မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းအား ၁၀ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ လာမည့် မတ်လ ၁၆ ရက်နေ့တွင် စတင် ပြောင်းလဲသတ်မှတ်တော့မည်ဖြစ်သည်။
ထိုကြောင့် ဘဏ်များက အပ်ငွေများအပေါ် အနည်းဆုံး အတိုးကို ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းဖြင့် ချေးငွေများကို အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်း နှင့် အပေါင်မဲ့ ချေးငွေကို ၁၅ ဒသမ ၅ ရာခိုင်နှုန်း သာကောက်ခံရတော့မည်ဖြစ်သည်။
အတိုးနှုန်းကို ၀ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချမှုက စီးပွားရေးလုပ်ငန်းတွေ အပေါ် အမှန်တကယ် အကျိုးသက်ရောက်စေမလား၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုက်ခတ်မှု မြန်မာ့စီးပွားရေးကို အစိုးရအနေဖြင့် မည်သို့ ပြန်လည် ကုစားပေးရန် လိုအပ်မည်နည်း ဆိုသည်များကို စီးပွားရေးပညာ ရှင်များ နှင့် လုပ်ငန်းရှင်များအား ဧရာဝတီ သတင်းထောက် အောင်သီဟက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာ ဇော်ဦး ( မြန်မာ့လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ CESD ၏ Executive Director )
အဓိကက ဗဟိုဘဏ်က လျှော့ဖို့ ဆုံးဖြတ်တာက ကျနော်အမြင်မှာကတော့ အင်မတန်ကောင်းတဲ့ လုပ်ဆောင်ချက်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာ အတိုးနှုန်းကို ဗဟိုဘဏ်က တခါမှ မလျှော့ခဲ့ဘူး အဲဒီတော့ ဘာပဲပြောပြော အခုက စပြီးလျှော့ပြီဆိုကတည်းက သူတို့လည်း ကြီးမားတဲ့ စိန်ခေါ်မှု တွေ ကြားထဲကနေ လုပ်ရတာပေါ့။
အထူးသဖြင့် လုပ်ငန်းရှင်တွေနဲ့ ဒီလုပ်ငန်းရှင်တွေ အပေါ် မှီခိုနေရတဲ့ အလုပ်သမားတွေ၊ ပြီးတော့ ကျန်တဲ့ တောင်သူ တွေပေါ့နော် ဒီကျနော်တို့ စီးပွားရေးဝန်းကျင် တရပ်လုံး ကို နည်းနည်းချောင်ချောင်လည်လည် ဖြစ်လာအောင် ဆောင် ရွက်ပေးလိုက်တဲ့ ကိစ္စပါ။
အဲဒီတော့ ဘာပဲပြောပြော COVID 19 ကြောင့် ဖြစ်လာတဲ့ စီးပွါးရေးဂယက် အပေါ်မှာ ဗဟိုဘဏ်က ဒါကို ဂရုစိုက် တယ်။ ပြီးတော့ လုပ်ငန်းရှင်အများစု ပြောနေတဲ့ အတိုးနှုန်းလျှော့ချရေးမှာလည်း သူက(ဗဟိုဘဏ်) တုံ့ပြန်လိုက်တယ် ဆိုတဲ့ သဘောသက်ရောက်ပါတယ်။
အဲဒီတော့ နည်းတာ များတာကတော့ ဒီအချိန်မှာ ပထမ အဆင့်လျှော့ချတဲ့ ကိစ္စကိုပဲ ကြိုဆိုရမှာပေါ့ ပြီးရင်တော့ အနည်းအများကတော့ သက်ရောက်မှု ဘယ်လိုရှိမလဲ လုပ်ငန်းတွေကရော နောက်ထပ်ဘာတွေကို ရင်ဆိုင်ရအုန်း မလဲ၊ ဒီအခြေအနေတွေကို မူတည်ပြီးတော့မှ ဒီ ထက် ပိုလျှော့ရမယ်ဆိုရင်လည်း လျှော့ရမှာဖြစ်ပါတယ်။
အခုချိန်မှာ စီးပွားရေးလုပ်ငန်းတွေရော စီးပွားရေးလုပ်ငန်းဆိုတာ ကဏ္ဍတွေ အလိုက်ရှိတာကို ဥပမာ- ခရီး သွားကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍ ပြီးရင်တော့ တခြား သယ်ယူပို့ဆောင်ရေးကဏ္ဍ နဲ့ တခြား ကဏ္ဍတွေ ဆိုပြီးရှိတာပေါ့၊ စီးပွားရေး သက်ရောက်မှုကလည်း ကဏ္ဍတိုင်းကို သက်ရောက်တာတော့ မဟုတ်ဘူး။
ကဏ္ဍတချို့မှာဆိုရင် တော်တော်လေးဆိုးဝါးတယ်၊ ကဏ္ဍတချို့မှာ ဆိုရင်တော့ အခုစဖြစ်နေပြီ နောင်ကျရင် ဖြစ်နိုင်ချေ ရှိတယ်။ စိုက်ပျိုးရေးဆိုရင် အခုလောလောဆယ် တောင်သူတွေထက်စာရင် ကုန်သည်တွေက ပိုပြီး အထိနာတယ် စသည်ဖြင့်ပေါ့။
အခုချိန်မှာတော့ အမြန်ဆုံးနဲ့ ပထမဆုံးလုပ်ရမှာ Situation Analysis ပေါ့ အခုဘာတွေဖြစ်နေတာလဲ ဘယ်ကဏ္ဍတွေ ဘယ်လိုသက်ရောက်နေပြီလဲ ဘယ်ကဏ္ဍတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေမှာ အမျိုးမျိုးရှိကြမှာပေါ့ ကဏ္ဍတခုတည်းမှာပဲ တောင်သူရှိမယ်၊ ကုန်သည်ရှိမယ်၊ ပြည်ပတင်ပို့တဲ့ ရှိမယ် စသည်ဖြင့် အလွှာအသီးသီးက ပါကြ မယ့်သူတွေ ရှိတယ်။
စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာဆိုရင် အလုပ်ရှင်ရှိမယ်၊ အလုပ်သမားတွေရှိမယ်ပေါ့ အဲဒီတော့ ဒီကာယကံရှင်တွေရဲ့ သက်ရောက်မှုတွေ သူတို့ပြောပြတဲ့ ကိစ္စတွေကို တော်တော်လေးကို လေးလေးနက်နက် စစ်တမ်းကောက်ယူဖို့ လိုမယ်လို့ ထင်ပါတယ်။
အဲဒါသိရပြီ ဆိုတော့မှ ကျနော်တို့က အခုလောလောဘာဖြစ်နေလဲ၊ နောင်မှာ ဘာဖြစ်လာနိုင်မလဲ၊ ဘယ်အချိန် လောက်မှာ ဘာဖြစ်နိုင်မလဲ ကမာ္ဘ့အခြေအနေကရော ဘာတွေ ပြောင်းနိုင်သလဲ စသည်ဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ ပေါ်မူတည်ပြီးတော့ ကျနော်တို့က ထပ်ပြီးတော့ ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာက နောက်တဆင့်ပေါ့။ အခုလောလောဆယ်မှာတော့ ပြောနေကြတာတော့ ကာယကံရှင်တွေရဲ့ ရှုထောင့်တွေလည်း မတူကြဘူးလေ။
ပိုကောင်းတာမျိုးက အခုလိုအချိန်မျိုးမှာ ပညာရှင်တွေနဲ့ အကြံပေးအဖွဲ့လို ဟာမျိုး အထူးတာဝန်ပေးပြီး ဆောင်ရွက် သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းဖြစ်တုန်းက ဒီလိုအကြံပေးအဖွဲ့ပြီး ဆောင်ရွက်ခဲ့တာရှိသလို ၂၀၁၅ ခုနှစ် ရေကြီးရေလျှံဖြစ်တုန်းကလည်း အကြံပေးအဖွဲ့ပြီး ဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။
အထူးသဖြင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုကိစ္စတွေ တွက်ချက်ရတာတွေ လေ့လာသုံးသပ်ရတာတွေ ရှိခဲ့ တော့ အခုဒီလိုအချိန်မှာလည်း ဒါမျိုးတွေက လုပ်ဖို့ အသင့်တော်ဆုံး ကိစ္စလို့ မြင်တယ်။
ဦးရဲမင်းဦး ( ဘဏ်လုပ်ငန်းကျွမ်းကျင်သူ)
ဘဏ်တွေဘက်ကတော့ ကျနော်တို့ စဉ်းစားထားတာ၊ တွက်ချက်ထားတာလေးတွေ ရှိတာပေါ့။ ဘဏ်တွေ အားလုံးက တော့ ၂ ရာခိုင်နှုန်းအထိ ခံနိုင်ရည်ရှိကြတယ်။ ၂ ရာခိုင်နှုန်းအထိ ဘဏ်လုပ်ငန်းကဏ္ဍတခုလုံးက ဘာမှ ထိခိုက်စရာ မရှိဘူးလို့ ကျနော်တို့က မြင်တယ်။ လုပ်ငန်းရှင်တွေကလည်း များများချလေ ကြိုက်လေပေါ့။
ဒါကျနော်တို့ရဲ့ ဘဏ်တွေဘက်က အမြင်ပေါ့။ ဒါပေမယ့် ဗဟိုဘဏ်ဘက်ကကျတော့ ဘဏ်တွေစဉ်းစားပုံမျိုး မဟုတ် ဘူး။ သူ့မှာ တခြားသော တွက်ချက်မှုတွေ အများကြီးရှိသေးတာကို ဗဟိုဘဏ်က အခုချိန်မှာ သုည ဒသမ ၅ ရာခိုင် နှုန်းပဲ ချသင့်တယ်လို့ ဆုံးဖြတ်တာက ကျနော်တို့ တဘဏ်ချင်း တွက်ချက်ထားတဲ့ စာရင် သူက ပိုသေချာတဲ့ ကိန်း ဂဏန်းကို ယူတာပေါ့။
အခုချိန်မှာ ဘဏ်တိုးနှုန်းချတာဟာ ဒီအချိန်က အချိန်မှန်တယ်လို့ ပြောရမှာပေါ့။ အတိုးနှုန်းချသင့်တဲ့ အချိန် ဖြစ်တယ် ဒီလိုအချိန်မှာ ချတယ်။ နောက်အရင်တုန်းက ကျနော်တို့ သတင်းကြားနေတာက ၀ ဒသမ ၂၅ ရာခိုင်နှုန်းလောက်ပဲ ချမယ်ပေါ့ အခုက ၀ ဒသမ ၅ အထိ ချတယ်ဆိုတာက ဗဟိုဘဏ်က တော်တော်ရဲရဲ လှမ်းတယ်လို့ပဲ ပြောရမှာပေါ့။ ဒါက သူအရင်ကထက်ပိုပြီး သတ္တိရှိရှိ လုပ်လိုက်တာလို့ မြင်တယ်။
လုပ်ငန်းရှင်တွေအတွက် အကျိုးဘယ်လောက်ရှိမလဲဆိုတာက လုံးလုံးမရတာထက်စာရင်တော့ အကျိုးရှိတာပေါ့ဗျာ။ ဒါပေမယ့် သူတို့ မျှော်လင့်သလောက်တော့ မဟုတ်သေးဘူးပေါ့။ ဒါကတော့ အခြေအနေလည်း ကြည့်မှာပေါ့ ဗဟို ဘဏ်ဆိုတာက ကြိုက်တဲ့ အချိန် ကြိုက်သလောက် ထပ်ချလို့ ရတာပဲလေ။
၀ ဒသမ ၅ ချကြည့်မယ် အခြေအနေကောင်းသွားတယ်ဆိုရင်လည်း ထပ်ချချင်မှ ထပ်ချမှာပေါ့။ အဲဒီမှာ လိုအပ် တယ်လို့ သူ ယူဆရင် ထပ်ချမှာပေါ့။ ကျနော်ကတော့ ဒီဟာလေးကို ကောင်းတယ်လို့ မြင်ပါတယ်။
ဗဟိုဘဏ်ဘက်ကတော့ သူက ချင့်ချိန်ရတာကို ကျနော်တို့နဲ့ မတူဘူး။ နောက်တခါ ဒေတာကျတော့ ဘဏ်တချင်းက ကိုယ့်ဒေတာပဲ ကိုယ်ရှိတာလေ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကျတော့ တနိုင်ငံလုံး ဘဏ်တွေရဲ့ ဒေတာ သူ့မှာ ရှိတာကို ပြည်တွင်းဘဏ်တွေတင်မကဘူး နိုင်ငံခြားက လာဖွင့်ထားတဲ့ ဘဏ်တွေရဲ့ ဒေတာပါ သူ့မှာ ရှိတာကို ဒီဟာတွေ အပေါ် တွက်ချက်ပြီးတော့မှ ဒီလောက်ပဲ ချတယ်လို့ ယူဆပါတယ်။
ကျနော်တို့ အရင်ဆုံးလုပ်ရမှာက ဒီ COVID 19 ကြောင့် ကိုယ့်ကိုကိုယ် အရင်ဆုံး ဘယ်လောက် ထိခိုက်လဲ ဆိုကို ဆန်းစစ်ရမှာ။ ထိခိုက်တယ်ဆိုတာကို ဒီအတိုင်းပြောလို့ မရဘူး ကိန်းဂဏန်းနဲ့ ပြောရမှာပေါ့။ ဘယ်စီးပွားရေးကဏ္ဍက ဘယ်လောက်ဘီလီယံဖိုး ထိခိုက်နေပြီ ဘယ်ကဏ္ဍမှာတော့ ရာခိုင်နှုန်းဘယ်လောက်ထိခိုက်နေပြီ အဲဒါတွေကို ကျနော် တို့က အတိအကျပြောရမှာ။
ဆရာဝန်တွေ ဆေးကုသလိုပဲပေါ့ ဆေးမကုခင် လူနာကို အရင်ဆုံး ဆေးစစ်ရမှာပဲလေ တန်းပြီး ဆေးတိုက်လို့မှ မရ တာ အဲဒီသဘောပဲ ကျနော်တို့လည်း ကိုယ့်ကိုကိုယ် အရင်ဆုံး စစ်ရမှာပေါ့။
နောက်ထပ်ရော ဘယ်လောက် ထိခိုက်နိုင်ချေရှိလဲ တွက်ချက်ရမှာပေါ့။ အဲဒါကို ပုဂ္ဂလိကဏ္ဍဘက်လည်း တွက်ရမယ် အစိုးရဘက်ကလည်း တွက်ရမှာပေါ့။ပုဂ္ဂလိကကဏ္ဍကတော့ UMFCCI က ဦးဆောင်ပြီး လုပ်နေတယ်လို့ ကြားတယ်။
အစိုးရကလည်း အစိုးရရဲ့ ဒေတာပေါ်မူတည်ပြီး ဝန်ကြီးဌာနတွေအနေနဲ့ ဆန်းစစ်မှု လုပ်ရမယ် သူတို့နဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း တွေကို အဲ့ဒီလိုမျိုးလုပ်လိုက်ပြီးတော့မှာ ဘယ်လောက်တော့ ထိခိုက်ပြီ အဲ့ဒီလို ဆိုရင် ဘာဆေးနဲ့ ကုမလဲဆိုပြီး ဆေးရှာပြီး လုပ်ရမယ်လို့ ကျနော်မြင်တယ်။
ဒေါက်တာ သက်သက်ခိုင် ( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကျမ ၂၀၁၇-၁၈ တုန်းက လွှတ်တော်ထဲမှာ တရားဝင် အတိုးနှုန်း ချသင့်နေပြီပြောခဲ့တယ်။ စီးပွားရေးတွေ မကောင်းတဲ့ အတွက် ငွေရေးကြေးရေး နည်းလမ်းအားဖြင့် နှိုးဆွတာပေါ့နော်။ စီးပွားရေးအဆောက်အအုံကို နှိုးဆွတာဆိုပြီး ကျမက ဗဟိုဘဏ်က ၈ ၊ ၁၃ ရာခိုင်နှုန်း ပြောထားတာကို ၇၊ ၁၁ ရာခိုင်နှုန်းဆိုပြီး ဘဏ်က ချေးတဲ့ လူတွေက ၁၁ ရာခိုင်နှုန်း ပေးရမယ် အပ်တဲ့ သူတွေက ၇ ရာခိုင်နှုန်း ရမယ်ပေါ့ အပ်တဲ့သူတွေဘက်မှာ ၈ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်းပဲ ပြောင်းသွားမှာဆိုတော့ တအားမလျော့ဘူးလေ။
ဒါပေမဲ့ လုပ်ငန်းရှင်ကျတော့ ၂ ရာခိုင်နှုန်းလောက် လျော့ရင် သူက အများကြီးချေး ထားတဲ့ အပေါ်မှာ ၂ ရာခိုင်နှုန်း လျော့တယ်ဆိုရင် လုပ်ငန်းရှင်ဘက်က လုပ်သာကိုင်သာလေး ရှိသွားတာပေါ့နော် စီးပွားရေးက တကယ်မကောင်း တာလေ။
ကျမအဲဒီတုန်းကတည်းက ပြောထားခဲ့တာ အခုချိန်မှ လျှော့တာအပြင်ကို လျှော့တော့လည်း ၀ ဒသမ ၅ ရာခိုင်နှုန်း ဆိုတော့ ထိရောက်မှု မရှိနိုင်ဘူး။ ဆိုလိုချင်တာက အချိန်အားဖြင့်လည်း တကယ်တမ်း ဆိုရင် နောက်ကျတယ်။
၂၀၁၇-၁၈ မကောင်းဘူးဆိုကတည်းက လုပ်လာပေးရမှာလေ အဲဒီတုန်းက ငွေကြေး ဖောင်းပွနှုန်းက ၅ ရာခိုင်နှုန်း
လောက်ပဲ ရှိတယ်။ ငွေကြေးဖောင်းပွမှုနှုန်း ၅ ရာခိုင်နှုန်းက ကျမက ၇ ရာခိုင်နှုန်းနဲ့ ၁၁ ရာခိုင်နှုန်းလောက် ချပေးဖို့ လွှတ်တော်ထဲမှာ တရားဝင် ပြောခဲ့တာ။ သို့သော်လည်း ဗဟိုဘဏ်က တုတ်တုတ်မျှ မလှုပ်ဘူးလေ။
အခုကျတော့လည်း ၀ ဒသမ ၅ ရာခိုင်နှုန်းဆိုတော့ မပြောလိုတော့ပါဘူး။ လျှော့တယ်ဆိုရင်လည်း ထိရောက်တဲ့ လျှော့ချပေးတာဟာ မျိုး ဖြစ်ဖို့ လိုတယ်လေ။
ဒီ COVID 19 ကြောင့် ကမာ္ဘ့လုံးရိုက်ခတ်နေတာပဲလေ တခြားတိုင်းပြည်တွေ ဘာလုပ်လဲ၊ ကိုယ်လည်း ဘာလုပ်ပေး နိုင်မလဲပေါ့ လုပ်ပေးစရာတွေ အများကြီးရှိတယ်။ နဂိုကတည်းက ကိုယ်ခံအားမကောင်းတဲ့ စီးပွားရေးတွေ ရှိတယ်၊ အခုက ကောင်းနေရာကနေ ရပ်သွားတဲ့ ဟာတွေရှိတယ်။ ရုတ်တရက် အကျိုးသက်ရောက်တာတွေက ခရီးသွား လုပ်ငန်း ကျသွားပြီ အထည်ချုပ်လုပ်ငန်းတွေ တချို့ဆို ရပ်သွားပြီ အလုပ်အကိုင်အခွင့်အလမ်းတွေ ရပ်သွားပြီလေ။
ကော်မတီလေးပဲ ဖွဲ့တာမျိုး မဟုတ်ဘဲနဲ့ အစိုးရတဖွဲ့လုံး ပါဝင်တဲ့ ချဉ်းကပ်မှုမျိုး နဲ့ နိုင်ငံတော်ရဲ့ ထိပ်ဆုံးခေါင်းဆောင် တွေ ဦးဆောင်မှုနဲ့ လုပ်ရမှာ။ အလုပ်မရှိတော့သူတွေအတွက် လူမှုကာကွယ်စောင့်ရှောက်မှုတွေ လုပ်ပေးသင့်တယ်။
အလုပ်ရှင်၊ အလုပ်သမားတွေ ပေးသွင်းထားတဲ့ လူမှုဖူလုံကြေးတွေရှိတယ်လေ၊ အလုပ်တွေ ရပ်သွားရင် ဒီလူတွေကို ဘာပြန်လုပ်ပေးမလဲပေါ့။ ဒီလို လူမှုဖူလုံကြေးထဲက တတ်နိုင်သလောက် ပြန်သုံးပေးတယ်ဆိုတာ အစိုးရ အိတ်ထဲက ထုတ်ပေးရတာမဟုတ်ဘူးလေ သူတို့တွေ ပေးသွင်းထားတာတွေပါလေ။ နောက်ကျန်တာက တခြားတိုင်းပြည်တွေ ဘာလုပ်နေလဲ ဒီမှာလည်း ထိထိရောက်ရောက်လုပ်ပေးဖို့ လိုအပ်တယ်။
ဒေါက်တာ အောင်သူရ ( စီးပွားရေး ပညာရှင်)
မြန်မာပြည်က စီးပွားရေး တော်တော်များများက အတိုးနှုန်းတွေနဲ့ တော်တော်လေး ပိနေကြတာပေါ့။ လုပ်ငန်းတွေ အတွက် ဒီအတိုးလောက်ကို ပြန်ရှာနိုင်ဖို့ အရမ်းကြီးမလွယ်ဘူးလေ။ အခုက အတိုးနှုန်းလျှော့ချလိုက်တာ ကတော့ တော်တော်လေး ကောင်းပါတယ်။ အရင်တုန်းကတည်းက နှစ်တွေနဲ့ ချီပြီး မလျှော့ထားခဲ့တော့လေ။ အခုက ဒီလို မျိုးလျှော့လိုက်ပြီဆိုတော့ နောက်ပိုင်းမှာလည်း ဒီလိုမျိုး ထပ်လျှော့လာနိုင်တဲ့ သဘောမျိုးပေါ့။
အခုလျှော့ချလိုက်တဲ့ နှုန်းကတော့ အရမ်းနည်းတာပေါ့ ၀ ဒသမ ၅ ရာခိုင်နှုန်းဆိုတာကတော့ အကုန်လုံး စီးပွား ရေး အခြေအနေတွေ ပြောင်းလဲသွားမှာတော့ မဟုတ်ပေမဲ့ လုံးဝ ချတာထက် စာရင်တော့ ဗဟိုဘဏ်အနေနဲ့ အခုလို အခြေအနေမျိုး လျှော့ရမယ်လို့ မြင်လာတာကတော့ အကုန်လုံး အတွက် ကောင်းပါတယ်။
အခုလို ချလိုက်တာကို နည်းနည်းစောင့်ကြည့်လိုက်လို့ ဘာမှ မဖြစ်ဘူး၊ ဘာမှ စီးပွားရေးအပေါ်မှာ ဆိုးကျိုး တခုခု မဖြစ်လာဘူးလို့ မြင်တယ်ဆိုရင် ဗဟိုဘဏ်အနေနဲ့ နောက်ထပ်လည်း ထပ်ပြီး အတိုးနှုန်းချချင် ချမှာပေါ့။
ကိုရိုနာ ရိုက်ခတ်မှုကတော့ တချို့ တိုင်းပြည်တွေမှာလည်း လုပ်ငန်းတွေကို အတိုးနှုန်း သက်သာတဲ့ ငွေတွေ ချေးပေး တာလည်းရှိတယ်။ လွယ်လွယ်ကူကူနဲ့ ချေးငွေ ရနိုင်မယ့် နည်းလမ်းတွေ အစိုးရက ဖန်တီးပေးတာမျိုးတွေ ရှိကြတယ် ပေါ့။
တချို့တိုင်းပြည်တွေကတော့ ချေးငွေ အတိုးနှုန်းတွေကို ရပ်ဆိုင်း ပေးထားတာမျိုးတွေ လုပ်ပေးကြတယ်။ အစိုးရ အနေနဲ့ စီးပွားရေးက အရှိန်တခုနဲ့ မကျသွားအောင်တော့ လုပ်ပေးဖို့ လိုတယ်။ တိုင်းပြည်တခုခု နဲ့ တခုကတော့ ကုစား ရမယ့် ပုံစံချင်းကတော့ မတူနိုင်ဘူးလေ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို အကုန်လုံး သုံးသပ်ပြီးတော့မှ ကိုက်ညီမယ့် ဖြေရှင်းနည်းတွေနဲ့ လုပ်မှာ ရနိုင်မယ်။
ဒေါက်တာ အောင်ကိုကို (စီးပွားရေးမူဝါဒ ရေးရာ ပညာရှင်)
အခုအတိုးနှုန်း ချတာက လက်ရှိ ဘဏ်တွေရဲ့ အခြေအနေအားလုံးကို တွက်ချက်ပြီး လုပ်တယ်လို့ ယူဆပါတယ်။ အခု က ၀ ဒသမ ၅ ရာခိုင်နှုန်းပေါ့ ဗဟိုဘဏ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ၉ ဒသမ ၅ ရာခိုင်နှုန်း လျှော့တဲ့ သဘောပေါ့။ ဘာပဲ ပြော ပြော မလျှော့တာထက်စာရင်တော့ ကောင်းပါတယ်။ လျှော့သင့် လျှော့ထိုက်တဲ့ အနေအထားတခုလည်း ရှိနေပြီလေ။
နောက်တခုက တိုင်းပြည်စီးပွားရေး အခုထက်ပိုပြီး အားကောင်းမောင်းသန် ဖြစ်ဖို့ ဆိုရင်တော့ အတိုးနှုန်း ကြီးမားတဲ့ ပြဿနာလည်း အဓိက အခက်အခဲ တခုလို ဖြစ်နေတာပေါ့လေ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍပေါ့။ စီးပွားရေး လုပ်ငန်း ဆိုတာကလည်း ဘဏ်ချေးငွေနဲ့ လုပ်နေကြတာ အများစုပဲလေ။
ကိုယ်ပိုင်အရင်းအနှီးတွေနဲ့ လုပ်တာလည်း တခုပေါ့။ နောက်တခုက ကျနော်တို့မှာ စတော့အိတ်ချိန်းမှာ စာရင်းဝင် ကုမ္ပဏီ ကလည်း အခုက ၅ ခုပေါ့ နောက်အသစ်ခုဝင်ဖို့ ရှိနေတော့ ၆ ခုပေါ့။
အခုလျှော့ချလိုက်တဲ့ နှုန်းက လျှော့သင့်လျှော့ထိုက်တဲ့ နှုန်းထားလားလို့ မေးရင်တော့ ဒါကတော့ ဖြည်းဖြည်းချင်းပေါ့ သတိကြီးစွာနဲ့ လျှော့တဲ့ သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ ကြိုဆိုရမှာပေါ့။ အခုဆိုရင် ကမာ္ဘပေါ်မှာ ဂျပန်ဗဟိုဘဏ်ပဲ ဖြစ်ဖြစ် အင်္ဂလန်ဗဟိုဘဏ်ပဲ စသည်ဖြင့် ဘဏ်အတိုးနှုန်းတွေ လျှော့ကြတာကို လျှော့တဲ့ အခါကျတော့ ကမာ္ဘ့ စီးပွားရေးအားလုံးက ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ Supply Chain မှာ အများကြီးထိခိုက်သွားနိုင် လေ။
အခုဆိုရင် ဥရောပနိုင်ငံတွေထဲမှာ ဆိုရင် အီတလီထိတယ်၊ ဂျာမနီကလည်း စိုးရိမ်စိတ်တွေ ရှိလာတယ်။အခုက တရုတ်ကတော့ ထိန်းချုပ်နိုင်သွားပြီလို့ ပြောနေတယ်ပေါ့။ အခုက သူက သူများနိုင်ငံတွေက သူဆီကို တကျော့ ထပ်ဝင်လာကို ပြန်စိုးရိမ်နေတယ်။
တချို့သတင်းတွေအရ ဆိုရင် ဒီရောဂါပိုးက အသက်ရှုလမ်းကြောင်းပိုင်းမှာ ၃၅ ရက်အထိ အသက်ရှင်နိုင်တယ်ဆိုတော့ ဒီလိုရောဂါပိုးကလည်း ကုသဆေး၊ ကာကွယ်ဆေး မထွက်ပေါ်ခြင်းက စိုးရိမ်ရမယ့် အနေအထားဖြစ်လာတယ်။ တနည်းပြောရရင် ကမာ္ဘ့စီးပွားရေးအထိလည်း စိုးရိမ်စရာလေးတွေ ဖြစ်လာတယ်။
ဘဏ်အတိုးနှုန်းက လောလောဆယ် ၀ ဒသမ ၅ ပေါ့ ကျနော်ထင်ပါတယ် အခြေအနေတခုပေါ့ တချို့အခွန် တွေကို လည်း တနှစ်လောက် လျှော့ထားတာလည်း ရှိတယ်၊ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့အထိ လျှော့ထားတယ်လေ။ လုပ်ငန်းရှင်တွေ အမြင်အရ ကြည့်ရင်တော့ နည်းတယ်ပေါ့ဗျာ ရှိကောင်းရှိနိုင်တယ်ပေါ့။
တဘက်က ကြည့်ရင်လည်း Total Deposit ကိုလည်း ရုတ်ချည်း ပြောင်းလဲလိုက်လို့လည်း မဖြစ်ဘူးလေ။ တဘက် ကလည်း Productivity ထဲ ဝင်သွားအောင် လုပ်ရမယ်လေ ဒါပေမဲ့ ခက်တာက အခုအခြေအနေက Productivity ဝင်တယ်ဆိုပေမဲ့လည်း Supply Chain က ကမာ္ဘ့ပေါ်မှာ တုံ့ဆိုင်းသွားပြီလေ။ စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှု စွမ်းအား၊ အသစ်ထုတ်လုပ်နိုင်မှုတွေလည်း လျှော့သွားနိုင်တာပေါ့။
ထုတ်လုပ်မှုထဲကို ဝင်သွားစေချင်တယ် ဆိုသော်ငြားလည်း ထုတ်လုပ်မှုထဲကို အဲဒီလောက်ထိ ဝင်ချင်မှ ဝင်မှာပေါ့။
အခု ဘဏ်အတိုးနှုန်းလျှော့လိုက်တာက အတိုးကနေ ဝန်ပိနေတဲ့ လုပ်ငန်းတွေအတွက်တော့ နည်းနည်းလေး ခံသာ သွားမလားပေါ့။ နောက်ပိုင်းမှာ Business Monitoring ကို ဗဟိုဘဏ်အနေနဲ့ လုပ်ဖို့ နေသလို လုပ်ငန်းအသီးသီး ကလည်း အမျိုးအစားအလိုက်၊ အရွယ်အစားအလိုက်ရော လုပ်ဖို့ လိုတယ်။
ဒေါ်နှင်းဝေ ( မြန်မာအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ)
သူတို့ အတိုးနှုန်းလျှော့ပေးပေမယ့် အခုလက်ရှိက ဒေါ်လာဈေးရယ်၊ ဈေးကွက်အခြေအနေရယ် စီးပွားရေးလုပ်ငန်း တွေကလည်း အခု အတုံးအရုန်း၊ ဒီလောက်လျှော့ပေးတာကတော့ စီးပွားရေးလုပ်ငန်းတွေ အတွက် ဘယ်လိုမှကို အကျိုးသက်ရောက်မှု မရှိနိုင်ဘူး။
အခုက မြန်မာနိုင်ငံတခုတည်း မဟုတ်ဘူးလေ တကမာ္ဘ့လုံးဖြစ်နေတယ်ဆိုတော့ အကုန်လုံးစီးပွားရေးကျဆင်းနေတဲ့ အချိန်မှာ သူတို့လျှော့ပေးတာ လုပ်ငန်း ရှင်တွေက ရင်မခုန်လောက်ဘူးထင်တယ်။
အစိုးရအနေနဲ့က ဒီလို ကပ်ရောဂါတွေ ဖြစ်လာရင် စီးပွားရေးအပေါ် ရိုက်ခတ်လာမှုတွေကို တွေးမှ မတွေးထားတာ အဲဒီအတွက်ကိုလည်း ကြိုတင်စဉ်းစားထားတဲ့ အစီအစဉ်တွေရှိတယ်လေ။ ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ လုပ်ငန်းရှင်တွေ တောင် ဒီလိုအခြေအနေတွေ ကြိုပြင်ဆင်ထားတာမရှိတော့ ဒီရိုက်ခတ်မှုက တော်တော်ကြီးမယ်။
စီးပွားရေးလုပ်ငန်းတွေက ဒီလျှော့ချလိုက်တဲ့ ဘဏ်အတိုးနှုန်းကို မက်လောက်စရာ ရှိမနေဘူး။ အခုဆိုရင် အထည်ချုပ် တွေပဲ ကြည့်ရင် တရုတ်ကုန်ကြမ်းသွင်းလို့ မရရင် သူအတိုးနှုန်းချပေးလည်း ဘာမှ လုပ်လို့မရဘူးလေ။
လုပ်ငန်းတွေလုပ်ဖို့ ချေးထားတဲ့ ငွေတွေတောင် ဘယ်လို ပြန်ပေးရမလဲ မသိတဲ့ အခြေအနေလေ။ တဖက်ကလည်း ရောဂါကို ဘယ်လိုထိန်းချုပ်မယ်လို့ လုပ်နေပြီ တဖက်လည်း ဒီလိုတွေ ဖြစ်လာရင် ကာဗာဖြစ်အောင် ဘာအစီအစဉ် တွေ လုပ်မယ်ဆိုတာ စဉ်းစားထားသင့်တယ်။ ကျမကတော့ အခုချိန်ထိ ဘာမှ ပြင်နေတာ မတွေ့ရသေးဘူး။
ဦးဇေယျသူ ( မြန်မာ့နိုင်ငံရေး နှင့် စီးပွားရေး လေ့လာသုံးသပ်သူ)
အခုလျှော့ချလိုက်တဲ့ နှုန်းထားကတော့ သူလည်း တွက်ချက်ပြီးတော့မှ လျှော့ချလိုက်တာပေါ့။ ကျနော်အမြင်အရ အစိုးရက ဒီဗိုင်းရပ်စ်ကိစ္စကို ဖြေရှင်းဖို့အတွက် ဒါက အချက်ပေးလိုက်တယ်လို့ မြင်တယ်။ ပမာဏ ဘယ်လောက် လျှော့သင့်သလဲ ဘာညာကတော့ ငြင်းစရာတွေတော့ အများကြီးရှိတာပေါ့။ ဘာပဲပြောပြော စတော့ လှုပ်လာပြီလေ။
ပမာဏကတော့ တချို့ကတော့ များများချစေချင်တာပေါ့၊ ဗဟိုဘဏ်ကလည်း တခြားတွက်စရာတွေ ဘာညာတော့ ရှိတာပေါ့ ဒါမှ မဟုတ်ရင်လည်း ဒါက စမ်းပြီးတော့ လျှော့တာလည်း ဖြစ်နိုင်တယ် အခုက ၀ ဒသမ ၅ လောက်လျှော့ ဘယ်လောက်လှုပ်လည်း ကြည့်ပြီးရင် တိုးရင်လည်း တိုးမယ် အဲဒါမျိုး သူစဉ်းစား ကြည့်ရင်လည်း ကြည့်မှာပေါ့။
အတိုးနှုန်းလျှော့ပေးဖို့က စီးပွားရေးပညာရှင်တချို့ကရော လုပ်ငန်းရှင်တွေဘက်က ပြောတာတော့ ကြာပြီလေ။ အခုက စရွှေ့တာပေါ့ နောက်ထပ်လည်း ထပ်ရွှေ့စရာရှိတယ်လို့ မြင်ရတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် စီးပွားရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံးကော်မတီတခုလောက် ဖွဲ့သင့်နေပြီ။ စီးပွား ရေးဖြစ်ရင်တော့ ဒီဒဏ်က နောက် လေးငါးခြောက်နှစ် ဒီဒဏ်က ကုန်းရုန်းခံရတာမှာလေ။ အဲဒါကို လျှော့တော့ မတွက် သင့်ဘူး၊ လောလောဆယ်ကတော့ ကျန်းမာရေးအတွက်ပဲ ဂရုစိုက်နေတာတွေ့ရတယ်။ စီးပွားရေးကတော့ ပြင်ထား သင့် ပြင်ထားပြီး မြန်မြန်ဆန်ဆန်လုပ်မှာ အထိသက်သာမှာပေါ့။
ဦးခင်အောင်ထွန်း (မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌ)
ဗဟိုဘဏ်က တုံ့ပြန်လိုက်တဲ့ ၀ ဒသမ ၅ ရာခိုင်နှုန်းကတော့ အင်မတန်မှ နည်းလွန်းတယ်။ အဲဒါတွေက ဒီလိုအချိန်မှာ အားလုံး မလုပ်ပေးနိုင်ရင်တောင် လုပ်ပေးနိုင်တာတွေကို ထိရောက်မှုရှိအောင် တတ်နိုင်သလောက် လုပ်ပေးဖို့ လိုတယ်။
မြန်မာ့ခရီးသွားလုပ်ငန်းတွေမှာ အရင် Inbound Tour ပဲပေါ့ အခု Outbound Tour တွေ ဘက်ကိုပါ ထပ်ပြီး ထိလာ ပြီလေ ဒါတွေအကုန်လုံးကလည်း SME တွေ ပဲလေ သက်ရောက်မှုကတော့ ကြီးတယ်။
ဘယ်လောက်အထိ သက်ရောက်မှုက ကြီးလဲဆိုရင် အရမ်းအသေးစိတ်နေတယ်။ တခြားနိုင်ငံတွေမှာ အတိုးနှုန်းတွေ ကို ၆ လ ရပ်ဆိုင်းပေးထားမျိုး၊ အခွန်တွေ လျှော့ချပေးတာမျိုးတွေ လုပ်ပေးနေပြီ။
အခုက တရုတ်အပြင် မြန်မာကို လာတဲ့ ဥရောပနိုင်ငံတွေမှာလည်း ဒီရောဂါက စပြန့်နေပြီ ဆိုတော့ ခရီးသွား လုပ်ငန်း အတွက်ကို ကျနော်တို့က နှစ်ကုန်လောက် အထိ စဉ်းစားနေရပြီ။ ကျနော်တို့လည်း အစိုးရက ပိုပြီး ထိထိရောက် ရောက် ကူညီနိုင်အောင် Data ကောက်တာတွေ လုပ်ပြီး တင်ပြဖို့ လုပ်နေပါတယ်။
အမှန်က လက်ရှိအချိန်က အတိုးနှုန်း ဒီလောက် ချရုံနဲ့မရဘူး ဒီလိုမျိုး ထိခိုက်နေတဲ့ လုပ်ငန်းတွေအတွက် အတိုးနှုန်း ကို ယာယီရပ်ထားဖို့ အထိတောင် ပြုလုပ်ပေးသင့်တာ ဒါပွင့်ပွင့်လင်းလင်းပြောတာ။ အခုက ကျနော်တို့က ဘာဝင်ငွေမှ မရှိတော့ဘူးလို ဖြစ်သွားတာလေ အမြတ်အစွန်းကို ခဏထားထားအုန်း ချေးငွေတွေရဲ့ အတိုးကို ဘယ်လိုပြန်ပေးရ မလဲတောင် မသိတာ။ လုပ်ငန်းတွေက လုံးဝရပ်သွားသလို ဖြစ်ကုန်တာလေ။
ကျနော်တို့က အတိုးနှုန်းတွေ ကာလတခုလောက် အထိ ရပ်ဆိုင်းပေးထားစေချင်သလို အတိုးနှုန်းကိုလည်း အနည်းဆုံး ၁၀ ထက် မကျော်တဲ့ နှုန်းထားလောက် ဖြစ်စေချင်တယ်။
ဆက်စပ်ဖတ်ရှုရန်
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော