၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖယ်ရှားခဲ့သည်။ လူ့အဖွဲ့အစည်း၏ ကျယ်ပြန့်သော အလွှာသည် အာဏာသိမ်းမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ခုခံနေကြသည်။
ယခုအမေးအဖြေ ကဏ္ဍတွင် နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအုပ်စု (ICG) မှ ကျွမ်းကျင်သူ ရစ်ချတ်ဟော်ဆေးက အခြေအနေကို အကဲဖြတ်ပြီး အနာဂတ်တွင် မည်သည်တို့ ဖြစ်နိုင်သည်ကို တင်ပြထားသည်။
မေး။ မြန်မာနိုင်ငံရဲ့ ဒီနေ့အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွန်ခဲ့တဲ့ တနှစ်က အာဏာသိမ်းဖို့ လုပ်တဲ့အခါ သူအာဏာသိမ်းတာကို အခုလို အပြင်းအထန် ပြတ်ပြတ်သားသား ဆန့်ကျင်မယ်လို့ ထင်မထားဘူး။ သူ့ရဲ့စစ်ကောင်စီက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး လုပ်ကြံထားတဲ့ ပြစ်မှုအများအပြားနဲ့ စွဲချက်တင်လိုက်ပြီးနောက် ချက်ချင်းဆိုသလိုဘဲ ခုခံမှု ပေါ်ပေါက်လာတယ်။ အဲဒီအချိန်က စတင်ပြီး အတိုက်အခံကို ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှု ရှိပေမယ့်လည်း စစ်ကောင်စီဟာ နိုင်ငံကို ထိန်းချုပ်မှု ခိုင်မာအောင် မလုပ်နိုင်ဘူး။ စစ်ကောင်စီက ပြည်သူတွေ အလျှော့ပေးအာင် အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေ အပါအဝင် အရပ်သား ၁,၅၀၀ လောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်။ နောက်ထပ်လူပေါင်း ၉,၀၀၀ ကျော်ကို ဖမ်းဆီး၊ စွဲချက်တင် ဒါမှမဟုတ် ထောင်ချထားတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွန်ခဲ့တဲ့ တနှစ်က အာဏာသိမ်းဖို့ လုပ်တဲ့အခါ သူအာဏာသိမ်းတာကို အခုလို အပြင်းအထန် ပြတ်ပြတ်သားသား ဆန့်ကျင်မယ်လို့ ထင်မထားဘူး
လွန်ခဲ့တဲ့ ရက်သတ္တပတ် အတန်ကြာအတွင်း ရန်ကုန်မြို့လယ်မှာ စစ်သားတွေက စစ်ထရပ်ကားတစီးနဲ့ ဆန္ဒပြသူနဲ့ ရပ်ကြည့်သူ လူအုပ်ထဲကို အရှိန်နဲ့ဝင်တိုက်ခဲ့လို့ လူအများအပြား သေဆုံးပြီး အခြားသူတွေ ဒဏ်ရာရတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က ကလေးတွေ အပါအဝင် ရွာသား ၁၁ ယောက်အုပ်စုကို မီးရှို့သတ်တယ်။ တချို့က အရှင်လတ်လတ် မီးရှို့ခံရကြောင်း ထင်ရှားတယ်။ ခရစ္စမတ်မတိုင်ခင် ညမှာ ခရစ်ယာန် အများစုနေထိုင်တဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက စစ်အုပ်စုနဲ့ ခုခံရေး အင်အားစု PDF တွေကြား တိုက်ပွဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ အရပ်သား ၃၁ ဦးလိုက်ပါလာတဲ့ ယာဉ်တွေကို စစ်ဆေးရေးစခန်းတခုမှာ တားဆီးပြီး လူ ၃၁ ဦးကို ယာဉ်တွေပေါ်မှာတင် မီးရှို့သတ်လိုက်တယ်။ အဲဒီနောက်ဆုံး ဖြစ်ရပ်မှာ အရပ်သားတွေ ဘေးကင်းစွာ သွားလာခွင့်ပေးဖို့ လာရောက်ညှိနှိုင်းတဲ့ ဒေသခံပြည်သူ့စစ် ၄ ယောက်လည်း ပစ်သတ်ခံရတယ်။
အဲဒီလို တုန်လှုပ်စရာဖြစ်ရပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေရဲ့ ခုခံရေး စိတ်ဓာတ်ကို လျော့ကျမသွားစေဘူး။ သာမန်ပြန်သူတွေကြားမှာ အာဏာဖီဆန်မှုကိုတောင် ပိုမိုဖြစ်စေတယ်။ ရန်ကုန်မှာ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ဒေသခံတွေက စစ်အာဏာသိမ်းပြီးနောက် ချက်ချင်းပေါ်ပေါက်လာတဲ့ မကောင်းဆိုးရွား မောင်းထုတ်တဲ့ အစဉ်အလာဖြစ်တဲ့ အိမ်ဝရန်တာတွေကိုထွက်ပြီး အိုးတွေခွက်တွေ တီးတာကို သူတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့အချိန်အထိ လုပ်ဆောင်ကြတယ်။ အခုတခါ ထပ်ပြီးတော့ စစ်ကောင်စီ တပ်တွေက ဝရန်တာတွေကို ချိန်ရွယ်ပြီး အိမ်တွေ၊ လမ်းမှာရပ်ထားတဲ့ ကားတွေကို ဖျက်ဆီးကြတယ်။ စစ်ကိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ တက်ကြွလှုပ်ရှားသူတွေက နိုင်ငံတဝှမ်း အသံတိတ် သပိတ်လုပ်ဖို့ တောင်းဆိုတယ်။ ဒီသပိတ်မှာ မပါဝင်ဖို့ အာဏာပိုင်တွေက ခြိမ်းခြောက်ပေမယ့် ရန်ကုန်နဲ့ အခြားမြို့ကြီးတွေက စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့တံခါးတွေကို ပိတ်ထားပြီး အိမ်ထဲမှာပဲ နေကြလို့ လမ်းမကြီးတွေဟာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတယ်။
စစ်ကောင်စီကလည်း ဇန်နဝါရီလ အစောပိုင်းမှာ ပြည်နယ်မြို့တော်လွိုင်ကော်ကို လေကြောင်းကနေ တိုက်ခိုက်ပြီး တုံ့ပြန်လို့ မြို့လူဦးရေ ထက်ဝက်လောက် ထွက်ပြေးရတယ်
လက်နက်ကိုင်ခုခံမှုကလည်း တနိုင်ငံလုံးမှာ အရှိန်ဆက်လက် မြင့်မားနေတယ်။ အာဏာသိမ်းပြီး ဖွဲစည်းထားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF က ကယားပြည်နယ်က ခရစ္စမတ် မတိုင်ခင်ည အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီး ဇန်နဝါရီလ အစောပိုင်းမှာ လက်စားချေဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ မဟာမိတ်ဖွဲ့လိုက်တယ်။ စစ်ကောင်စီကလည်း ဇန်နဝါရီလ အစောပိုင်းမှာ ပြည်နယ်မြို့တော် လွိုင်ကော်ကို လေကြောင်းကနေ တိုက်ခိုက်ပြီး တုံ့ပြန်လို့ မြို့လူဦးရေ ထက်ဝက်လောက် ထွက်ပြေးရတယ်။ စစ်ကောင်စီ အကြမ်းဖက်မှုကို တုံ့ပြန်ဖို့ နိုင်ငံတဝှမ်းမှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကလည်း စစ်ကိုင်းတိုင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေက အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုအပြီးမှာ အဲဒီက စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်မှု ဆက်လက် အရှိန်မြှင့်တင်နေတယ်။
အရှေ့တောင်ပိုင်းမှာ မြန်မာနဲ့ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း သူတို့ဆီမှာ ခိုလှုံနေတဲ့ စစ်ကောင်စီဆန့်ကျင်သူတွေနဲ့ သပိတ်မှောက်ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်ပြီးနောက် စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတယ်။ ခုခံရေး အင်အားစုတွေကို အစီအစဉ်ရှိရှိ ထောက်ခံတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုကလည်း အရှိန်ရလာနေပြီး စစ်အုပ်စု အပေါ် ဖိအားတွေ ပိုမိုများပြားလာတယ်။
အာဏာသိမ်းယူမှုရဲ့ ဆိုးကျိုးတွေကို လက်ခံရမယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ အခုတော့ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းမှာ ပိတ်မိနေပြီး သူတို့စစ်ကောင်စီ ဆက်လက်ရှင်သန်ရေးအတွက် အကြမ်းဖက်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေကြတယ်။ အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်နေပေမယ့် သူတို့ရဲ့စစ်အင်အားနဲ့ ပုန်ကန်မှု နှိမ်နင်းရေး အတွေ့အကြုံကြောင့် နောက်ဆုံးမှာ သူတို့နိုင်မယ်လို့ ယုံကြည်နေပုံရဆဲ ဖြစ်တယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ဗိုလ်ချုပ်တွေဟာ အခုတော့ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းမှာ ပိတ်မိနေပြီး သူတို့စစ်ကောင်စီ ဆက်လက်ရှင်သန်ရေးအတွက် အကြမ်းဖက်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေကြတယ်
ဒေသခံခုခံရေး PDF တပ်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စင်ပြိုင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း ဘယ်လောက်ပဲ ပေးဆပ်ရပါစေ စစ်ကောင်စီ မနိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတော့ ရှေ့လာမယ့် လတွေမှာ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာဖို့ပဲရှိတယ်။
မေး။ အာဏာသိမ်းပြီးနောက် အကျပ်အတည်းက သာမန်ပြည်သူတွေအပေါ် ဘယ်လိုရိုက်ခတ်လဲ။
ဖြေ။ ကိုဗစ်နိုင်တင်းနဲ့ စစ်အာဏာသိမ်းမှု ထိုးနှက်ချက် ၂ ခုကြောင့် လွန်ခဲ့တဲ့နှစ်အတွင်း လူသန်းပေါင်းများစွာက အလုပ်အကိုင် သို့မဟုတ် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးပြီး မြန်မာ့စီးပွားရေးက ပျက်စီးသွားတယ်။ မြန်မာကျပ်ငွေက တန်ဖိုး ထိုးစိုက်ဆင်းသွားပြီး စားသုံးဆီ၊ ဓာတ်မြေသြဇာလို စိုက်ပျိုးရေး သွင်းအားစု၊ လောင်စာတို့လို့ သွင်းကုန်တွေ တင်သွင်းရတဲ့ စရိတ်ကို မြင့်မားသွားစေလို့ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်ပြီး အခြေခံ စားသောက်ကုန် ဈေးတွေတက်ကုန်တယ်။ မြို့ကြီးတွေက လူတွေအပါအဝင် ပြည်သူအများစုက ဆင်းရဲနွမ်းပါးမှုနဲ့ ရိက္ခာမလုံလောက်မှုထဲ ရောက်ကုန်ပြီး ဆယ်စုနှစ် တခုကြာရရှိထားတဲ့ တိုးတက်မှုတွေ ပျောက်ကွယ်ကုန်ပြီး ထိခိုက်လွယ်သူတွေအပေါ် ကြောက်မက်စရာ ထိခိုက်မှုတွေ ကျရောက်စေတယ်။
မေး။ သပိတ်မှောက်သူတွေကို ရိုက်နှက်ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီးတော့ရော။
ဖြေ။ အများပြည်သူဝန်ဆောင်မှုက ပြိုလဲသွားတယ်။ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေက လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ထိပ်တန်းကပါဝင်ကြပြီး အများစုက စစ်အုပ်စုလက်အောက်မှာ အလုပ်လုပ်ဖို့ ငြင်းဆန်နေကြတယ်။ အဲဒီလို သပိတ်မှောက်တဲ့လူတွေကို ရိုက်နှက်ဖမ်းဆီးပြီး အလုပ်ဆက်ဆင်းနေတဲ့ သူတွေကျတော့လည်း သူတို့ရဲ့ လူမှုအသိုက်အဝန်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြမ်းဖက် လက်စားချေခံရတယ်။ ရလဒ်ကတော့ ကျန်းမာရေးစနစ် ဖရိုဖရဲဖြစ်သွားပြီး ကျောင်းတွေလည်း အလားတူ အဆက်ပြတ်ကုန်ကာ ကျောင်းခန်းတွေမှာ ဆရာနည်းနည်းနဲ့ ကျောင်းသားနည်းနည်းပဲရှိတော့တယ်။ စစ်ကောင်စီကလည်း ဒေါ်လာမတတ်နိုင်တော့လို့ ဒေါ်လာနဲ့ပေးချေရတဲ့ လျှပ်စစ်ဓာတ်အား စီမံကိန်းတွေကို ဖျက်သိမ်းလိုက်ရလို့ တနိုင်ငံလုံးမှာလည်း မီးက မကြာခဏပြတ်နေတယ်။
(NUG) ကလည်း ဘယ်လောက်ပဲ ပေးဆပ်ရပါစေ စစ်ကောင်စီ မနိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတော့ ရှေ့လာမယ့် လတွေမှာ တိုက်ခိုက်မှု၊ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်လာဖို့ပဲရှိတယ်
နိုင်ငံရဲ့ ကျယ်ပြန့်တဲ့နေရာတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကြောင့် လူသိန်းနဲ့ချီပြီး နေအိမ်တွေကနေ ထွက်ပြေးနေရပြီး ၂၀၂၁ ခုနှစ်နှစ်ကုန်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အသစ် ၃၂၀,၀၀၀ ကျော်ရှိတယ်။ ဒီအရေအတွက်က လူသားချင်းစာနာမှု အကူအညီ မပေးနိုင်တဲ့အတွက်နဲ့ ခေတ်သစ်မှာ စစ်ဘေးရှောင် သမိုင်းမရှိတဲ့ နေရာတွေမှာပါ ဖြစ်တော့ ထူထောင်ပြီး အစီရင်ခံ စနစ်မရှိတဲ့အတွက် အမှန်လက်တွေ့ထက် လျော့နည်းတဲ့ ခန့်မှန်းချက်ဖြစ်နိုင်တယ်။ ဒီစစ်ဘေးရှောင်သစ်တွေဟာ စစ်အာဏာမသိမ်းခင်က အများအားဖြင့် တိုင်းရင်းသားဒေသတွေက ရှိပြီးသား စစ်ဘေးရှောင် ၃၄၀,၀၀၀ အပြင် ထပ်မံထွက်ပြေးရသူတွေ ဖြစ်တယ်။
အရပ်သားတွေကို အကူအညီ ဖြတ်တောက်တာကို ပုန်ကန်မှု နှိမ်နင်းရေး သေနင်္ဂဗျူဟာအဖြစ် စစ်ကောင်စီက အသုံးပြုလို့ လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားပြီး အကြမ်းဖက်မှု အရှိန်မြင့်လာတာနဲ့အမျှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရပ်သားအရေအတွက် တိုးလာနိုင်တယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကို ဒုက္ခသည် စီးဆင်းမှုတွေလည်း ဖြစ်နေတယ်။
မေး။ နိုင်ငံတကာက ဘယ်လိုတုံ့ပြန်လဲ။
ဖြေ။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံတကာ အားထုတ်မှုက စိတ်ဝင်စားစရာ မကောင်းလှဘဲ မြန်မာနိုင်ငံဟာလည်း ထိုက်တန်တဲ့ အာရုံစိုက်မှု မခံရဘူး။ အကြောင်းရင်း တခုကတော့ အဓိကအင်အားကြီး နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုံ့ပြန်မှုနဲ့ အာဖဂန်နစ္စတန်၊ အီသီယိုပီးယားနဲ့ အခုဆို ယူကရိန်းလို အခြားအကျပ်အတည်းတွေကို အာရုံစိုက်နေရတယ်။ အထူးသဖြင့်တော့ အနောက်နိုင်ငံတွေဟာ သြဇာလွှမ်းမိုးမှုနည်းပြီး မြေပြင်အခြေအနေတွေကို သြဇာလွှမ်းမိုးဖို့ ရွေးချယ်စရာ အခြေအနေကောင်း မရှိဘူးလို့ ခံစားနေရတာကို နားလည်နိုင်တယ်။ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဗြိတိန်တို့က စစ်ကောင်စီခေါင်းဆောင်တွေနဲ့ စစ်အုပ်စုပိုင် လုပ်ငန်းတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပေမယ့် အဲဒီအရေးယှုမှုတွေဟာ စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို ထိခိုက်စေဖို့ဆို အကန့်အသတ်နဲ့ပဲ သက်ရောက်မှု ရှိတယ်။
အဓိကအင်အားကြီး နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုံ့ပြန်မှုနဲ့ အာဖဂန်နစ္စတန်၊ အီသီယိုပီးယားနဲ့ အခုဆို ယူကရိန်းလို အခြားအကျပ်အတည်းတွေကို အာရုံစိုက်နေရတယ်
အဖွဲ့ဝင်နိုင်ငံတွေက မြန်မာကိစ္စမှာ တဘက်က အထိမခံနိုင်တာကို တဘက်က လေးစားတဲ့အတွက် ကုသလမဂ္ဂလုံခြုံရေးကောင်စီမှာ အခြားပြဿနာတွေလောက် သဘောထားကွဲလွဲမှု မရှိဘူး။ လုံခြုံရေး ကောင်စီက မြန်မာနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ကြေညာချက်ထုတ်တာထက် ပိုမလုပ်တော့ စစ်မှန်တဲ့ ဘယ်လို အကျိုးသက်ရောက်မှုမှ မရှိဘူး။ တရုတ်က သူ့အကျိုးစီးပွားကို ခြိမ်းခြောက်တဲ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ စီးပွားရေးနဲ့ လုံခြုံရေး သက်ရောက်မှုတွေနဲ့ ပတ်သက်တဲ့ အနောက်နိုင်ငံတွေက စိုးရိမ်သလို သူလည်း စိုးရိမ်ပေမယ့် ရုရှားကလွဲလို့ တခြားလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေလို အရေးယူပိတ်ဆို့ဖို့၊ တရားဝင်ရှုတ်ချဖို့ သို့မဟုတ် အကျပ်အတည်းကို လူ့အခွင့်အရေးအမြင်အရ ကြည့်ဖို့ စိတ်အားထက်သန်ခြင်း မရှိဘူး။
တရုတ် ဘေဂျင်းက အိမ်နီးချင်းနိုင်ငံတခုက ပြဿနာဟာ နိုင်ငံတကာ ပြဿနာဖြစ်လာတာကိုလည်း မလိုလားဘဲ နေပြည်တော်ကို နှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ ဒါမှမဟုတ် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကနေ ချဉ်းကပ်ချင်တယ်။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့ အိန္ဒိယကကျတော့လည်း ဒီကိစ္စမှာ လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးတာမျိုး အရေးယူတာမျိုးကို ပိုပြီးဆန့်ကျင်လာတယ်။ အနောက်နိုင်ငံတွေက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့က ဆီးရီးယားလို ပြဿနာတွေမှာ ဖြစ်ခဲ့တဲ့ အကျိုးမရှိတဲ့ သဘောထားကွဲလွဲမှုမျိုးကို ရှောင်ဖို့ ဘယ်သဘောထား ကွဲလွဲမှုကို မဆို အကန့်အသတ်နဲ့ပဲ ထိန်းသိမ်းထားရတယ်။
ဒီလိုကွဲပြားတဲ့ အမြင်တွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တောင့်တင်းကြံ့ခိုင်တဲ့ ရပ်တည်မှုကို အတားအဆီး ဖြစ်စေပေမယ့် ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအကြား အလုပ်ဖြစ်ရုံသာ လုပ်နေတဲ့ ထိခိုက်လွယ်တဲ့ သဘောတူညီချက်ဟာ လုံးဝ တန်ဖိုး မရှိတာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့်ဆိုရင် အင်အားကြီးနိုင်ငံတွေဟာ ကုလသမဂ္ဂမှာ မြန်မာကို စစ်ကောင်စီက ကိုယ်စားပြုတာ ငြင်းပယ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့နေရာမှာ NUG ဘက်က ရပ်တည်တဲ့ လက်ရှိသံအမတ် ဦးကျော်မိုးထွန်းကို ဆက်ပြီး ထားနိုင်ခဲ့တယ်။ ဒီလိုလုပ်လိုက်တာဟာ စစ်ကောင်စီအတွက် စိတ်ပျက်စရာ အကြောင်းရင်း တခုဖြစ်စေပြီး NUG ကိုလည်း အရေးအပါဆုံး နိုင်ငံတကာစင်မြင့်တခု ပံ့ပိုးပေးရာရောက်တယ်။
အနောက်နိုင်ငံအစိုးရ အများစုလိုပဲ ကုလသမဂ္ဂကလည်း သံတမန်ရေး အားထုတ်မှု အားလုံးကို အာဆီယံကိုပဲ လုပ်စေချင်တာ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှု ရပ်ဆိုင်းဖို့ လုပ်ရမယ့် ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူနိုင်ခဲ့တယ်။ အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုတွေ ရှိပေမယ့် အာဆီယံဟာ လေ့လာသူတွေ မျှော်လင့်ထားတာတွေထက် ပိုမိုပြင်းထန်စွာ ရပ်တည်ခဲ့တယ်။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိပ်သီးဆွေးနွေးပွဲ တက်ခွင့် ပိတ်ပင်လိုက်တာဟာ အစဉ်အလာအားဖြင့် ဘုံသဘောတူညီချက်နဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်တဲ့ အာဆီယံက ယခင် မလုပ်ခဲ့ဘူးတဲ့ ခြေလှမ်းတွေဖြစ်တယ်။
ဒါပေမယ့် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနဲ့ အခု ကမ္ဘောဒီးယားရဲ့ အသင့်အတင့် သံတမန်ရေး အားထုတ်မှုတွေဟာ စစ်ကောင်စီက အလျှော့ပေးလိုစိတ် မရှိလို့ ဘာမှ အရာမရောက်ဘူး။ အခုကျတော့ အထူးသဖြင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ သံတမန်ရေး အစီအစဉ်ကို လမ်းညွှန်ဖို့ဆိုရင် သိပ်ပြီးကြောင်နေတယ်၊ တရုတ်သြဇာလွှမ်းမိုးမှု အရမ်းခံနေရတယ်ဆိုတဲ့ စိုးရိပ်ပူပန်မှုတွေ ဖြစ်လာတယ်။ အနောက်နိုင်ငံတွေ အနေနဲ့ကျတော့ ပြည်တွင်းမှာ အာဏာရှင်ဆန်တဲ့ ဟွန်ဆန်အုပ်ချုပ်ရေးကြောင့် သူခေါင်းဆောင်တဲ့ လုပ်ငန်းတခုကို ထောက်ခံဖို့ဆိုတာ ခက်ခဲတယ်။
ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်တွေက နိုင်ငံတကာ ထင်မြင်ယူဆချက်တွေကို အတိုင်းအတာ တခုအထိ ဂရုစိုက်ပြီး ပြင်ပကမ္ဘာနဲ့ ဆက်ဆံရေး တိုးတက်လိုပေမယ့် သံတမန်ရေး အသိအမှတ်ပြု ခံရရေးအတွက် သူတို့ရဲ့ အပြုအမူ ဒါမှမဟုတ် နိုင်ငံရေးဦးတည်ချက်တွေကို ပြောင်းလဲမယ့် ဘာလက္ခဏာမှ မပြသဘူး။
မြန်မာနိုင်ငံမှာ နိုင်ငံတကာ အရေးယူဆောင်ရွက်မှု ကင်းမဲ့ခြင်းဟာ ကြီးမားတဲ့ မျှော်လင့်ချက် ပျောက်ကွယ်ခြင်းနဲ့ ပြင်ပကမ္ဘာ၊ အထူးဖြင့် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကို ဆန့်ကျင်မှုတွေကို ဖြစ်စေခဲ့တယ်။ ပြင်ပက ဝင်ရောက် စွက်ဖက်မှုကို ဆန္ဒပြပွဲအစောပိုင်းက တောင်းဆိုတာမျိုးကို အခုမတွေ့ရတော့ဘူး။ မကြာသေးခင်က စာတန်းတခုကဆိုရင် (လက်ဝဲသီချင်းဖြစ်တဲ့ “အင်တာနေရှင်နယ်” ထဲက) “ကယ်တင်ရှင် ဘယ်သောအခါမှ မရှိပေ” ဆိုတာမျိုးတွေ ဖြစ်လာတယ်။ ကိုယ့်ကိစ္စကိုယ်ရှင်းရမယ်ဆိုတဲ့ ကောက်ချက်ကို ရောက်လာတဲ့အခါ လက်နက်ကိုင်တိုက်ပွဲ အပါအဝင် ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ကို အပ်လိုက်ကြတယ်။
နိုင်ငံတကာ သြဇာဆိုတာ အကန့်အသတ်နဲ့ပဲ ရှိတယ်ဆိုတာကို သံသယဖြစ်စရာ မလိုပေမယ့် ပြင်ပကမ္ဘာအနေနဲ့ လုပ်သင့်တာတွေ အများကြီးရှိတယ်။ မြန်မာက ပြဿနာတွေကို မြန်မာနိုင်ငံအတွင်းမှာပဲ ကန့်သတ်ထားလို့ မရဘဲ အများပြည်သူ ကျန်းမာရေး၊ ဒုက္ခသည်များ ထွက်ပြေးမှုနဲ့ လုံခြုံရေး၊ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အခြား တရားမဝင် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြစ်စေနိုင်တယ်။ မြန်မာနိုင်ငံ အခြေအနေကို မကိုင်တွယ်နိုင်ရင် ရိုဟင်ဂျာ ပြဿနာကိုလည်း ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။
အများပြည်သူ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းတွေမှာသာမက လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေအတွက် ပြည်ပအလှူရှင်တွေရဲ့ ရေရှည်လှူဒါန်းမှုက အရေးပါတယ်။
လူသားချင်းစာနာမှု အကူအညီတွေ ပေးခြင်းအားဖြင့် ပြည်ပအလှူရှင်တွေက မြန်မာပြည်သူတွေကို လူသားချင်း စာနာမှု အကူအညီနဲ့ ဆက်လက် ထောက်ပံ့ရမယ်။ လူသားချင်းစာနာမှု အကူအညီ ပေးဖို့ဆိုတာ ဒီအကူအညီတွေ စစ်ကောင်စီလက်ထဲ မရောက်ဘဲ ပဋိပက္ခကြောင့် ထိခိုက်တဲ့ ပြည်သူတွေဆီကို ရောက်ဖို့နဲ့ အရမ်းပိုမို ခက်ခဲတဲ့ အကူအညီပေးရေး ပတ်ဝန်းကျင်မှာ လမ်းကြောင်းရှာဖို့ ပိုမိုကြီးမားတဲ့ သံတမန်ရေး ကျွမ်းကျင်မှုနဲ့ အာရုံစူးစိုက်နိုင်မှု ပါဝင်တယ်။ လူသားချင်းစာနာမှု အကူအညီနဲ့ အကာအကွယ်ပေးမှုအပြင် အများပြည်သူ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းတွေကိုသာမက လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေကို ရေရှည်ထောက်ပံ့ဖို့က အရေးကြီးတယ်။
NUG အစိုးရရဲ့ စွမ်းရည် တောင့်တင်း ကြံ့ခိုင်စေရေး နည်းပညာနဲ့ ဘဏ္ဍာရေး အထောက်အကူကလည်း ပံ့ပိုးနိုင်ပြီး မြန်မာပြည်သူ အများအပြား တောင်းဆိုနေပေမယ့် စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဖို့လိုတဲ့အတွက် ပြည်ပအစိုးရတွေက စိတ်အားထက်သန်မှု မရှိတဲ့ NUG ကို တရားဝင် အသိအမှတ်ပြုခြင်းထက် ပိုမိုလက်တွေ့ကျတယ်။
ကုလသမဂ္ဂ အထူးသံတမန်သစ်ဖြစ်တဲ့ စင်ကာပူက နိုလင်းဟေဇာဟာ ကုလသမဂ္ဂစနစ်ကို နက်ရှိုင်းစွာနားလည်ပြီး အာဆီယံနဲ့ ခိုင်မာတဲ့ သံတမန် ကွန်ယက်ရှိတဲ့အတွက် အရေးပါတဲ့အခန်းက ပါဝင်ရမှာဖြစ်တယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ထောက်ခံဖို့ ကမ္ဘာတဝှမ်းက အစိုးရတွေက တတ်နိုင်တာ အကုန်လုပ်ရမှာ ဖြစ်ပါတယ်။
မေး။ အခြေအနေက ဘယ်လို ဖြစ်ပေါ်တိုးတက်လာနိုင်လဲ။
ဖြေ။ အာဏာသိမ်းပြီးနောက် မကြာမီ စစ်ကောင်စီသတင်းစာတွေရဲ့ ရှေ့မျက်နှာဖုံးမှာ နေ့စဉ်ဖော်ပြနေတဲ့ လမ်းပြမြေပုံ ၅ ချက်ကနေ စစ်ကောင်စီက သူတို့ရဲ့ စီမံကိန်းတွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အကြံအစည်က ၂၀၂၃ ခုနှစ် နှစ်လယ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးကို အာရုံစိုက်တယ်။ အဲဒီရွေးကောက်ပွဲအပြီး အာဏာသိမ်းပြီး ၂ နှစ်ခွဲအကြာမှာ စစ်ကောင်စီက ရွေးကောက်ခံ သမ္မတတယောက်ကို အာဏာလွှဲမယ်လို့ ယူဆရတယ်။ ဒီကြားထဲမှာတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုဟာ သူတို့ဘက်ကို အသာရအောင် တတ်နိုင်တာတွေ အကုန်လုပ်မှာပဲ။
အမျိုးမျိုးသော သံသယဖြစ်ဖွယ် စွဲချက်တွေနဲ့ ထောင်နှစ်ပေါင်းများစွာ ချခံထားရပြီး နောက်ထပ်လည်း အမှုတွေ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကန့်အသတ်မရှိ ဖမ်းဆီးခံထားရမယ့် သဘောရှိတယ်။ သူ့ရဲ့ အရမ်းကို လူထုထောက်ခံမှုများတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဖျက်သိမ်းခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပြီး စစ်ကောင်စီခန့် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ဘယ်ပါတီ တခုတည်းကမှ မလွှမ်းမိုးနိုင်တဲ့ သဘာဝမကျတဲ့ ရွေးကောက်ပွဲ စနစ်သစ်ကို ချမှတ်ပြီး စစ်အုပ်စုက လွှတ်တော်ထဲမှာ နေရာ ၂၅ ရာခိုင်နှုန်း ရထားလို့ ထိန်းချုပ်နိုင်ဖို့ လုပ်အောင်လုပ်နေတယ်။
တနိုင်ငံလုံးက ပုန်ကန်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ဘယ်လိုကျင်းပမယ်ဆိုတာ ခန့်မှန်းဖို့ ခက်တယ်။ ရွေးကောက်ပွဲသစ်တွေက နိုင်ငံရေးအကျပ်အတည်းတွေကို ဘယ်လို အဆုံးသတ်စေမယ် ဆိုတာကို ခန့်မှန်းဖို့ ပိုတောင်ခက်တယ်။ စစ်အုပ်စုအပေါ် လူထုဒေါသက ကြီးမားလွန်းလို့ နောက်တဆင့်မှာ မကြာသေးမီကမှ အငြိမ်းစားယူပြီး အရပ်ဝတ် ဝတ်ထားတဲ့ ဗိုလ်ချုပ်တွေကို အစိုးရသစ်မှာ မြင်ချင်တဲ့သူ မရှိသလောက်ပဲ။ အဲဒီလို အလိမ်အညာတွေမှာလည်း လူအများစုက ဝင်ပါမှာ မဟုတ်ဘူး။ ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်မှုကို မဖြစ်စေဘဲ ဆန့်ကျင်မှုနဲ့ မတည်ငြိမ်မှုကိုသာ ဖြစ်စေမယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ မြင်နိုင်တဲ့ အနာဂတ်ကာလမှာ ဖရိုဖရဲ ဆက်ဖြစ်နေမယ်။ ခုခံရေး အင်အားစုတွေဟာ စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားရာမှာ ပိုမိုအဆင့်မြင့်လာကြပြီး အမျိုးမျိုးသော တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းလာကြတယ်။
တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက စွမ်းဆောင်ရည်မြင့်မားတယ်။ ဒီလို အခြေအနေမျိုးတွေ ဆက်ဖြစ်နိုင်ခြေရှိနေတဲ့ အချိန်မှာ တနိုင်ငံလုံးက ဒေါသနဲ့ လက်စားချေမှာကို ကြောက်နေတဲ့ စစ်ကောင်စီကို လက်တွေ့ ဖြုတ်ချဖို့ဆိုတာ ခုခံရေး အင်အားစုတွေ အနေနဲ့ အောင်မြင်အောင် လုပ်ဖို့ခက်တယ်။ ဘယ်ဘက်ကမှ အခြားတဘက်ကို အသေအလဲ မထိုးနှက်နိုင်တဲ့အခါ ရေရှည် ပိုမိုအကြမ်းဖက်တဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်လွှဲမရတော့ဘူး။ ဒါကြောင့် အခုလောလောဆယ်တော့ နိုင်ငံအစိတ်အပိုင်း အများအပြားဟာ စစ်ကောင်စီ၊ ခုခံရေးအင်အားစု၊ လုံခြုံရေး လစ်ဟာသွားတဲ့နေရာကို အသုံးချအမြတ်ထုတ်တဲ့ ရာဇဝတ်ဂိုဏ်းအပါအဝင် ဒေသခံ အုပ်စုတွေက ထိန်းချုပ်ထားလိမ့်မယ်။ ကြားညှပ်နေမှာကတော့ အခုတောင်မှ ကြောက်စရာ ကောင်းလောက်အောင် တန်ဖိုးပေးဆပ် နေရပြီးဖြစ်တဲ့ သာမန်ပြည်သူတွေပဲဖြစ်တယ်။
(International Crisis Group တွင် ဖော်ပြထားသည့် One Year On from the Myanmar Coup ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်အာဏာကို အဆုံးထိ ဖီဆန်ကြသူများ
“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၂
မကွေးတိုင်း စစ်ကောင်စီ စည်းရုံးရေး ပြန်ဝင်မည်