ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုမှာ မြန်နှုန်းမြင့်လာပြီး တရက်လျင် လူဦးရေ ရာနှင့်ချီ၍ ကူးစက်လာနေသည်ကို မြင်တွေ့နေ ရပြီး လူဦးရေအသိပ်သည်းဆုံးနှင့် စီးပွားရေးဗဟိုချက်မဖြစ်သည့် ရန်ကုန်မြို့တွင်လည်း ကိုဗစ်ပိုးကူးစက်ခံရသူ နှုန်းမှာ တနေ့တခြား မြင့်တက်လာနေသည်။
ရန်ကုန်မြို့တွင် ကိုဗစ်ကူးစက်ခံရနှုန်းမှာ လက်ရှိအချိန်တွင် တနိုင်ငံလုံး ကူးစက်မှု၏ ထက်ဝက်ကျော်သို့ ရောက်ရှိနေသည့် အခြေအနေဖြစ်ရာ ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရေးနဲ့ ပတ်သက်ပြီး မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ရန်ကုန်မြို့မှာ ဆေးရုံတွေလည်း လူနာတွေ ပြည့်နေပြီလို့ ကြားရတယ်ဆိုတော့ အခုလက်ရှိ ဘယ်လို အခက်အခဲ တွေ့နေလဲ။ ဘယ်လိုပုံစံမျိုး ဆက်လုပ်ဖို့ စီစဉ်ထားလဲရှင့်။
ဖြေ ။ ။ တောင်ဥက္ကလာတို့၊ ဝေဘာဂီတို့မှာကတော့ ပြည့်လုနီးပါး ဖြစ်နေပြီ။ ၉၅ ရာခိုင်နှုန်းလောက် ပြည့်နေပြီ။ ဖောင်ကြီး မှာ ဆိုရင်လည်း လူနာ ၈၀၀ ကျော်ဖြစ်နေပြီ။ ဖောင်ကြီးကတော့ နောက်ထပ် လူနာ ၁,၀၀၀ ကျော်အထိ ထားဖို့ ပြင်ဆင်မှု တွေ ပြုလုပ်နေတယ်။ ဒါအပြင် လူနာတွေထဲမှာ ရောဂါပိုးတွေ့ပေမယ့်လို့ ရောဂါလက္ခဏာ မပြတဲ့ သာမန် လက္ခဏာရှိတဲ့ သူတွေကို ရိုးမရိပ်သာမှာ ရှိတဲ့ ယာယီဆေးရုံမှာ ရွှေ့ပြောင်းတဲ့ ကိစ္စတွေ ဆောင်ရွက်နေပါတယ်။
ဖောင်ကြီးမှာ ရှိတဲ့လူတွေ ထဲကမှ ၁၀ ရက်ကျော်ရှိနေပြီ နဂိုကတည်းက ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားမရှိဘူး။ လက္ခဏာမပြတဲ့သူတွေကို ရွှေ့တာ ဖြစ်ပါတယ်။ သူတို့ကို ရွှေ့လိုက်တဲ့ အတွက်ကြောင့်မို့လို့ အဲဒီနေရာမှာ ရောဂါ လက္ခဏာရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူ တွေ၊ နဂိုကတည်းက ရောဂါအခံရှိတဲ့သူတွေဆိုရင် သူတို့အတွက် ကုသမှုကို ပိုပြီး ထိရောက်ဖို့ ရည်ရွယ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာရှိတဲ့ အချို့နေရာတွေမှာလည်း ယာယီဆေးရုံဆောက်ဖို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ ရောဂါမပြင်းတဲ့သူတွေကို ၁၄ နေရင် ဆင်းမှာဖြစ်တဲ့အတွက် ဆေးရုံ ဆင်းတဲ့ သူလည်းရှိမယ်၊ ဆေးရုံတက်တဲ့သူလည်း ရှိမှာဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ခန့်မှန်းပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး ။ ။ ဒါဆိုရင် အခုက ရောဂါလက္ခဏာ မရှိတဲ့သူတွေနဲ့ နောက်ခံရောဂါ မရှိတဲ့သူတွေကို သီးခြားခွဲထုတ်တဲ့ အစီအစဉ် ဖြစ်သွားပြီပေါ့။
ဖြေ ။ ။ ဒါက Category ခွဲလိုက်တာပါ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် သေချာဂရုစိုက်ရမယ့်သူတွေကို ပိုဂရုစိုက်ဖို့ ရည်ရွယ်သလို။ မလိုအပ်ဘဲနဲ့ ရောဂါသိပ်မဆိုးတဲ့သူတွေ၊ ရောဂါလက္ခဏာမရှိတဲ့သူတွေကိုလည်း သီးခြား ထားရှိခြင်း အားဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ချွေတာရာ ရောက်ပါတယ်။
မေး ။ ။ အဲဒီလို ပြန်ကောင်းနိုင်ဖို့များတဲ့ အုပ်စုကဆိုရင် ဘယ်နှစ်ရာခိုင်နှုန်းလို့ ပြောလို့ရမလဲရှင့်။
ဖြေ ။ ။ နိုင်ငံတကာရဲ့ ဒေတာတွေမှာ ရောဂါရဲ့ သဘောသဘာဝနဲ့ ပြောပါတယ်။ ၈၀ ရာခိုင်နှုန်းကတော့ သာမန် လက္ခဏာပဲ။ သာမန်လက္ခဏာတွေက ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။ ၁၅ ရာခိုင်နှုန်းကတော့ ပြင်းထန်တယ်။ အောက်ဆီ ဂျင် ပေးရတဲ့အဆင့်။ ဒါကလည်း ပြုစုကုသရတဲ့ သူတို့ နောက်ခံရောဂါ ဖြစ်တဲ့အခြေအနေ သူတို့ရဲ့ အသက်အရွယ်။ ဒါတွေ ပေါ် မူတည်ပြီးတော့ အများစုကို ပြန်ကယ်နိုင်ပါတယ်။ ၅ ရာခိုင်နှုန်းကတော့ တော်တော်လေး ဆိုးရွား အပြင်းထန်ဆုံး ဖြစ် တယ်လို့ ပြောရမယ်။
အသက်ရှူအား ကူစက် (Ventilator) ပေးရတဲ့ သူတွေကျတော့ တော်တော်လေး အသက်ရှင်ဖို့ ခဲယဉ်း ပါတယ်။ ဒါက သေနိုင်ပါတယ်။ နိုင်ငံတကာ Paper တွေမှာလည်း ပြန်ကောင်းလာနိုင်တဲ့ ဦးရေဟာဆိုရင် တချို့က ၉၀ ကျော်လောက် ပြောတာလည်း ရှိပါတယ်။
အခုလက်ရှိ ကျမတို့ နိုင်ငံမှာဆိုရင် ပြန်ကောင်းလာတဲ့သူတွေ ရှိပါတယ်။ ၁၄ ရက်မပြည့်သေးလို့သာ ဆေးရုံက မဆင်းရ သေးပေမယ့်လို့ ဆေးရုံကဆင်းမယ့်သူတွေက နေ့စဉ် လေး၊ ငါး၊ ခြောက်ဆယ်၊ တစ်ရာ ရှိနေတာပါ။
လက်ရှိ အနေအထားအရ သေဆုံးတဲ့သူ စိပ်စိပ်တွေ့နေရတာ ဖြစ်ပါတယ်။ အခု သေဆုံးတာမှာဆိုရင် အသက်ကြီးတဲ့ သူတွေက ၆၀ ရာခိုင်နှုန်းလောက်ရှိတာ တွေ့ရပါတယ်။ အသက် ၄၀ ကျော် ၅၀ ကလည်း ၄၀ ရာခိုင်နှုန်းလောက် ပါနေတဲ့ အတွက် မပေါ့ဆသင့်ဘူးလို့ မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း WHO က လူငယ်တွေကို မပေါ့ဆဖို့ ဒီရောဂါ ဖြစ်နိုင်တယ်၊ လူနာတွေကနေ ရောဂါကူးစက်လာပြီးတော့ သူတို့တွေကတော့ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် မခံစားရပေမယ့်လို့ မိဘတွေ၊ နောက်ခံရောဂါ ရှိတဲ့သူတွေက ကူးစက်ခံရရင် သေစေနိုင်တာဖြစ်တဲ့အတွက် ဘာလို့ အန္တ ရာယ်ကို ယူမှာလဲဆိုတဲ့ အကြောင်း ပြောထားတာတွေ ရှိပါတယ်။
မေး ။ ။ ဆရာမ ပြောခဲ့သလိုပါပဲ အသက်ကြီးပိုင်းတွေ သေဆုံးမှုက များနေပါတယ်။ ဒါကဘယ်လို အခြေအနေတွေ ကြောင့် ဖြစ်မလဲ။ လက်ရှိ အနေအထားအရ ပိုပြီးတော့ ဂရုစိုက်ရမယ့် အုပ်စုလို့ ပြောလို့ရမလား။
ဖြေ ။ ။ ဂရုစိုက်ရမယ့် အုပ်စုတွေကို US CDC က စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်တာ ရှိပါတယ်။ ထုတ်ပြန်တာမှာ ဆိုရင် အသက်ကြီးတဲ့ သူတွေက အန္တရာယ်ရှိတယ်။ နောက်တခုက ကင်ဆာ ဝေဒနာ ခံစားနေရတဲ့ သူတွေ ပိုပြီး အန္တရာယ် များပါတယ်။ သွေးတိုး၊ ဆီးချို သမားတွေ၊ နာတာရှည် ကျောက်ကပ်သမားတွေ၊ နှလုံးသွေးကြောကျဉ်းတဲ့ သူတွေ နှလုံး ရောဂါ တွေ စသဖြင့် ဒီလိုရောဂါတွေက ပိုပြင်းထန်တဲ့ အကြောင်း။ အထူးသဖြင့်က ဝတဲ့ သူတွေကလည်း အန္တရာယ်ရှိ တယ် ဆိုတဲ့ အကြောင်း ပြောထားပါတယ်။
ပန်းနာရင်ကြပ် ရှိတဲ့သူတွေက ဆိုရင် သာမာန်လူက ၁ ဆခွဲ ပိုဆိုးတယ်၊ သွေးတိုးရှိတဲ့သူက သာမာန်ထက် ၃ ဆ ပိုဆိုး တယ်၊ ဝ တဲ့ သူတွေ (BMI 30 အထက်များတဲ့ သူတွေ) က သာမာန်ထက် ၃ ဆ ပိုဆိုးတယ်၊ ဆီးချို ရှိတဲ့သူကလည်း ၃ ဆ ပိုဆိုးတယ် ဆိုတာ ထုတ်ပြန်ထားတာ ရှိပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ ရှိတဲ့သူဆို ၄ ဆ ပိုဆိုးတယ်။ သိပ်ဝတဲ့ သူတွေ (BMI 40 အထက်များတဲ့ သူတွေဆိုရင်) ၄ ဆ ခွဲထိတောင် ပိုဆိုးတယ်လို့ ပြောထားပါတယ်။
အထက်က အချက်တွေမှာ ၂ ချက်ရှိရင်ကို ၄ ဆ ခွဲလောက် ပိုဆိုးတယ်။ ၃ ချက်နဲ့ အထက်ရှိတယ်ဆိုရင် ၅ ဆ အထိကို ပိုဆိုးတယ်လို့ ဒါမျိုးတွေ သုတေသန ထွက်ပေါ်တာတွေလည်း ရှိပါတယ်။ ဒါကြောင့်မလို့ အသက်ကြီးတဲ့ သူတွေ နောက်ခံ ရောဂါ ရှိတဲ့လူတွေက ဆိုရင် သူတို့ရဲ့ ရောဂါကြောင့်ကို ပိုပြီး အန္တရာယ်ကို ပိုဖြစ်နိုင်တဲ့ အတွက်ကြောင့်မလို့ COVID-19 ကူးစက်ခံရတဲ့ အခါမှာ သူများထက် ပိုပြီးတော့ ဆိုးရွားစွာ ပြင်းထန်စွာ ခံစားရတယ်။ ICU ထဲရောက်နိုင်တယ် ၊ အသက် သေဆုံးတဲ့ အထိ ဖြစ်နိုင်တယ်ဆိုတာကို သတိပြုစေချင်တယ်။
မေး ။ ။ ပိုးတွေ့လူနာတွေ အရမ်းများလာသလို တဖက်မှာလည်း Quarantine Center တွေကလည်း ထပ်တိုးချဲ့နေ တာကို တွေ့ရတော့ လက်ရှိအခြေအနေအတိုင်းသွားရင် Facilities Quarantine ကို ဆက်လုပ်ပေးနိုင်ပါဦးမလား။ဘယ်လို အခြေအနေ ဖြစ်လာမလဲ။
ဖြေ ။ ။ Quarantine အနေနဲ့ ပြောမယ်ဆိုရင်တော့ ရန်ကုန်တိုင်းမှာ အခုလုပ်နေတာက ပိုးတွေ့တဲ့လူနဲ့ အနီးကပ် ထိတွေ့ ခဲ့တဲ့ သူတွေ Closed Contact တွေကို Facilities Quarantine ထားပြီးတော့ သူတို့ကို စောင့်ကြည့်တာမျိုးတွေ လုပ်ပါ တယ်။ ဓာတ်ခွဲနမူနာ ယူပါတယ်။ စစ်ဆေးတာ လုပ်ပါတယ်။ Secondary Contact ရောဂါပိုးရှိတဲ့ သူတွေနဲ့ တိုက်ရိုက် မဟုတ်ဘဲ (ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့မိတဲ့သူနဲ့ ထိတွေ့မိတဲ့သူပေါ့) ဒါမျိုးတွေဆိုရင်တော့ အိမ်မှာပဲ Home Quarantine ထားတာမျိုးတွေ ဆောင်ရွက်ပါတယ်။
Facilities Quarantine လုပ်ဆောင်တဲ့ အပေါ်မှာ တချို့က လုပ်နိုင်ပါ့မလားလို့ ထင်ကြတယ်။ တကယ့်တကယ်ကျတော့ အခုလက်ရှိ အနေအထားအရဆိုရင် Facilities Quarantine က လိုအပ်လို့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု စနစ်အရဆိုရင် Extended Family ပေါ့။
မိဘ၊ အဘိုး၊ အဘွား နောက် Generation ၃ ခုလောက်အထိ နေကြတာ လည်း ရှိတယ်၊ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ လူအများကြီး စုနေကြတာတွေလည်း ရှိတယ်။ လေဝင်လေထွက်ကလည်း ကောင်းချင်မှ ကောင်းမှာ။ ရောဂါပိုးရှိတဲ့ လူတယောက်သာ ရှိနေမယ် ဆိုရင် ကျန်တဲ့လူတွေ အများကြီးကို ကူးစက်နိုင်တဲ့ အတွက်ကြောင့် လိုအပ်လို့ လုပ်ရခြင်းဖြစ်ပါတယ်။ လက်ရှိမှာလည်း တချို့လူတွေက ပိုးတွေ့လူနာတွေကို အိမ်မှာပဲ ထားမယ့် ကိစ္စတို့ပေါ့။ ဒါလုံးဝ မဖြစ်နိုင်ပါဘူး။
မြန်မာနိုင်ငံက အမေရိကန်၊ အင်္ဂလန် မဟုတ်ပါဘူး။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေရှိတဲ့ နည်းဗျူဟာတွေကို ချမှတ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ဘက်ပေါင်းစုံကကြည့်ပြီးတော့ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အခုချိန်မှာ ကိုဗစ်ကို ရင်ဆိုင်ပြီးတော့ တိုက်ပွဲကို တိုက်နေရတာ ဖြစ်ပါတယ်။
အဲဒီအခါမှာ အမျိုးသားအဆင့် ဗဟိုကော်မတီကနေပြီး လမ်းညွှန်ချက်တွေကို တသွေမတိမ်း လိုက်နာပြီးတော့ ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ သူတလူ ငါတမင်းနဲ့ စိတ်တိုင်းကျ လုပ်နေလို့ မရပါဘူး။ ဒီလိုလုပ်လို့လည်း မအောင်မြင်နိုင်ပါဘူး။ အဲဒီတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက လမ်းညွှန်ချက်တွေကို အတိအကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဒါတွေက လိုအပ်လို့ လုပ်ခိုင်းတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဆိုရင် ရောဂါလက္ခဏာ မပြဘဲနဲ့ ရောဂါတွေ့နေတဲ့ လူက ၇၀ ကျော် ရာခိုင်နှုန်းလောက်ရှိပါတယ်။ ရောဂါလက္ခ ဏာ ပြတဲ့သူကဆိုရင် ၂၅၊ ၂၇ နှုန်း လောက်ပဲ ရှိပါတယ်။ အဲဒီတော့ လူတိုင်းလူတိုင်းက ရောဂါရှိနေနိုင်တယ်လို့ ယူဆပြီး ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ကျင့်သုံးရမှာ ဖြစ်ပါတယ်။ လူတယောက်ကို အပေါ်ယံကြည့်ရုံနဲ့ ရောဂါရှိတယ် မရှိဘူး တွက်လို့ မရဘူးဆိုတာကို ပြည်သူလူထုကို သတိပေးချင်ပါတယ်။
ကိုယ်အပြင်ထွက်လိုက်တယ် Mask မတပ်ဘူး၊ လူစုလူဝေးနဲ့ သွားလိုက် လာလိုက်တယ်ဆိုရင် ဒါဟာ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်ပြီးတော့ ရောဂါပိုးက ကိုယ်က သယ်လာပြီးတော့ ကိုယ့်အိမ်မှာရှိတဲ့ မိသားစုကို ရောဂါပိုးအမွေ အားပါးတရပေးတယ်လို့ ကျမကတော့ ပြောချင်ပါတယ်။
ပြည်သူလူထု တယောက်ချင်းစီရဲ့အား၊ အဲဒီအားက ဘယ်လောက်အထိ ကြီးလာမလဲ ဆိုတာပေါ် မူတည်ပြီးတော့ ရောဂါ တွေ့ရှိနေရတဲ့ အခြေအနေ ဘယ်လိုဖြစ်မလဲ ဆိုတာ မူတည်နေပါတယ်။ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု များလေလေ ရောဂါဖြစ်ပွားမှုက ဒိန်းကနဲ အောက်ကိုဆင်းသွားမှာ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက ကြာလေလေ ရောဂါက ဆက်ပြီးတော့ ဖြစ်ပွား ကူးစက်နေဦးမှာ ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ ဒုတိယလှိုင်းကို ဘယ်တော့လောက် ထိန်းချုပ်နိုင်မယ် မျှော်မှန်းသလဲရှင့်။
ဖြေ ။ ။ အဲဒါကလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အပေါ်မှာပဲ လုံးဝ မူတည်နေတယ်လို့ ပြောပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရယ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနရယ်၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့တွေရယ် ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေပေမယ့်လည်း ပြည်သူလူထုက ဒါဟာမိမိတို့ရဲ့ တာဝန်ပါလား။
ရောဂါနှိမ်နင်းတဲ့ ကိစ္စတွေကို လုပ်နေတာက နိုင်ငံတော် အစိုးရကနေ အကုန်အကျခံပြီးတော့ တယောက်ချင်း တယောက် ချင်း စီရဲ့ ရောဂါမကူးစက်စေရေး၊ ရောဂါကူးစက်ရင်လည်း ဖြစ်ပွားသေဆုံးမှု မရှိစေရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်တဲ့ အခါမှာ၊ ငါတို့တာဝန်ဖြစ်ပါလားဆိုတဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူလူထု ပူပေါင်းဆောင်ရွက်မှု များများရှိတယ်ဆိုရင် မြန်မြန်ပျောက်မှာ ဖြစ်ပါတယ်။
မေး ။ ။ ရောဂါကူးစက် ပြန့်ပွားမှု လက်ရှိအခြေအနေကရော ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်ရတယ်လို့ ပြောလို့ ရမလဲ။
ဖြေ ။ ။ လက်ရှိဖြစ်နေတဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ စိုးရိမ်ရတယ် ဆိုတာက ကိုယ့်နိုင်ငံ တခု တည်းတော့ ဖြစ်နေတာ မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံထဲမှာဆိုရင် အိန္ဒိယ မှာဆိုရင် နေ့စဉ်ရောဂါ အသစ်ပိုး တွေ့သူက ရှစ်သောင်းကျော်၊ ကိုးသောင်းကျော်တွေ ဖြစ်ပြီး သေဆုံးမှုတွေက အများကြီး။ အာဆီယံ နိုင်ငံမှာဆိုရင်လည်း အင်ဒိုနီးရှားတို့ ၊ ဖိလစ်ပိုင်တို့ဆိုလည်း တနေ့ကို ပိုးအသစ်တွေ့ရှိတာက နှစ်ထောင်ကျော်၊ သုံးထောင်ကျော်တွေ ရှိနေ တာပေါ့။
မြန်မာနိုင်ငံကတော့ အာဆီယံ နိုင်ငံထဲမှာ ပိုးတွေ့ရှိမှု အနေနဲ့ ဆိုရင် တတိယလိုက်တယ်။ ဖြစ်ပွားသူဦးရေနဲ့ ဆိုရင် နံပါတ် ၆ လိုက်တာပေါ့။ လက်ရှိဖြစ်ပွားမှုနဲ့ ဆိုရင် ကိုယ့်နိုင်ငံမှာ ဂရုစိုက်ရမယ့် အခြေအနေလား မေးမယ်ဆိုရင်တော့ ဂရုစိုက်ရ မယ့် အခြေအနေဖြစ်ပါတယ်။ စုပေါင်းအားနည်းသာ လုပ်လိုက်မယ်ဆိုရင် မကြာမီအချိန်တွင်းမှာ ငြိမ်သွားမှာ၊ ထိန်းနိုင်မှာ ဖြစ်ပါတယ်။
သို့သော် ပေါ့ပေါ့ဆဆပဲ သဘောထားမယ် ဒီရောဂါက ကူးစက်မှုသာ မြန်တာပါ မဆိုးရွားပါဘူး။ ဒီလိုမျိုးတွေ ထင်ယောင် ထင်မှားနဲ့ ပြည်သူလူထုကြားထဲမှာ သတင်းမှားတွေ ပြောဆိုနေတာတို့ ထုတ်လွှင့်တာတို့ ရှိတဲ့အခါမှာ ပြည်သူ လူထုက ပေါ့ဆသွားပြီဆိုရင်တော့ ဒုက္ခများတော့မယ် ဆိုတာ သိစေချင်ပါတယ်။
မေး ။ ။ ကျန်းမာရေး ဝန်ထမ်းတွေ ကူးစက်ခံရမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ ရခိုင်မှာတော့ ကူးစက်ခံရမှု ပိုများပါတယ်။ ရခိုင်မှာဖြစ်ပွားမှုက ၄၀ ကျော် ၅၀ ရှိတယ်ဆိုတာက အဲဒီတုန်းက ဖြစ်ပွားသူဦးရေနဲ့ ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ပြောတာပါ။ အခုအနေနဲ့က ၁၀ ရာခိုင်နှုန်း မရှိတော့ပါဘူး။ ရခိုင်မှာ နောက်ထပ်ဖြစ်ပွားမှု ပိုးတွေ့မှု ကျန်းမာရေး ဝန်ထမ်းထဲက မရှိသလောက် ဖြစ်သွားပါပြီ။ ၄၀ ကျော်မှာတင် ရပ်သွားတယ်။ ရောဂါကာကွယ် ထိန်းချုပ်ရေး အပိုင်းမှာ ပိုပြီးတော့ ဂရုစိုက်လာတယ်။
ပိုပြီးတော့ လေးလေးနက်နက်ထား ဆောင်ရွက် လာတဲ့ အခါမှာ ကူးစက်မှုက ကျသွားတဲ့ သဘောပါ။ ရန်ကုန်မှာလည်း ကူးစက်မှု ရှိတယ်ဆိုပေမယ့်လို့ ရခိုင်လောက်တော့ မများပါဘူး။ ရန်ကုန်မှာက နဂိုကတည်းက ကိုဗစ်ကို ကာကွယ် ကုသနေရတဲ့ အတွေ့အကြုံက ပိုပြီး များတာဖြစ်ပါတယ်။
ကူးစက်မှုတွေ မဖြစ်ပေါ်အောင်ဆိုပြီးတော့ ၁၃ ရက်နေ့ကပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လုပ်ငန်းခွင်ထဲမှာ ဆောင်ရွက်ရန်ဆိုတဲ့ အချက်အလက်များဆိုပြီး ကြေညာထားတာရှိပါတယ်။ အစားအသောက် စားတဲ့ အခါမှာ ၁ ယောက် နဲ့ ၁ ယောက် အတူတူ မစားဖို့၊ ခပ်ဝေးဝေးနေဖို့၊ လိုအပ်မှသာ စကားပြောဆိုတာ၊ အကာအရံ ထားရှိဖို့က အစပေါ့။
အဓိက ကတော့ ဘယ်အချိန်မဆို မက်စ်တပ်ထားဖို့၊ လေကောင်းလေသန့်ရတဲ့ နေရာမှာ နေဖို့ စသဖြင့်ပေါ့။ PPE ဝတ်တာ ချွတ်တာတွေ၊ လက်ကိုမကြာခဏ ဆေးတာတွေ ဒါတွေပါပါတယ်။ လူနာအနေနဲ့ ဆိုရင်လည်း ရောဂါရာဇဝင် ထိန်ချန်တာ၊ ခရီးသွားရာဇဝင် မပြောတာ ရှိတဲ့အတွက်ကြောင့် တချို့ ကျန်းမာရေး ဝန်ထမ်းတွေ တော်တော်များများက Quarantine ဝင်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါမျိုးတွေက လုံးဝ မဖြစ်သင့်ပါဘူး။ ဒီလိုမျိုး လူနာတွေကတော့ ကုသပျောက်ကင်းလို့ ကောင်းသွားရင်တောင်မှ ကူးစက်မှု ဥပဒေ (သို့) သဘာဝဘေးအန္တရာယ် ဥပဒေနဲ့ အရေးယူပြီးတော့ ထောင်ချ သင့်ပါတယ်။
မေး ။ ။ အခု ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးအပိုင်းမှာ အခက်အတွေ့ဆုံး အပိုင်းက ဘယ်အပိုင်းဖြစ်မလဲ။
ဖြေ ။ ။ နေရာတိုင်းမှာ အခက်အခဲဖြစ်ပါတယ်။ Quarantine ထားတဲ့နေရာမှာလည်း အခက်အခဲရှိတယ်၊ ဆေးရုံတင် လူနာတွေကို စီစဉ်ရတဲ့ အခါမှာလည်း အခက်အခဲရှိတယ်။ နောက်တခုက လူ့စွမ်းအား အရင်းအမြစ်ကို ခန့်ခွဲရတဲ့ အခါမှာ လည်း အခက်အခဲရှိတယ်။ အခက်အခဲကတော့ ဘယ်နေရာမှာမဆို ရှိပါတယ်။ ဒီအခက်အခဲတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ အမျိုးသားအဆင့် ဗဟိုကြီးကြပ်ကွပ်ကဲမှု ကော်မတီရဲ့ လမ်းညွှန်မှုနဲ့ ဒါကိုဖြေရှင်း ဆောင်ရွက်နေပါတယ်။
You may also like these stories:
ဧရာဝတီတိုင်း မြို့နယ် ၁၃ မြို့နယ်တွင် COVID-19 ရောဂါ ဖြစ်ပွားနေ
ကျန်းမာရေးဝန်ထမ်း ၇၀ ကျော် ကိုဗစ်ပိုး ကူးစက်ခံထားရ
ကုတင် ၅၀၀ ကျော်ဆံ့ ကိုဗစ်ကုသရေး ယာယီဆေးရုံကို ဧရာဝတီဖောင်ဒေးရှင်း တည်ဆောက်