၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ကျော်သာ လိုတော့သော်လည်း တဖက်တွင် COVID -19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲ ဖြစ်သဖြင့် မဲဆွယ် စည်းရုံးရမည့် ကိုယ်စားလှယ်လောင်းများမှာ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကြားမှ မဲဆွယ်မှုကို ဆောင်ရွက်နေကြရသည်။
ကချင်ပြည်နယ်တွင် အင်အားကြီး ပါတီများဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ကို အနိုင်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ကလည်း မဲဆွယ်စည်းရုံး မှုများ လုပ်ဆောင်နေသည်။
KSPP သည် ကချင်ပါတီ ၄ ပါတီ ပူးပေါင်းလိုက်သည့် ပါတီကြီး ဖြစ်ပြီး ကချင်လူထု ထောက်ခံမှုလည်း ရှိသည့်အပြင် ကချင် ပြည်နယ်တွင်း ကိုယ်စားလှယ်လောင်း နေရာ ၆၇ နေရာ၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ၂ နေရာတို့ကို ဝင်ပြိုင်မည် ဖြစ်ကာ ပြည်နယ် အစိုးရသစ် ဖွဲ့ရာတွင် ပါဝင်နိုင်ရေး အထိ မျှော်မှန်းထားသည်။
KSPP မှ ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက လုပ်ဆောင်ပေးမည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ချက်များကြားတွင် မဲဆွယ်နေရသည့် အခြေအနေများနှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် သုံးသပ်ချက် အမြင် သဘောထားများကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်မှ KSPP ၏ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာအား ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာ မနမ်တူးဂျာသည် KSPP ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့်အပြင် အင်ဂျန်းယန်မြို့နယ်၊ ပြည်နယ် လွှတ် တော် မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တဦး ဖြစ်သည်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ ကန့်သတ်ချက်တွေ ကြားထဲမှာ မဲဆွယ်စည်းရုံးရတဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ လုပ်တော့ လုပ်နေပါတယ်။ အကန့်အသတ် တော်တော်တော့ ရှိပါတယ်။ အရင်လို လွတ်လွတ်လပ်လပ် တော့ မဟုတ်ဘူး။ ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ လူစုလူဝေးနဲ့ တွေ့ဆုံ ဟောပြောတာတွေတော့ ကျနော်တို့ မလုပ်ဘူး။ အိမ်တချို့ကို သွားလည်ပြီး တွေ့တယ်။ ဒီလို ပုံစံနဲ့ပဲ သွားနေတာ ပါပဲ။ တွေ့ဆုံဆွေးနွေးပွဲ ဆိုတာကတော့ မရှိသလောက်ပါပဲ။ မလုပ်ပါဘူး။ ဒါပေမယ့် ပါတီမူဝါဒတွေနဲ့ ကိုယ်စားလှယ် လောင်း စာရွက်တွေကိုတော့ ကျနော်တို့ လူတိုင်းစေ့ ရအောင် ဖြန့်ပါတယ်။
တချို့တွေကတော့ နည်းနည်းပါးပါး ပြောစရာဆိုစရာ ရှိကောင်း ရှိမှာပေါ့။ ဒါတွေကို ထောက်ပြနေကြတာ ဖြစ်ကောင်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးမယ်လို့ ကျနော်က ယုံကြည်ပါတယ်။
အခြားမြို့နယ်က ကိုယ်စားလှယ်လောင်းတွေလည်း အတူတူပါပဲ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ရှောင်ရမှာတွေကိုတော့ အား လုံး ရှောင်ကြရတာပါပဲ။ အားလုံးကတော့ အကန့်အသတ်နဲ့ပဲ လုပ်နေကြတာပါ။ ဒီတော့ အခက်အခဲကတော့ ရှိပါတယ်။ အခက်အခဲကတော့ လူတိုင်း တွေ့ကြုံရမှာပါ။ လူများများနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံဟောပြောခွင့် မရတော့လေ။ နောက်တခုက ကျနော်တို့မှာ ဘဏ္ဍာငွေ အခက်အခဲရှိတဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ရှိတယ်။ ဘဏ္ဍာငွေ ရှာဖွေ ရေးကိစ္စမှာလည်း အခက်အခဲ ရှိတာပေါ့။ ဒါတွေကတော့ စိန်ခေါ်မှုလို့ ပြောလို့ ရပါတယ်။
မေး။ ။ ကချင်ပြည်နယ်တွင်းက မြို့နယ်အချို့မှာ တပ်မတော်သားတွေ အသစ် ထပ်တိုးလာတာတွေ ရှိလို့ ကိုယ်စားလှယ် လောင်းအချို့ ရွေးကောက်ပွဲ ကော်မရှင် (UEC) ဆီ တိုင်ကြတန်းကြတယ်လို့လည်း အသံတွေ ကြားရတယ်။ အန်ကယ် တို့ရဲ့ ဒေသမှာရော ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ နည်းနည်းပါးပါးတော့ ကြားပါတယ်။ UEC ကို အကြောင်းကြားတယ် ဆိုတာတော့ ကျနော် မကြားဘူး။ တချို့လုပ်တာလည်း ဖြစ်မှာပါ။ ကျနော်တို့ကတော့ ကိုယ့်ဒေသ၊ကိုယ့်နယ်မြေမှာပဲ အချိန်ကုန်နေတော့ အခြား မဲဆန္ဒနယ် က အကြောင်းတွေတော့ မကြားမိဘူး။ တချို့တပ်တွေကတော့ လှုပ်ရှားမှုတွေ ဖြစ်ကောင်း ဖြစ်မှာပေါ့။ ဒါကတော့ သူတို့ လည်း UEC ရဲ့ စည်းမျဉ်းစည်းကမ်းတော့ လိုက်ကြမယ် ထင်ပါတယ်။ ကျနော်တို့ ဆီမှာတော့ ပြဿနာ မရှိပါဘူးခင်ဗျ။
မေး။ ။ ရောဂါကူးစက်မှုနှုန်း မြင့်နေတဲ့ အချိန်မှာ ရွေးကောက်ပွဲ လုပ်ဖို့ စီစဉ်တယ်ဆိုပြီး အာဏာရပါတီ NLD ကို ဝေဖန် တာ တရားမျှတမှု မရှိဘူးလို့ ပြောဆိုတာမျိုးတွေ ရှိတယ်။ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိမယ့် ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယူဆပါသလား။ သုံးသပ်ချက် ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ အခုချိန်မှာတော့ အစိုးရသော်လည်းကောင်း UEC သော်လည်းကောင်း လုပ်ရကိုင်ရတာ အကျပ် အတည်း တွေ့မှာပါ။ ဘာလို့ဆိုတော့ ရောဂါက လျော့သွားတာ မရှိဘဲ တိုးလာတာပဲ တွေ့ရတယ်။ ရွေးကောက်ပွဲကလည်း မလုပ်လို့ မဖြစ်တော့ လုပ်ဖြစ်အောင် လုပ်ရမယ်။ ဆိုတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နေရတာပေါ့။ တချို့တွေကတော့ နည်းနည်းပါးပါး ပြောစရာဆိုစရာ ရှိကောင်း ရှိမှာပေါ့။ ဒါတွေကို ထောက်ပြနေကြတာ ဖြစ်ကောင်း ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်ပေးမယ်လို့ ကျနော်က ယုံကြည်ပါတယ်။
ကျနော်တို့က ဒီလို အခက်အခဲကြားက ကျင်းပရတော့ ရာနှုန်းပြည့် (လွတ်လပ်မှု၊ တရားမျှတမှု) ဖြစ်ဖို့ မှန်းဆဖို့တော့ ခက် တာပေါ့။ ဒါပေမယ့် လက်ခံနိုင်တဲ့ အဆင့်ကိုတော့ သူတို့ လုပ်မှာပါ။ အရမ်း ရုပ်အဆိုးကြီးတော့ ဖြစ်မယ် မထင်ပါဘူး။ ဆိုး ဆိုးဝါးဝါးကြီး ဖြစ်မယ် မထင်ပါဘူး။ သူတို့လည်း အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားလုပ်ဆောင်ကြမယ်လို့ ယူဆပါ တယ်။
မေး ။ ။ KSPP အနိုင်ရရင် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရင် ကချင်ပြည်နယ် အတွက် ကိုယ့်နယ်မြေဒေသ အသီးသီး အတွက် ဘာတွေ လုပ်ပေးမလဲ။
ဖြေ ။ ။ ကျနော်တို့ပါတီ တည်ထောင်တာက ကိုယ့်ဒေသ တိုးတက်ရာ တိုးတက်ကြောင်းနဲ့ တည်ငြိမ်အေးချမ်းရေး၊ ပြည် ထောင်စု အတွက် ဖြစ်ပါတယ်။ အထူးသဖြင့် ဒေသအကျိုးပြုပြီး ဒေသရဲ့ အကျိုးစီးပွားကို သယ်ပိုးပေးဖို့ ဖြစ်တယ်ဆိုတော့ အနိုင်ရလာရင် ဒေသအခြေအနေကို ပိုအာရုံစိုက်ပြီး ဒေသသားတွေကို လုပ်ပေးနိုင်သလောက် လုပ်ပေးဖု့ိ ဆန္ဒ ရှိပါတယ်။ အဲဒါကြောင့် ဒီပါတီ ထောင်တာပါ။ ရွေးကောက်ပွဲမှာ နိုင်ရင်လည်း ဒါကို အကောင်အထည် ဖော်သွားဖို့ ရှိပါတယ်။ ဒေသ အကျိုးကို အတတ်နိုင်ဆုံး သယ်ပိုးမှာ ဖြစ်ပါတယ်။
မေး။ ။ အနိုင်ရဖို့ ဘယ်လောက်များ မှန်းထားပါသလဲ။
ဖြေ ။ ။ ကျနော်တို့က နေရာအများစု နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးက ကျနော် တို့ မျှော်မှန်းထားတာက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးလောက်ပဲ မျှော်မှန်းထားပါတယ်။ ကျနော်တို့ ဦးဆောင်ပြီး ဖွဲ့စည်းနိုင် ဖို့က ၂၀၀၈ အခြေခံ ဥပဒေကိုလည်း ပြင်ဆင်ရဦးမှာကိုး။ ၂၀၀၈ ရဲ့ ပုဒ်မ ၂၅၆ ကို မပြင်နိုင်ရင်လည်း ဘယ်လောက်ပဲ မဲနိုင် ထားထား ၂၀၁၅ ခုနှစ်တုန်းက ရခိုင်လိုပဲ ဖြစ်မှာပေါ့။
ဒါကို မပြင်နိုင်သေးတဲ့ အခြေအနေအောက်မှာဆိုတော့ ကိုယ်တိုင် အစိုးရ ဖွဲ့စည်းဖို့ ဆိုတာကတော့ အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် မဲများများနိုင်ရင် အခြားပါတီကြီးတွေကလည်း အပြတ် အသတ်နိုင်တာ မရှိဘူးဆိုရင် ကျနော်တို့ ပူးပေါင်းပြီး ပြည်နယ် အစိုးရကို ဖွဲ့စည်းရမှာပဲ။ ဒါက ပြောမယ်ဆိုရင် ရာခိုင်နှုန်း တော်တော်များများ ရှိမယ်လို့ ကျနော်တို့ တွက်ဆ ထား ပါတယ်။
မေး။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ်မှာ အန်ကယ်တို့ အများဆုံး နိုင်ခဲ့ရင်တောင် ဝန်ကြီးချုပ်က သမ္မတက ခန့် မှာပဲ ဆိုတော့ ဒီအပေါ်ရော ဘယ်လို သုံးသပ်ချက်၊ မျှော်လင့်ချက် ရှိပါသလဲ။
ဖြေ ။ ။ ဒါကတော့ အခြေအနေပေါ် မူတည်တာပေါ့။ ၂၀၀၈ ကို မပြင်နိုင်သရွေ့ကတော့ ပြည်နယ်အဆင့်မှာ ဝန်ကြီးချုပ် ကတော့ သမ္မတက ရွေးချယ် တင်မြှောက်ခံရတဲ့ သူပဲ ဖြစ်မှာပေါ့။ မဲဘယ်လောက်ပဲ နိုင်ထားထား ဒီလိုပဲ သွားရမှာပဲ။ ဗဟို အဆင့်မှာကလည်း သမ္မတက ဘယ်ပါတီကြီးမှ လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့စည်းနိုင်ခွင့် မရှိရင်တော့ ညွန့်ပေါင်း ဖွဲ့ စည်းရမှာပဲ။ အဲဒီအခါကျရင် ညွန့်ပေါင်း ဖွဲ့စည်းတဲ့ ပါတီကြီးတွေကြားမှာ ဝိုင်းဝန်းဆွေးနွေး ပေးရမှာပေါ့။ အခြေအနေက နည်းနည်း ပြောင်းလဲသွားမှာပေါ့။ အနေအထားက အဲဒီလို ရှိပါတယ်။
မေး ။ ။ NLD က ၂၀၁၅ မှာ သောင်ပြိုကမ်းပြို နိုင်တယ်။ အခုလည်း တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဖွဲ့တာ မတွေ့ရ သလို ညွန့်ပေါင်း လုပ်လိုစိတ် မရှိဘူးလို့လည်း ပြောထားတယ်။ ဒီအပေါ်ရော ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ ။ သူတို့က ယခင်လိုပဲ သောင်ပြိုကမ်းပြိုနိုင်မယ်လို့ တွက်ဆထားပုံ ရပါတယ်။ ဒါကို လူကြီးတချို့ရဲ့ အင်တာဗျူးတွေ မှာလည်း ကြားရတယ်လေ။ သူတို့ရဲ့ စဉ်းစားပုံပေ့ါ။ တကယ်ဆိုရင်တော့ ကျနော်တို့လည်း ဘာမှ ဝေဖန်ပြောဆိုချင်တာ မရှိ ပါဘူး။ ဒါပေမယ့် ဒီဟာက မဖြစ်လာဘူးဆိုရင် အထူးသဖြင့် ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး တော့ လုပ်ဆောင်ရမှာပဲ။ အစိုးရကို ညွန့်ပေါင်း ဖွဲ့စည်းရမှာပဲ။ မလုပ်မဖြစ် လုပ်ရမယ့် အနေအထားမျိုးပါ။
၂၀၂၀ ရွေးကောက်ပွဲက ယခင်လိုတော့ ဖြစ်မယ် မထင်ပါဘူး။ ပြည်သူလူထု မဲဆန္ဒရှင်တွေရဲ့ အာရုံက ပြောင်းပြီ။
သူတို့အခြေအနေက အခု ပြောတာကတော့ ဒီလိုပေါ့ဗျာ။ တိုင်းရင်းသားပါတီတွေကို အလေးမထားဘူး။ ထည့်မတွက်တဲ့ ပုံမျိုး ဖြစ် နေတာပေါ့။ ဒါပေမယ့် ဒါက ရွေးကောက်ပွဲရဲ့ အခြေအနေအပေါ် အများကြီး မူတည်ပါတယ်။ ရွေးကောက်ပွဲ အခြေအနေက တမျိုးဖြစ်လာရင်တော့ တိုင်းရင်းသားပါတီတွေကို သူတို့ အလေးမထားလို့ မရတော့ပါဘူး။ အလေးထား ရပါမယ်။
မေး။ ။ USDP က သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ တိုင်းရင်းသား ပါတီတွေကို ကမ်းလှမ်းကြောင်း၊ သူတို့ အနိုင်ရရင် ပြည်နယ် ဝန် ကြီးချုပ် ခန့်အပ်မယ် ဆိုတာမျိုးပေါ့။ ဒီလိုတွေ အသံထွက်ခဲ့တာ ရှိတယ်။ အန်ကယ်တို့ပါတီရော ကမ်းလှမ်းခံရတာ ရှိပါ သလား။
ဖြေ။ ။ ကျနော်တို့ကိုတော့ မရှိပါဘူး။ မကမ်းလှမ်းပါဘူး။ ကျနော်တို့ ကြားတော့ ကြားမိပါတယ်။ ကျနော်တို့ပါတီနဲ့ကတော့ ကမ်းလှမ်းတာ မရှိသလို ဆက်သွယ်မှု မရှိပါဘူး။
မေး။ ။ ကချင်ပြည်သူ ပြည်နယ်သားတွေက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြောင်းလဲနိုင်ဖို့ ဆိုပြီး NLD ကို အကုန် မဲထည့်ခဲ့ ကြတယ်။ အခုတော့ တိုင်းရင်းသား ပါတီတွေ ပူးပေါင်းပြီးတော့လည်း ဝင်ပြိုင်ကြမယ်။ ပြည်နယ် အခြေစိုက် ပါတီကြီးတွေ က သူတို့ကို မဲထည့်ဖို့ ပြောလာကြတယ်။ ဆိုတော့ ပြည်နယ်တွေမှာ ပြည်နယ်က ပါတီတွေကို လူထုက ဘာလို့ မဲပေးသင့် တာလဲ ။ ရှင်းပြပါဦးရှင့်။
ဖြေ။ ။ အခုက အခြေအနေ ပြောင်းလာပြီ။ ပါတီနိုင်ငံရေး အခြေအနေက ပြောင်းလာပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဆိုရင် ပါတီကြီးတခုပဲ ရှိတယ်။ ကျန်တဲ့ ပါတီတွေလည်း ပါတီငယ်တွေလို့ပဲ ပြောလို့ ရတယ်။ အဲဒီမှာ USDP နိုင်တယ်။ ၂၀၁၅ ကျတော့ အပြောင်းအလဲ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့ NLD က မဲဆွယ်တော့ အားလုံး ယုံပြီးတော့ NLD ကို ဝိုင်းဝန်း မဲပေးကြတာပေါ့။ ဒါပေမယ့် ပြည်သူလူထု မျှော်လင့်သလောက် ဖြစ်မလာတော့ သူတို့က ဒေသခံ ပါတီတွေကိုပဲ အလှည့်ပေးချင်လာကြတာပေါ့။ ပို အာရုံစိုက်လာတာ ရှိတာပေါ့။
အဲဒီမှာ တခုရှိတာက တပါတီတည်း ဖြစ်နေတဲ့ ဒေသပါတီတွေကို သူတို့ အားမပေးဘူး။ ပေါင်းစည်းရေးကို ပိုတိုက်တွန်း လာတယ်။ သူတို့ရဲ့ တိုက်တွန်းချက်အရ ကျနော်တို့က ပေါင်းစည်းတာပဲ။ ကျနော်တို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) က ၄ ပါတီ ပေါင်းထားတယ်။ ဒါက လူထုရဲ့ လမ်းညွှန်ချက်အရ လူထုရဲ့ ဆန္ဒ၊ လူထု တိုက်တွန်းမှုအရ လုပ်ထားတာ ဖြစ် လို့ လူထုထောက်ခံမှုကတော့ တော်တော်များများ ရရှိထားတယ်လို့ ခံယူပါတယ်။
အခြေအနေက ဒီကနေ့မှာ ပြောင်းလာပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲက ယခင်လိုတော့ ဖြစ်မယ် မထင်ပါဘူး။ ပြည်သူလူထု မဲဆန္ဒရှင်တွေရဲ့ အာရုံက ပြောင်းပြီ။ သူတို့ရဲ့ စိတ်ဝင်စားမှု အမြင်သဘောထားက ပြောင်းနေပြီ ဖြစ်တာကြောင့် ဒေသခံ ပါတီတွေရဲ့ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာပါတယ်။
ဒါပေမယ့် ပါတီတွေ မပေါင်းဘူးဆိုရင် သူတို့က မထောက်ခံပါဘူး။ ပြည်သူက ပြောတဲ့အတိုင်း ပေါင်းတဲ့ ပါတီ၊ ပြည်သူ့ စကားနားထောင်ပြီး ပြည်သူခင်းပေးတဲ့ လမ်းပေါ်မှာ လျှောက်တဲ့ ပါတီကို သူတို့ ထောက်ခံပါတယ်။ ကျနော်တို့ ကချင် ပြည်နယ် ပြည်သူ့ ပါတီကတော့ ပြည်သူ့ စကား နားထောင်ပြီး ပြည်သူ ခင်းပေးတဲ့ လမ်းပေါ်မှာ လျှောက်တာကြောင့် သူတို့ ထောက်ခံမှုကို တော်တော်များများ ရထားပါတယ်။
ကျနော်တို့ပါတီကတော့ ပြည်သူ လူထုရဲ့ သဘောဆန္ဒကို အဓိက ထားပါတယ်။
တချို့ကတော့ NLD ကို မဲပေးချင်တာ ကြံ့ခိုင်ရေးကို မဲပေးချင်တာ ရှိကြပါတယ်။ ဒါပေမယ့် အများစု၊ ပြည်နယ်သား အများ စုကတော့ သူတို့အမြင် သဘောထား ပြောင်းလဲလာပါပြီ။ မဲကတော့ ပါတီကြီးတွေကိုလည်း ပေးကြမှာပေါ့။ ဒါပေမယ့် ပြည် နယ်သား အများစုကတော့ ကျနော်တို့ ပြည်နယ် အခြေစိုက် ပေါင်းစည်းရေးပါတီကိုပဲ မဲပေးကြမှာပါ။ KSPP က လူမျိုးဘာ သာ မခွဲခြား၊ ကျား မ မခွဲခြားဘဲ အားလုံးတန်းတူ အခွင့်အရေး ပေးထားတဲ့ ပါတီဖြစ်တာနဲ့ ခွဲခြားခြင်း လုံးဝ မရှိတာကြောင့် တော်တော်လေး ကြိုက်နှစ်သက်ကြတယ်လို့ ကျနော်တို့က ခံယူပါတယ်။ ပါတီကြီးတွေကို ပေးတာလည်း ပေးကြပေါ့။ အများစုကတော့ KSPP ကို မဲပေးမယ်။ ဒါက ကျနော် လိုရာဆွဲပြီး ပြောတာ မဟုတ်ပါဘူး။ အခြေအနေကို ပြောတာပါ။
ကျနော်တို့ ပေါင်းစည်းရေး ပါတီ ဖြစ်ပေါ်လာတာက ပြည်နယ် ၅ ပြည်နယ်မှာ ရှိတယ်။ ကချင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်။ ၅ ပြည်နယ်မှာ ဖြစ်ပေါ်လာတာ။ ဖြစ်ပေါ်လာတဲ့ ပုံစံရော အခြေအနေရော တူတယ်။ ဒါတွေက အရင် မရှိခဲ့ဖူးတဲ့ အခြေအနေ မျိုးပါ။ သမိုင်းစာမျက်နှာသစ် ပေါ်လာမယ့် သဘောမျိုးပါ။ ဒါကြောင့်၂၀၂၀ ရွေးကောက်ပွဲကတော့ ပေါင်းစည်းရေးပါတီ ရှိ တဲ့ ပြည်နယ်တွေမှာ ပေါင်းစည်းထားတဲ့ ပါတီတွေက ပိုပြီး မျက်နှာသာ ရနိုင်တယ်။ ပိုပြီး မဲအောင်နိုင်ပါတယ်။
မေး။ ။ ကချင်ပြည်နယ်တွင်းမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ ပြီးတော့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကိုရော ဘယ် လို ချမှတ်ထားပါသလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးက ကျနော်တု့ိနိုင်ငံမှာ ရရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး ရရှိရာ ရရှိကြောင်းကို ကျနော် တို့ ပါတီအနေနဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်ပါမယ်။ ငြိမ်းချမ်းရေးရဖို့ အခုချိန်ခါမှာ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီ ဖြစ်ပေါ်လာရေး လိုအပ်တယ်။ အဲဒါကို ကျနော်တို့က မူဝါဒ ချမှတ်ထားပါတယ်။ နောက်ပြီးတော့ စီးပွားရေးပိုင်းဆိုင်ရာမှာ လည်း ကျနော်တို့က ဈေးကွက်စီးပွားရေး စနစ်ကို အတတ်နိုင်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ရည်မှန်းချက်ထား ထား ပါတယ်။ မိသားစုတိုင်းလည်း ဝင်ငွေ တိုးတက်လာအောင် လုပ်ဖို့ မူ ရှိပါတယ်။
နောက် ပြည်နယ်တွင်းထွက် သယံဇာတတွေကို ပြည်နယ်သားတွေ အကျိုးခံစားရအောင် ဘယ်လို ထုခွဲရောင်းချမလဲ ဆို တာပေါ့ဗျာ။ ဒါတွေကို မူဝါဒ ချမှတ်ထားပါတယ်။ ပြောမယ်ဆိုရင် သယံဇာတ ခွဲဝေရေး၊ ပြည်နယ်နဲ့ ဗဟိုကြားပေါ့။ သယံ ဇာတ ကဏ္ဍတွေမှာပေါ့လေ။ ကျနော်တို့ မူဝါဒတွေကတော့ ကောင်းကောင်း ချမှတ်ထားပါတယ်။ နိုင်ငံရေး မူဝါဒ၊ စီးပွား ရေးနဲ့ ဒေသဖွံ့ဖြိုးရေး ကျနော်တို့ အားလုံး ချမှတ်ထားပါတယ်။
မေး။ ။ KSPP ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ထဲမှာ မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးလည်း ပါတယ်ဆိုတော့ အန်ကယ် တို့ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ရင် မြစ်ဆုံအရေးရော ဘာတွေ လုပ်ပေးမှာလဲ။
ဖြေ။ ။ မြစ်ဆုံက လူ့အသက်နဲ့ ဆိုင်တယ်။ ပြည်သူလူထု၊ အထူးသဖြင့် ကချင်ပြည်နယ်သားတွေ အသက်အန္တရာယ် အများ ကြီး ရှိပါတယ်။ နောက် တနိုင်ငံလုံး ဧရာဝတီမြစ်တကြောလုံးမှာနေကြတဲ့ ပြည်သူတွေလည်း ဒုက္ခရောက်ကြမှာပါ။ ဒါ ကြောင့် မြစ်ဆုံက ပြည်သူလူထု လုံးဝ မထောက်ခံတာ ပြည်နယ်သားတွေအပြင် အားလုံး မထောက်ခံတာကို ကျနော်တို့ ပါတီက မထောက်ခံနိုင်ပါဘူး။ ကျနော်တို့ပါတီကတော့ ပြည်သူ လူထုရဲ့ သဘောဆန္ဒကို အဓိက ထားပါတယ်။
ပြည်သူ့သဘောထား အတိုင်းပဲ ကျနော်တို့ သွားချင်တယ်။ မြစ်ဆုံက ပြည်သူလူထုက ဘယ်တော့မှလည်း ထောက်ခံနိုင်မှာ မဟုတ်လို့ ကျနော်တို့ KSPP က အမြဲတမ်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သွားပါမယ်။ မြစ်ဆုံနဲ့ ပတ်သက်ရင် ကျနော်တို့က ရွေးကောက်ပွဲ နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ကျနော်တို့ ပါတီက အမြဲ ကန့်ကွက်သွားမှာပါ။ မူဝါဒ ချမှတ်ထားပါတယ်။
မေး။ ။ မြစ်ဆုံစီမံကိန်းကြောင့် နေရပ်ရင်းကနေ ပြောင်းရွှေ့ရပြီး စားဝတ်နေရေး၊ လူနေမှုဘဝ ပျက်ဆီး ဆုံးရှုံးသွားတဲ့ ဒေသခံတွေ အရေးကိုရော ဘယ်လိုများ ထည့်သွင်းစဉ်းစားထားပါသလဲ။
ဖြေ။ ။ ဒေသဖွံ့ဖြိုးရေး ရှိလာရင် ငြိမ်းချမ်းရေး ရရှိလာရင် စနစ်တကျ နေရာချထားပေးရပါမယ်။ အခုက ဒေသ တည်ငြိမ် ရေး မရှိ၊ ငြိမ်းချမ်းရေး မရရှိထားတဲ့အတောအတွင်းမှာ ဆိုတော့ ပြောင်းရွှေ့နေရာချထားရေးကတော့ ပြီးပြည့်စုံမှု မရှိဘူး။ သူတို့မှာလည်း အခက်အခဲက အများကြီး ရှိပါတယ်။ ကျနော်တို့က ဒေသ တည်ငြိမ်ရေး ရှိလာတဲ့အခါ ပိုပြီး စနစ်တကျ စစ်ဘေးရှောင်တွေကို နေရာချထားပေးသလိုပေါ့။ သူတို့ကိုလည်း နရာချထားပေးဖို့ စဉ်းစားထားပါတယ်။ ဒေသ တည် ငြိမ်မှု အခြေအနေပေါ်လည်း မူတည်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဘေးရန်ရှိသော်လည်း လုပ်ဆောင်နိုင်တဲ့ အနေအထားအောက်မှာ မျှမျှ တတ၊ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်နိုင်အောင် UEC အနေနဲ့ ကြိုးစားစေချင်တယ်။
မေး။ ။ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းရဲ့စာချုပ်ကို အရင်ဆုံး ချပြမယ်လို့ ကချင်လူထုကို ပြောခဲ့တာ ရှိတယ်။ ဒီ ၅ နှစ်အတွင်းတော့ ဒါနဲ့ ပတ်သက်ပြီး မတွေ့ရဘူးပေါ့။ KSPP အနေနဲ့ရော အနိုင် ရရင် ဘယ်လို ရှိပါမလဲ။
ဖြေ။ ။ ကျနော်တို့လည်း စောင့်မျှော်နေတာပေါ့။ အစိုးရက ချပြမယ်ဆိုလို့ စောင့်နေတာ ဒီနေ့ထိ ချပြတာ မရှိဘူးလေ။ ကျနော်တို့ကတော့ ဒီဟာနဲ့ ပတ်သက်ရင် တကယ့် အာဏာ လက်ရှိ ရလာမှ ပြောလို့ရပါမယ်။ ဒါတွေက ဗဟိုအဆင့်နဲ့ လုပ် တာ ဖြစ်တော့ ဗဟိုအစိုးရအပေါ်မှာ ပိုပြီး တာဝန်ရှိပါတယ်။ ကျနော်တို့ ပြည်နယ်မှာ အာဏာရှိလာရင် ဗဟိုအစိုးရကို အကြံ ပေး တိုက်တွန်းသွားဖို့ ရှိပါတယ်။ ဘယ်လို ဆက်လုပ်သင့်တယ် ဆိုတာ ဒါကတော့ ရှိတာပေါ့။
ပြည်နယ် အစိုးရအနေနဲ့ တာဝန်ယူပြီး လုပ်ဆောင်သွားဖို့ ဆိုတာက အခု အနေအထား အရတော့ အခက်အခဲ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်းက နှစ်နိုင်ငံ ဗဟိုအစိုးရချင်း လုပ်တာ ဖြစ်ပါတယ်။ ပြောချင်တာက ဘာပဲဖြစ်ဖြစ် ကျနော်တို့ မှာ လုပ်ပိုင်ခွင့် အာဏာ ရှိလာပြီဆိုရင်တော့ ပြည်သူလူထုကို ပွင့်လင်းမြင်သာမှု ရှိအောင် ချပြနိုင်ဖို့ ကျနော်တို့ ကြိုးစား မယ်။ မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်။
မေး။ ။ နောက်တခုက ဝေဖန်ပြောဆိုမှုများတဲ့ တပ်က လာမယ့် မဲတွေနဲ့ ပတ်သက်လို့ ကြိုတင်မဲတွေနဲ့ ပတ်သက်လို့ရော စိုးရိမ်မှု ရှိပါသလား။
ဖြေ။ ။ စိုးရိမ်မှုကတော့ ရှိပါတယ်။ ကျနော်တို့ ပါတီတင် မကဘူး။ ပါတီတိုင်းက ဒါနဲ့ ပတ်သက်ရင် စိုးရိမ်မှု ရှိပါတယ်။ UEC က ဒါကို မှန်မှန်ကန်ကန် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ သူတို့လည်း ပြောနေတာက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို လုပ်ပေးဖို့ သူတို့မှာလည်း အပြည့်အဝ ဆန္ဒရှိတယ်လို့ ပြောထားတာပဲ။ ကြိုတင်မဲကိုလည်း ဘယ်လိုဆို တာ သူတို့ ထုတ်ပြန်ထားတာ ရှိတယ်။ ကြိုတင်မဲနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေ ရှိတော့ ဒီအတိုင်း သူတို့ လုပ်ဆောင်သွားကြလိမ့်မယ်လို့ ယူဆပါတယ်။ စည်းမဲ့ကမ်းမဲ့ ပုံစံမျိုး ဆိုရင်တော့ တရားမျှတမှု မရှိဘူးပေါ့။ စည်းမျဉ်း စည်း ကမ်းနဲ့အညီ လုပ်မယ်ဆိုရင်တော့ တရားမျှတမှု ရှိမှာပါ။
မေး။ ။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြည့်စွက် ပြောချင်တာများ ရှိရင် ပြောပြပါဦးရှင့်။
ဖြေ။ ။ ကျနော်ကတော့ အထွေအထူး မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့၂၀၂၀ ရွေးကောက်ပွဲကတော့ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်တော့ အားလုံးပဲ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး သတ်မှတ်ထားတဲ့ အချိန်မှာ လုပ်ဆောင်နိုင်အောင်၊ ကိုရိုနာဗိုင်းရပ်စ် ဘေးရန်ရှိသော်လည်း လုပ်ဆောင်နိုင်တဲ့ အနေအထားအောက်မှာ မျှမျှ တတ၊ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်နိုင်အောင် UEC အနေနဲ့ ကြိုးစားစေချင်တယ်။
ပြည်သူ လူထု၊ ပါတီတွေ သာမက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက် အင်မတန်အရေး ကြီးတဲ့ ရွေးကောက်ပွဲ တရပ်ဖြစ်တဲ့၂၀၂၀ ရွေးကောက်ပွဲက အောင်အောင်မြင်မြင် ဖြစ်လာပြီး ကျနော်တို့ နိုင်ငံက အများ ကြီး အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ကျနော့်အမြင် ရှိပါတယ် ခင်ဗျ။
You may also like these stories:
ကိုဗစ်ကန့်သတ်ချက်တွေကြား စတင်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး
နိုင်ငံရေးပါတီအချို့ ရုပ်မြင်သံကြားမှ ဟောပြောခြင်း ရိုက်ကူးရန် အဆင်မပြေဖြစ်နေ
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တချို့ ချန်ခဲ့ဖွယ်ရှိ
ရွေးကောက်ပွဲ လျှို့ဝှက်ညွှန်ကြားစာများမှာ အတုများသာဖြစ်ဟု တပ်မတော်ပြော