှာ စတယ်။ HIV လူနာတွေကို အသည်းရောင် အသားဝါစီပိုး ကုသမှု စတယ်။ အဲဒါ ပြီးတဲ့ အခါကျမှ ကုသမှု အရမ်းအောင်မြင်တဲ့ အခါကျတော့ ရှမ်းနဲ့ ကချင်ဘက်ကို တိုးချဲ့တယ်။ ၂၀၁၈ မှာ ခွင့်ပြုချက် တောင်းပြီးတော့မှ ရှမ်းနဲ့ ကချင်ဘက်မှာ ကုသမှုတွေ တိုးချဲ့ပြီးတော့ လုပ်ကိုင်ခဲ့တယ်။
အခု ၂၀၁၉ မှာဆိုရင်လည်း အရေအတွက် အားဖြင့်လည်း တတ်နိုင်သမျှ တိုးပြီးတော့ ကုသနေတယ်။ စစကုတဲ့ ၂၀၁၇ မှာ လူ၂၀၀ လောက်ပဲ ကုခဲ့တယ်။ ၂၀၁၈ မှာ လူ ၈၀၀ လောက်ကုတယ်။ ၂၀၁၉ မှာ စုစုပေါင်း ၁၈၀၀ ကျော်လောက်ကို ကုဖို့ လုပ်ထားတယ်။ နောက်နှစ်မှာလည်း ဒီထက်ပိုပြီးတော့ ကုဖို့ စဉ်းစားထားတာ ရှိပါတယ်။
မေး ။ ။ အသည်းရောင်အသားဝါ စီပိုး ပိုးရှိသူ က ၁ ဒသမ ၃ သန်းနီးပါးရှိတယ်လို့ သိရတော့ ကုသနိုင်မှုနှုန်းနဲ့ ပြန်ကြည့်မယ် ဆိုရင် တော်တော်ကွာတယ်ပေါ့နော်။ ဒီလိုဆိုတော့ အကုန်လုံးကို လက်လှမ်းမီဖို့ဆိုတာ ဘယ်လိုလုပ်ရမလဲ။ အစိုးရပိုင်းကရော ဘယ်လိုလုပ်သင့်တယ်ထင်လဲ။
ဖြေ ။ ။ ကုသမှုက အခက်အခဲ မဟုတ်ဘူး။ အသည်းအရောင်အသားဝါ စီပိုး ကုသမှုက အရမ်းကို ရိုးရှင်းလွယ်ကူနေပြီ။ အထွေထွေရောဂါကု ဆရာဝန် တယောက်အနေနဲ့ကို ကုလို့ရပြီ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း အဲဒီလို အခြေခံ ရောဂါကု ဆရာဝန်တွေ ကုသနိုင်ဖို့အတွက် ရိုးရှင်းတဲ့ guide line တွေ ထုတ်ထားပြီးပြီ။ ကုသမှု နည်းပညာပိုင်းအရလည်း အခက်အခဲ မဟုတ်ဘူး။ နောက်တခုကတော့ ဈေးနှုန်းပေါ့။ ဈေးနှုန်းကလည်း မြန်မာနိုင်ငံအတွက်ဆို မများဘူး။ အဲဒီတော့ တကယ်တမ်းပြဿနာက ဒီနေရာမှာ ထောက်ပံ့တဲ့ အဖွဲ့အစည်းပေါ့။ နိုင်ငံတကာ ရန်ပုံငွေတွေ လိုအပ်မယ်။ ဒါမှမဟုတ်ရင် ကျန်းမာရေး ဝန်ကြီးဌာနက ဒီနေရာမှာ ပိုက်ဆံ တိုးမြှင့်သုံးစွဲဖို့ လိုအပ်မယ်။ အဓိက ကတော့ ရန်ပုံငွေ နည်းနေတယ် လို့တော့ မြင်ပါတယ်။
မေး ။ ။ ကျန်းမာရေးကဏ္ဍ တခုလုံး အသုံးစရိတ်နည်းတာကို ဆိုလိုချင်တာလား။ ဒီလိုမဟုတ်ဘဲ အသည်းရောင်အသားဝါ စီပိုး အတွက်ကိုပဲ ပြောတာလား။
ဖြေ ။ ။ ကျန်းမာရေး ကဏ္ဍတခုလုံးတော့ ကျနော်တို့ မပြောတတ်ဘူးပေါ့နော်။ သေချာတယ် နည်းတော့နည်းနေမှာပဲ။ အသည်းရောင် အသားဝါစီပိုး က ပထမဦးဆုံး ပေးဖြစ်မလား ဒုတိယ ဦးစားပေး ဖြစ်မလား၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဦးစားပေး အစီအစဉ်တွေက ဘာတွေလဲဆိုတာ ရှိဦးမယ်လေ။ မူဝါဒပိုင်းဆိုင်ရာကတော့ ကျနော်ပြောလို့မရဘူး။ ဒါပေမယ့် လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကုသနိုင်တဲ့ အရေအတွက်က ထောင်ဂဏန်းပဲ ရှိတယ်။ ခုနက ပြောတဲ့ ရောဂါပိုး ရှိသူ အရေအတွက် ခန့်မှန်းထားတဲ့ ၁ ဒသမ ၃ သန်း ဆိုတာကို ရောက်ဖို့ကတော့ လက်ရှိ သုံးတဲ့ ပိုက်ဆံနဲ့ မဖြစ်နိုင်ဘူး။
မေး ။ ။ တခြားရောဂါတွေရှိတဲ့ထဲမှာပါ အသည်းရောင်အသားဝါစီပိုးတိုးချဲ့ကုသမှုကို ဘယ်လိုကြောင့်ရွေးချယ်ခဲ့တာလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ HIV ကို စကုခဲ့တာ ၂၀၀၃ ကတည်းက။ ကျနော်တို့မှာ HIV လူနာတွေ အများကြီးရှိတယ် အသည်းရောင် အသားဝါ စီပိုး ကူးစက်ပုံ ကူးစက်နည်းကလည်း HIV နဲ့ အတူတူပဲ။ HIV ရှိတဲ့သူတွေမှာ အသည်းရောင် အသားဝါ စီပိုး ကူးစက်မှုက chance များတယ်။ ဘာကြောင့်လဲဆိုတော့ ကူးစက်တဲ့ပုံက သွေးကပဲ ကူးစက်တာဆိုတော့ အတူတူပဲ ဖြစ်နေတယ်။ HIV နဲ့ အသည်းရောင် အသားဝါ စီပိုးတွဲနေရင်က ရောဂါ အခြေအနေ ပိုပြီးတော့ ဆိုးနိုင်တယ်။ အသည်းတွေဘာတွေထိတာ ပိုပြီးတော့ဆိုးမယ်။ ဆေးသောက်တဲ့အခါ အဆင်မပြေ ပိုဖြစ်နိုင်တယ်။ ကျနော်တို့ စောင့်ရှောက်မှု ပေးနေတဲ့ ရောဂါအမျိုးအစားမှာ အသည်းရောင် အသားဝါ စီပိုးတွေ ဖြစ်နေတယ်။ လူနာတွေကို ပိုပြီးတော့ ဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်။
ဒုတိယတချက်က မြန်မာနိုင်ငံအတွက် အသည်းရောင် အသားဝါ စီပိုး ကုသပေးနိုင်တဲ့ ဆေးဈေးနှုန်းက နည်းတယ်။ တခြားနိုင်ငံနဲ့ မတူဘူး။ အသည်းရောင် အသားဝါ စီပိုးကို ကုတဲ့ဆေးတွေက နိုင်ငံအလိုက် ကုမ္ပဏီတွေက သတ်မှတ် ထားတာ မြန်မာနိုင်ငံက low income country ပဲပြောပြော အဲဒီလို အနေအထားရှိတဲ့ နိုင်ငံတွေကို သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းက အရမ်းနည်းတယ်။ အဲဒီတော့ ကျနော်တို့က ဆေးကို လက်လှမ်းမီ ရနိုင်တယ်။ အများကြီး မကုန်တော့ဘူးး။
တီဘီ ရောဂါဖြစ်လို့ ကုတာ ၆ လကြာမယ်။ တီဘီရောဂါဖြစ်လို့ ကုလို့ ၆ လ ကုန်မယ့် ပိုက်ဆံနဲ့ အသည်းရောင်အသားဝါ စီပိုး ကုလို့ ကုန်မယ့်ပိုက်ဆံနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အသည်းရောင်အသားဝါ စီပိုး ကုသတာက ပိုသက်သာနေတယ်။ တတိယ တချက်က ဘေးထွက်ဆိုးကျိုးပေါ့။
ခုနကပြောသလို တီဘီနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ရိုးရိုးတန်းတန်း တီဘီ ရောဂါဖြစ်လို့ ဆေးသောက်ရင် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးက ပိုများတယ်။ အသည်းရောင် အသားဝါ စီပိုး ကုလို့ ထွက်လာမယ့် ဘေးထွက်ဆိုးကျိုးက ဘာမှ မရှိသလောက်ပဲ။ ဆိုတော့ လူနာလည်း အရေအတွက်များမယ်။ လူနာတွေရဲ့ အခြေအနေ တွေကို ပိုပြီးကောင်းမွန်အောင် လုပ်ပေးနိုင်မယ် ဆေးကလည်း ဈေးသက်သက်သာသာနဲ့ ရနေတယ်။ ပြီးတော့ ဘေးထွက် ဆိုးကျိုးကလည်း မရှိသလောက် ဖြစ်နေပြီ။
နောက်ဆုံး ၁ ချက်ကတော့ နိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနက ဒါကို အလွယ်တကူ အရိုးရှင်းဆုံး ကုနိုင်တဲ့ guide line တွေ ထုတ်ထားပြီးပြီ ဆိုတဲ့ အခြေအနေတွေက ကျနော်တို့ ဒီရောဂါကို ကုဖို့ ဖန်တီးပေးလိုက်တာပဲ။ ကုသပျောက်ကင်း နှုန်းက အရမ်းကောင်းတယ်။ ၉၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာရှိတယ်။
မေး ။ ။ ပျောက်တာက အရှင်းကို ပိုးမတွေ့တာမျိုး အထိပျောက်တာလား။
ဖြေ ။ ။ ကုပြီးလို့ ၃ လနေရင် ပိုးကောင်ရေ ပြန်စစ်ရတယ်။ အဲဒီမှာ ပိုးကောင်ရေ မတွေ့တော့ဘူးဆိုရင် အဲဒါပျောက်ပြီ။
မေး။ ။ အသည်းရောင် အသားဝါ စီပိုးက ဘာကြောင့်အများဆုံး ကူးစက်တတ်သလဲရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါစီပိုး အများဆုံးတွေ့ရတဲ့ လူအုပ်စုက မူးယစ်ဆေး အကြောထဲ ထိုးသွင်းပြီးမှ သုံးစွဲတဲ့သူတွေ။ အဲဒါကတော့ မြန်မာနိုင်ငံမှ မဟုတ်ဘူး ကမ္ဘာမှာပါ အဲဒီ လူအုပ်စုက အများဆုံးပဲ။ မူးယစ်ဆေး အကြောထဲ သုံးစွဲသူတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ အထက်က စီပိုးရှိတယ်။ ဒါက ကျနော်တို့ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ရော ကမ္ဘာမှာရှိတဲ့ သုတေသနတွေ အရရော အဲဒီ ရာခိုင်နှုန်းလောက် ရှိတယ်။
မေး ။ ။ ဖြစ်တဲ့နေရာ ဒေသအလိုက်ရော ရှင်းပြလို့ ရမလား။
ဖြေ ။ ။ ကျနော်တို့ လက်ရှိ စီမံကိန်းနေရာတွေပဲ ပြောလို့ရမှာပေါ့နော်။ ရန်ကုန်၊ ရှမ်းမြောက်၊ ကချင် ရှိမယ်။ ကျနော်တို့ MSF Holland ရဲ့ ဒေတာ အရဆိုရင် ရန်ကုန်မှာက ကျနော်တို့ HIV လူနာတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က အသည်းရောင် အသားဝါ စီပိုးရှိတယ်။ ရှမ်းမှာဆိုရင် ကျနော်တို့ HIV လူနာတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က အသည်းရောင်အသားဝါ စီပိုးရှိတယ်။ ကချင်မှာဆိုရင် ကျနော်တို့ လူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စီပိုးရှိတယ်။
မေး ။ ။ အသည်းရောင် အသားဝါ စီပိုးရဲ့ ကူးစက်ပုံနည်းလမ်းကရောရှင့်။
ဖြေ ။ ။ ကူးစက်ပုံက HIV နဲ့တူတူပဲ။ သွေးကနေပဲ ကူးတာ။ သွေးကနေပဲ ကူးတာဆိုတော့ သွေးနဲ့ထိတွေ့တဲ့ အပြုအမူ၊ လုပ်ငန်းတွေ အားလုံးက ဒီရောဂါ ကူးနိုင်တယ်။ လိင်တူ ဆက်ဆံတာမျိုးကျတော့ ဒဏ်ရာရနိုင်တယ်။ သွေးထွက်နိုင်တယ်။ အဲဒါဆိုရင် ကူးဖို့ chance ပိုများတယ်။ ကျနော်တို့ သုတေသန လုပ်တာတွေ ရှိတယ်။ လိင်တူ ဆက်ဆံတဲ့သူတွေမှာ အသည်းရောင် အသားဝါ စီပိုး တွေ့ရနှုန်း ပိုများတယ်။
မူးယစ်ဆေး အကြောထဲ ထိုးသွင်းတယ် ဆိုတာလည်း အမှန်တကယ်တော့ ဆေးထိုးအပ်ကို ကိုယ့်အပ်နဲ့ကိုယ် သန့်သန့်ပြန့်ပြန့် တခါသုံးတွေ သုံးနေတယ်ဆိုရင် မကူးဘူးလေ။ ဆေးထိုးအပ်တွေ မျှဝေ သုံးစွဲလို့သာ ကူးကြတာကိုး။ ပြီးတော့ တခြားကူးနိုင်တာတွေလည်း ရှိတာပေါ့။ သွေးသွင်းတာတို့၊ ကျောက်ကပ်ဆေးတာတို့၊ ခွဲတာစိတ်တာ၊ ခွဲခန်း ဝင်တာ ဒါမျိုးတွေကလည်း ကူးနိုင်တာပဲ။ HIV လည်းအတူတူပဲ။ သဘောတရားချင်းကတော့ အတူတူပဲ။ သူကတော့ သွေးကနေပဲ အဓိက ပိုပြီးတော့ ကူးတယ်။
HIV နဲ့ သူနဲ့က ကူးစက်ပုံမှာ ထူးခြားတာကတော့ စီပိုးက အမျိုသားနဲ့ အမျိုးသမီး စုံတွဲကြားမှာ ကူးစက်နှုန်းက အဲဒီလောက် များတယ် မရှိဘူး။ ကူးစက်နှုန်း အမြင့်ကြီး မတွေ့ရဘူး။ HIV ဆိုရင်တော့ ကူးနိုင်ခြေ ပိုများတယ်။ အသည်းရောင်အသားဝါ စီပိုးကတော့ လိင်တူ ဆက်ဆံတဲ့သူတွေမှာ ပိုပြီးတော့များတယ်။
မေး ။ ။ ကုသပျောက်ကင်းမှု နှုန်းမြင့်တယ်ဆိုပေမယ့် အသည်းရောင် အသားဝါစီပိုးနဲ့ သေဆုံးမှုတွေလည်း ရှိနေတော့ ဘယ်လို အခြေအနေမျိုးကြောင့်လဲ။
ဖြေ ။ ။ အသည်းရောင်အသားဝါ စီပိုးကြောင့် သေတယ် ဆိုတာက အသည်းကို သွားပြီးတော့ ဒုက္ခပေးတာပေါ့။ အသည်း ကို သွားပြီးတော့ ဒုက္ခပေးဖို့ အတွက်က ချက်ခြင်း မဖြစ်နိုင်ဘူး။ အချိန် အတိုင်းအတာ တခုအထိတော့ လိုတယ်။ လူတယောက်က သူ့ကိုယ်သူ ဒီပိုးရှိလို့ ရှိတယ် မသိဘူး ဆိုရင်တော့ ဒီတိုင်း နေနေမှာပဲ။ ဘာကြောင့်လဲဆိုတော့ ပိုးရှိရုံနဲ့ ရောဂါ လက္ခဏာ ဘာမှ ထင်ထင်ရှားရှား ပြမှာမှ မဟုတ်တာ။ အသည်းရောဂါဖြစ်မှပဲ နေမကောင်း စဖြစ်တာကိုး။ အဲဒီ တော့မှ အသည်းရောဂါနဲ့ လက္ခဏာတွေ စပြီးတော့ ပြတယ်။ အဲဒီအခါ အသည်းကြည့်လိုက်တော့ အသည်း ခြောက်နေပြီ ၊ အသည်းကင်ဆာဖြစ်နေပြီ နောက်ဆုံးအဆင့်တွေကို သွားပြီးတွေ့ရတယ်။ ဘာဖြစ်လို့ အသည်းခြောက်တာလဲ အရက်သောက်တာလား ဒါမှမဟုတ် အသည်းအရောင်အသားဝါ ဘီပိုးရှိတာလား စီပိုးရှိတာလား ဆရာဝန်တွေက ဆန်းစစ်ပြီးတော့မှ သိတားကိုး။
အသည်းရောင် အသားဝါစီပိုးက ကုလို့ပျောက်ပေမယ့် အသည်းက ဘာမှလုပ်လို့ မရဘူး ဆိုရင်တော့ ကုလည်း အလကားဖြစ်သွားပြီ။ အသည်းက အစားထိုး ရတော့မှာကိုး။ အသည်း အစားမထိုးနိုင်ရင် စီပိုးကို ကုတာလည်း အလကားဖြစ်သွားပြီ။ နောက်ကျပြီးမှ သိတဲ့ အခြေအနေတွေကတော့ လုပ်လို့မရဘူးပေါ့။ အရင်တုန်းက ကုထုံးတွေ မပေါ်ခဲ့ဘူး။ လူတွေကလည်း ဒါကို ကျန်းမာရေး အသိအနေနဲ့ သတိထားပြီးတော့ ကိုယ့်ကိုယ်ကို သွေးစစ်တာ ဒီလိုမျိုးတွေ မလုပ်ခဲ့ဘူးဆိုတဲ့ အခါမှာ ဒါမျိုးတွေကြုံရတာပေါ့။ ဒါကိုကျနော်တို့ ကျန်မာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အသိပညာ ပေးမယ်။ လူတွေကလည်း ဒါကိုအလေးထားမယ်။ ကိုယ့်ကိုယ်ကို ကြိုတင်ပြီး စစ်ဆေးထားမယ်။ တွေ့ရင်ကုမယ် ပျောက်သွားမယ်ဆိုရင် အသည်းရောဂါ ဆိုးဆိုးရွာရွာ ဖြစ်တဲ့ အခြေအနေမျိုးဆိုတာ နောက်ပိုင်းမှာ ဖြစ်လာနိုင်စရာ မရှိတော့ဘူး။
မေး ။ ။ ခုနက ပြောသလိုဆိုရင် ရောဂါလက္ခဏာကလည်း မပြဘူးပေါ့နော်။ ဒီလိုဆိုတော့ စစ်ဆေးမှုအပိုင်းက ဘယ်လိုအနေအထားမှာ ဆောင်ရွက်သင့်တာလဲ။
ဖြေ ။ ။ ကျနော်တို့က ကူးစက်တဲ့ ပုံစံတွေကို ပြောပြတယ်ပေါ့။ ဒီလိုနည်းတွေ ကူးစက်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ့်ကို ဆန်းစစ်ကြည့်ပါ။ အဲဒီလို အပြုအမူတွေ ကိုယ့်မှာရှိနေလား သွေးသွင်းဖူးသလား၊ ခွဲစိတ်ခန်းဝင်ဖူးသလား။ ခန္ဓာကိုယ်ထဲကို သွေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေ ထိတွေ့ဖူးတာ အခြေအနေ တခုခုရှိခဲ့တယ်ဆိုရင် စစ်ကြည့်လိုက်ပေါ့။ အဲဒါဆိုရင် စီပိုး ကူးထားလား၊ မကူးထားလား စပြီး သိရမှာပဲ။
မေး ။ ။ အခုကတော့ ကုသအောင်မြင်မှုက ၉၅ ရာခိုင်နှုန်း အထိရှိတယ်လို့ သိရတော့ ဒီထက်ပိုပြီးတော့ ကုသနိုင်မယ့် အနေအထားမျိုးရှိလား။
ဖြေ ။ ။ ကုသမှု ၁၀၀ ရာခိုင်နှုန်း အထိ အောင်မြင်ဖို့က အချက်အလက်တွေ အများကြီးရှိတယ်။ လူနာတွေကလည်း ဘယ်လောက်အထိ ဆေးမှန်မှန် သောက်မှာလဲ။ တခါတလေမှာကျတော့ မူးယစ်ဆေး အကြောထဲ ထိုးသွင်းတဲ့ သူတွေမှာ ရောဂါပိုးပြန်ပြီးတော့ ကူးတာ ကျနော်တို့က ဒါကိုကုနေတယ်။ ကုနေရင်းနဲ့ သူကမူးယစ်ဆေး ဆက်သုံးနေတဲ့ အခါကျတော့ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတဲ့အတွက် နောက်တစ်ခေါက် ပြန်ကူးတာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့က ကုသမှု ပြီးသွားလို့ ပိုးကောင်ရေ စစ်တဲ့အခါမှာ ပိုးကောင်ရေတွေက မကျဘူး။
အဲဒါမျိုးကျ အသစ်ပြန်ကူးတာလား။ လက်ရှိ ရှိနေတဲ့ပိုးက ဆေးမတိုးတာလား။ ဒါမျိုးတွေ ခွဲခြားရတော့မယ်။ ဆေးမတိုးရင် ဆေးပြောင်းရမယ်။ ဆေးတိုးတယ်ဆိုရင်တော့ နောက်ထက်အချိန်ကာလ တခု စောင့်ပြီးတော့မှ နောက်တခါ ပြန်ကုရင် ကုရမယ်။ အဲဒီလို အခြေအနေတွေပေါ် မူတည်ပြီးတော့မှ ကုသ အောင်မြင်မှုနှုန်းက အပြောင်းအလဲ ရှိတယ်။ နောက်ပြီး လူအုပ်စု မတူဘူး။ သူတို့ရဲ့ သဘောသဘာဝချင်း မတူဘူး။ ကုသမှု တခုတည်းကို အာရုံစိုက်လို့ မရဘူး။ တခြား ပြဿနာတွေ အများကြီး ပတ်ပတ်လည်မှာ ရှိနေတယ်။ အဲဒါတွေအားလုံးကို ဖြေရှင်းနိုင်မှပဲ အောင်မြင်မှုနှုန်းက တက်လာဖို့ ရှိမယ်။ အဲဒါကလည်း ကျနော်တို့လို နိုင်ငံတကာအဖွဲ့အစည်း တခု အနေလောက်နဲ့ ဘာမှလုပ်လို့ မရဘူး။ အားလုံးပေါင်းပြီး လုပ်ရမှာပါ။
မေး ။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။
ဖြေ ။ ။ ကျနော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာက အရမ်းကို သေးပါသေးတယ်။ အဖွဲ့အစည်းပေါင်းစုံ ကျန်းမာရေး ဝန်ကြီးဌာန အပါအဝင် တခြား နိုင်ငံတကာ ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ ဒီအသည်းရောင်အသားဝါ စီပိုး ကုသမှုကို ဒီထက်ပိုပြီး အာရုံစိုက်စေချင်တာ။ ဘာကြောင့်လဲဆိုတော့ ကုသ အောင်မြင်မှုနှုန်း အရမ်းမြင့်တယ်။ ဆေးတွေ ကို ဈေး သက်သက်သာသာနဲ့ ရနေတယ်။ ဘေးထွက်ဆိုးကျိုး လုံးဝ မရှိသလောက် အနေအထားမျိုးတွေမှာ ကုသမှု ပိုက်ဆံ ရင်းနှီးမြှုပ်နှံလိုက်ရင် ရလာမယ့် နောက်ဆက်တွဲ ရလဒ်က အကြီးကြီးပါပဲ။
You may also like these stories:
ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေး ဖြစ်ပွားမှု လျော့ကျလာဟု ဆို
တုပ်ကွေးဖျားနာခြင်းကို ကာကွယ်ဖို့ သွေးအမျိုးအစားအလိုက် စားပေးသင့်တဲ့ အစားအစာများ