နှစ်ဟောင်းကုန်ဆုံးကာနီး အချိန်တိုင်း တနှစ်တာအတွင်း အောင်မြင်မှု၊ ဆုံရှုံးမှုများကို သုံးသပ်ပြီး နောက်နှစ်အတွက် အကောင်းဆုံး ပြင်ဆင်လေ့ရှိကြသည်။ အတိတ် သင်ခန်းစာများမှတဆင့် အနာဂတ်အရေးကို မျှော်တွေးတတ်ကြသည်။ မိမိိတို့ မြန်မာနိုင်ငံ၏ ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေး အခြေအနေများကို ဘယ်လို ပြန်လည် ရှုမြင်နိုင်ပါသလဲ။
ပြည်သူ့ထောက်ခံမှုနှင့် အာဏာရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရသည် ၂၀၁၅ နှစ်ဦးပိုင်းတွင် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ပြည်သူလုထု၏ အားပေးထောက်ခံမှုဖြင့် အနိုင်ရလာသည့် အစိုးရဖြစ်သည့် အားလျော်စွာ ပြည်သူလူထု၏ ကြီးမားလှသော မျှော်လင့်ချက်ကို ရင်ဆိုင်ခဲ့ကြသည်။
အစိုးရသစ် ဘာလဲ၊ ဘယ်လဲဆိုသည့် စောင့်ကြည့်မှု သာမက ပြည်သူများ နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မည်ကဲ့သို့ တိုးတက် ကောင်းမွန်အောင် လုပ်လာမလဲဆိုသည့် မျှော်လင့်ချက်ကြီးဖြင့် စောင့်ကြည့်ခဲ့ကြသည်။
အစိုးရသစ်၏ ပထမဦးဆုံး လုပ်ဆောင်မှုမှာ နှစ်ပေါင်းများစွာက တောင်းဆိုခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး လုပ်ပိုင်ခွင့်ကို အရအသုံးချ၍ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ အရင်အစိုးရ လက်ထက် အစဉ်အဆက်က ငြင်းဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသား မရှိပါဟူသော ငြင်းဆိုမှု လမ်းကြောင်းအတိုင်း မသွားဘဲ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့သည့် ကျောင်းသားများ အပါအဝင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီး ခံထားရသူများကို ပြန်လွှတ်ပေးခဲ့သည်။ ထိုလုပ်ဆောင်ချက်ဖြင့် မြန်မာပြည်သူများ၏ ဝမ်းပန်းတသာ ကြိုဆိုထောက်ခံမှုကို အရယူနိုင်သည်။
နောက်ထပ် ကြိုးပမ်း လုပ်ဆောင်ချက်တခုမှာ နှစ်ပေါင်းများစွာ ရှည်ကြာနေပြီဖြစ်သော လက်နက်ကိုင် ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ခေါ်ယူမည်ဆိုသည့် အချက်ဖြစ်သည်။ တိုင်းရင်းသား ပေါင်းစုံ ပါဝင်မည့် ငြိမ်းချမ်းရေး ခေါ်သံသည် ငြိမ်းချမ်းရေးကို ဆယ်စုနှစ်ပေါင်းများစွာ တမ်းတနေသော မြန်မာနိုင်ငံမှ တိုင်းရင်းသားများ အားလုံးအတွက် မင်္ဂလာတပါး ဖြစ်ခဲ့ရသည်။
နှစ်ဦးပိုင်းတွင် ကြိုဆိုရင်ခုန်ခဲ့ရသော အစိုးရသစ်၏ လုပ်ဆောင်မှုများသည် နှစ်လည်ပိုင်းတွင် သွေးအေးသွားခဲ့သည်ဟု ဆိုနိုင်သည်။ အစိုးရအနေဖြင့် ဖိနှိပ်သော ဥပဒေများကို ဆက်လက် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုအနေဖြင့် အထင်ကရ အနေဖြင့် တက်ကြွလှုပ်ရှားသူများအပေါ် အမြဲတမ်း အန္တရာယ်ပြု ခြိမ်းခြောက်နေသည့် ၁၉၅၀ အရေးပေါ် စီမံမှုဥပဒေကို စက်တင်ဘာလတွင် ရုပ်သိမ်းခဲ့သည်။
သို့သော် ပြည်သူတို့၏ အခြေခံ လွတ်လပ်ခွင့်ကို ထိပါးနှောင့်ယှက်ရာ ရောက်သည့် တခြားသော ဥပဒေများကို ပြောင်းလဲ ပြင်ဆင်ရန် ကြိုးပမ်းချက်များမှာ ထင်သလောက် ခရီးမပေါက်ခဲ့ပါ။ ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ခွင့်ဆိုင်ရာ ဥပဒေကဲ့သို့သော ဥပဒေကို အနည်းငယ်ပြင်ဆင်မှုမျိုးသာ ဖြစ်ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးအတွက် တင်ပြပြောဆိုမှု အသံများ လွှတ်တော်အတွင်း လုံးဝ ပေါ်ထွက်လာခြင်း မရှိပေ။
နှစ်လည်ပိုင်းတွင် ပိုမိုဆိုးဝါးလာသည့် အချက်တချက်မှာ ငြိမ်းချမ်းရေးတဖက်၊ စစ်ပွဲတဖက် အဖြစ်အပျက်ပင် ဖြစ်သည်။ ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူပြီး ဆွေးနွေးနေချိန်မှာပင် စစ်ပွဲများ ကချင်နှင့် ရှမ်းပြည်နယ်တွင် အရှိန်မြင့် ဖြစ်ပေါ်လာသည်။ စစ်ပွဲများ၏ ရလဒ်အနေဖြင့် အရပ်သားများ၊ အထူးသဖြင့် လူမမယ် ကလေးငယ်များပါ ထိခိုက်သေကြေခဲ့ရသည်မှာ ကြေကွဲ ဝမ်းနည်းစရာပင် ဖြစ်သည်။
ကျူးလွန်ခံရသည့် သူများအပေါ် ပြန်လည် ကုစားပေးချက်မှာလည်း အားနည်းနေဆဲပင် ဖြစ်သည်။ ရှမ်းပြည်နယ် မိုင်းယော်ရွာသား ၅ ဦးအပေါ် ကျူးလွန်ခဲ့သော လူသတ်မှုနှင့် ပတ်သက်၍ စစ်တပ်မှ အရာရှိ အဆင့်မှ တပ်ကြပ် အဆင့်အထိ ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သော အဖြစ်မှာ ရှားပါးလှသော အရေးယူမှုတခု ဖြစ်ခဲ့သည်။
ထိုသို့ အရေးယူ ဆောင်ရွက်မှုကို ကြိုဆိုသော်လည်း တိုင်းရင်းသား ဒေသများရှိ ပဋိပက္ခ အခြေအနေများအတွက် တရားခံ မဖော်ထုတ်နိုင်သေးသော အမှုများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။
၂၀၁၆ ခုနှစ် နှောင်းပိုင်း ကာလများသည် အစိုးရသစ်အဖို့ ပိုမို ကျပ်တည်းသော ကာလများပင် ဖြစ်သည်။ နိုဝင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်အပြီး နိုင်ငံတကာ၏ မြန်မာ နိုင်ငံအပေါ်အာရုံစိုက်မှုမှာ ပိုမိုများပြားလာသည်။
အကြမ်းဖက် တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် စွပ်စွဲဝေဖန်ပြောဆိုမှုများ တိုးပွားလာသည်။ ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသအတွင်း အာဏာပိုင်များက လူ့အခွင့်အရေးများ ချိုးဖောက်နေသည်ဟူသော စွပ်စွဲ ပြောဆိုချက်များကြောင့် အာဆီယံ နိုင်ငံများအတွင်းတွင်ပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။
အစိုးရသစ်၏ ပြောင်းလဲလာသော ပေါ်လစီမှာ အငြင်းပွားစရာ ဖြစ်နေသည့် ရိုဟင်ဂျာ အရေးကို ယခင် အစိုးရကဲ့သို့ ငြင်းဆန်နေသည့် အနေအထားမျိုး မဟုတ်တော့ဘဲ ထိုကိစ္စကို ၀ိုင်းဝန်းဖြေရှင်းရန် ပန်ကြားမှုများ ရှိ်လာသည်။ နိုင်ငံတကာ၏ အကြံပြုချက်များ ရယူနိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ ထိုအရေးကိစ္စကို အရေးတယူ လုပ်ဆောင်နေကြောင်း ကမ္ဘာကို ပြသခဲ့သည်။
နှစ်ကုန်ပိုင်းအတွင်း အစိုးရသစ်ကို စိန်ခေါ်နေသော ပြဿနာ နောက်တခုမှာ တရားဥပဒေ စိုးမိုးမှုနှင့် ထိရောက်သော ဥပဒေများ ပြဌာန်းရေးတို့ ဖြစ်လာကြသည်။ မြို့ပြအတွင်း ရာဇဝတ်မှု ထူပြောလာခြင်း၊ ကျူးလွန်သူများကို မဖော်ထုတ်နိုင်ခြင်း တို့ကြောင့် လူ့အခွင့်အရေးအတွက် အရေးကြီးသော တဦးချင်း လုံခြုံမှုအပေါ် လူထုက မေးခွန်းထုတ်လာသည်။
သက်ငယ်မုဒိမ်းကဲ့သို့သော အမှုအခင်းများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေခြင်းနှင့် ကျူးလွန်သူများအပေါ် ထိရောက်စွာ အရေးယူမှု မရှိခြင်းတို့အပေါ် လူထုက ဝေဖန်ပြောဆိုလာကြသည်။ တရားစီရင်ရေး မဏ္ဍိုင်၏ ထက်မြက်မှု၊ လွတ်လပ်မှု၊ အဂတိ ကင်းစင်မှုအပေါ် ထောက်ပြလာကြသည်။
အမှန်တကယ် လိုအပ်သည့် အထူး ဥပဒေများဖြစ်သည့် ကလေးအခွင့်အရေး ကာကွယ်ရေး ဥပဒေနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်ခြင်းအား တားဆီးရေး ဥပဒေများကို ပြဌာန်းရန် နှောင့်နှေး ကြန့်ကြာနေမှုများသည် လူ့အခွင့်အရေးကို အထူး ကာကွယ်ပေးရမည့် သူများအပေါ် ကာကွယ်ပေးရန် ပျက်ကွက်စေသည်။
လူ့အခွင့်အရေးကို နှစ်ပေါင်းများစွာက စနစ်တကျ ချိုးဖောက်ခံခဲ့ရသော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် အသွင်ကူးပြောင်းရေး ကာလအတွင်း တာဝန်ယူ ထမ်းဆောင်ရသည့် အစိုးရသစ်အဖို့ စိန်ခေါ်မှုပေါင်း များစွာကို ရင်ဆိုင်ရမည်မှာ အသေအချာပင် ဖြစ်သည်။
အသွင်ကူးပြောင်းရေး ကာလတခုကို ဖြတ်သန်းခဲ့ရသည့် အင်ဒိုနီးရှား၊ တီမောစသည့် နိုင်ငံမျိုးများသည်လည်း ယခုကဲ့သို့ စိန်ခေါ်မှုများကို ဖြတ်သန်းခဲ့ကြရသည်။ အစိုးရသစ်အနေဖြင့် ယခုအချိန်တွင် ဆက်လက် ကျင့်သုံးနေဆဲဖြစ်သည့် ဖိနှိပ်သည့် ဥပဒေများကို ဖျက်သိမ်းရန်၊ နှစ်ပေါင်းများစွာ ရှည်ကြာခဲ့ပြီးဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခတို့ကို ချုပ်ငြိမ်းရန်၊ ယိုယွင်း ပျက်စီးနေသည့် တရားစီရင်ရေးကို ပြန်တည့်မတ်ရန် ကြိုးစားရင်း ထိုစိန်ခေါ်မှုများကို ရင်ဆိုင် ဖြတ်သန်းနေလျက်ရှိသည်။
စိန်ခေါ်မှုများ ရှိသော်လည်း ပြည်သူများ အားလုံး၏ လူ့အခွင့်အရေးကို လေးစားရန်၊ ကာကွယ်ရန်၊ ဖြည့်ဆည်းပေးရန် ဆိုသည့် အစိုးရသည် လူ့အခွင့်အရေးဆိုင်ရာ တာဝန်သုံးရပ်ကို ထမ်းဆောင်ရမည်သာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ပြည်သူများ၏ အခြေခံကျသော အခွင့်အရေးများကို ထိခိုက်သော ဥပဒေများကို မဖြစ်မနေ ပြင်ဆင်ရမည် ဖြစ်သည်။
ပြည်သူတို့၏ အခွင့်အရေးများကို ကာကွယ်ပေးရမည့် ဥပဒေကိုယ်တိုင်က အခွင့်အရေးကို ထိပါးမည့် ဥပဒေများ ရှိနေခြင်း၊ ကျင့်သုံးနေခြင်း ရှိနေသမျှ ပြည်သူတို့ဘဝ လုံခြုံမည် မဟုတ်ပါ။ အစိုးရအနေဖြင့် လူတဦးချင်း၏ လူ့အခွင့်အရေးကို ထိပါးနိုင်သည့် ဖိနှိပ်သော ဥပဒေများကို အမြန်ဆုံး ဖျက်သိမ်းပြီး ကာကွယ်ပေးသည့် ဥပဒေများဖြင့် အစားထိုးရန် အထူး လိုအပ်နေသည်။
ဥဒေများကို ပြဌာန်းရုံ သက်သက်ဖြင့် ပြည်သူ့ အခွင့်အရေးများကို အလိုလို ကာကွယ်နိုင်မည် မဟုတ်ပါ။ ဥပဒေကို အကောင်အထည် ဖော်ခြင်း မရှိပါက ထိုဥပဒေများသည် စာအုပ်ထဲတွင်သာ ရှင်သန်သော ဥပဒေများသာ ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် လက်တွေ့တွင် ရှင်သန်သော ဥပဒေ ဖြစ်စေရန်အတွက် တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကဏ္ဍများ အားလုံး အားကောင်းဖို့ လုပ်ဆောင်ရန် လိုအပ်သည်။
ရှိနေသော တရားဥပဒေများသည် လူ့အခွင့်အရေးနှင့် ကိုက်ညီရန် လိုအပ်သလို ထိုဥပဒေ၏ အထက်တွင် မည်သူမျှ မရှိရန် အရေးကြီးသည်။ ဥပဒေရှေ့ လက်တလုံးခြား လုပ်မှုများနှင့် အပြစ်ကျူးလွန်သူများ အပြစ်မှ ကင်းလွတ်နေခြင်းများ ရှိနေသမျှ တရားဥပဒေ စိုးမိုးမှုနှင့် တရားစီရင်မှု ကဏ္ဍ၏ လွတ်လပ်မှုကို မည်သူမှ လေးစားအားကိုးမည် မဟုတ်ပေ။
ထို့အတူ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန် တာဝန် အပြည့်အဝရှိသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်သူများက လေးစားအားကိုးရန် အတွက် ထိရောက်စွာ စွမ်းဆောင်နိုင်ဖို့ အရေးကြီးလှသည်။
ထို့ကြောင့် ၂၀၁၇ ခုနှစ်ကို လှမ်းမျှော်ကြည့်ရလျှင် အစိုးရသစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ပိုမို ထမ်းဆောင်ရန် လိုအပ်သောနှစ်သာ ဖြစ်မည်။
စစ်ပွဲများအား ငြိမ်းချမ်းရေး အောင်ပွဲများအဖြစ် ကျင်းပနိုင်ရန်၊ လူ့အခွင့်အရေးအပေါ် ထိပါးသည့် ဥပဒေများနေရာတွင် ကာကွယ်ပေးသည့် ဥပဒေများဖြင့် အစားထိုးနိုင်ရန်၊ ကာကွယ်ရေး စရိတ်များကို လူထုဘဝ တိုးတက်ရေး ကဏ္ဍများတွင် လွှဲပြောင်း အသုံးပြုနိုင်ရန်၊ ယိုယွင်းနေသော တရားဥပဒေ စိုးမိုးမှုနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ကို လူထုက ယုံကြည် အားကိုးလာစေရန် တာဝန်များကို အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် လိုအပ်သော နှစ်သစ်သာ ဖြစ်ပါလိမ့်မည်။
(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးပြန့်ပွားရေး Equality Myanmar အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သည်)