သတင်းစာ ရှင်းလင်းပွဲ လုပ်မှ ဖြစ်တော့မယ်။
တမနက် လက်ဖက်ရည်ဆိုင်မှာ သတင်းလုပ်သက် နှစ် ၂၀ ကျော်ရှိတဲ့ လူငယ်တယောက်နဲ့ တွေ့တယ်။ သူက အမှောင် ခေတ်ကတည်းက နိုင်ငံခြားမှာ သတင်းပညာ ဒီပလိုမာ ဘွဲ့ကို ယူလာတဲ့သူ။ နာမည်ကြီး သတင်းသမား တယောက်ပါပဲ။
အစိုးရရဲ့ လွဲချော်မှုတွေကို ထောက်ပြတဲ့နေရာမှာ လက်သံပြောင်တယ်။ ပုံနှိပ်ရော ရုပ်သံ သတင်းဌာနမှာရော ကျင်လည် ခဲ့ရတဲ့သူ။ အခု သူက ပြောပြီလေ။
“ထစ်ခနဲဆို ၅၀၅ (ခ)၊ ထစ်ခနဲဆို ၆၆ (ဃ)၊ ထစ်ခနဲဆို ၁၇(၁)၊ ထစ်ခနဲဆို လျှို့ဝှက်ချက် ပေါက်ကြားမှု။ ထစ်ခနဲ၊ ထစ် ခနဲတွေ များများလာ၊ သတင်း မီဒီယာ လုပ်ငန်းမှာလည်း ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း လက်ရှောင်လာ။ ကြော်ငြာ တွေကလည်း မရ၊ သူ့ဘဝရဲ့ ရှေ့ရေးကိုမျှော်ကြည့်ရင် ထောင်နံရံ နဲ့ လက်ထိပ်တွေပဲ မြင်နေရတယ်” တဲ့။
မလွတ်လပ် မပွင့်လင်းခင်တုန်းကတော့ လွတ်လပ်ပွင့်လင်းဖို့ အသက်ပေးရတာ တန်သလောက် မလွတ်တလွတ် မလပ်တလပ် အချိန်မှာ ထောင်ထဲဝင်ရတာ မတန်ဘူးတဲ့။
သူထောင်ထဲရောက်သွားရင် ချက်ချင်းလွှတ် ချက်ချင်းလွှတ် လို့ အော်တဲ့သူတွေက နိုင်ငံတကာ အကူအညီတွေရပြီး တိုက်ခန်းတွေငှား၊ သတင်းဌာန အသစ်တွေ ထောင်နိုင်ကြပေမယ့် သူကတော့ ထောင်ထဲမှာ အီကြာကွေး ဖြစ်နေမှာ တဲ့။
ကျနော်ကတော့ သတင်းသမားဘ၀ ကို မစွန့်လွှတ်ဖို့ အားပေးပါတယ်။ သူငယ်ချင်း အနေနဲ့ တကယ်လို့ တခုခု နဲ့ငြိပြီး ထောင်ထဲ ဝင်ရင်လည်း ငါတို့က ချက်ချင်းလွှတ် ဖို့အော်ပေးမယ်၊ နိုင်ငံတကာက အထောက်အပံ့ရရင်လည်း သူများ တွေ လို တကိုယ်ကောင်း မဆန်ပါဘူး။ အော်ပေးသူက တဝက်၊ အဖမ်ခံရသူက တဝက် ပေါ့။ ကြိုတင် ဈေးညှိထားလိုက် တယ်။ လိုရမယ်ရ ပိုစတာမှာ သုံးဖို့ ဓာတ်ပုံကလေး သုံးလေးပုံလောက်တောင် ရိုက်ထားလိုက်သေးရဲ့။ သတင်းသမား ဆိုတာ လိုအပ်ရင် ညှိနှိုင်းတတ်ရသလို အခြေအနေကို နည်းနည်းတော့ ကြိုမြင်ရတယ်ဗျာ့။
သူငယ်ချင်းအနေနဲ့ သတင်းသမား ဘဝကို စွန့်လွှတ်ပြီးရင် ဘာလုပ်မှာလဲ လို့မေးတော့ သူက ရှေ့နေလုပ်ရင် ပို အစဉ် ပြေမယ် ထင်တယ်လို့ ပြောပါတယ်။
သူ့အကြံမဆိုးပါဘူး။ ရင်ကြားစေ့ရေး ခေတ်ကြီးမှာ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ များလေလေ ရှေ့နေ တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါလေလေ ဆိုတာ သူက သိနေတယ်လေ။ ဒါကြောင့် သတင်းလောကမှာ သူက အောင်မြင်နေတာကိုး။
ရခိုင်က ရောက်နေတဲ့ သတင်းသမား တယောက်နဲ့တွေ့တော့လည်း သူက သတင်းသမားသမား ဘဝကို စိတ်ကုန်နေ တဲ့အကြောင်း ပြောပြန်ပါတယ်။ သူပြောတာက ဒီလိုပါ။ ရခိုင်မှာ ဗုံးဆန်၊ ကျည်ဆန်တွေမှန်လို့ အရပ်သားတွေ သေကြ တယ်။ သူက အဲဒီသတင်းကို ရေးဖို့ တာဝန်ကျတယ်။ သတင်းက မရေးတတ်ရင် လူမျိုးရေးမုန်းတည်းမှုကို ဦးတည် သွားနိုင်တယ် ဆိုတာ သူကောင်းကောင်း သိတယ်။ အဲဒါမျိုးကို မဖြစ်ချင်ဘူး။
အဲဒီတော့ ရွာတရွာမှာ ဗုံးကျည်မှန် ရွာသား နှစ်ယောက်သေဆုံးလို့ သတင်းခေါင်းစဉ် တပ်ပြီး သတင်း ထုတ်လိုက်တယ်။ အဲဒီတော့ ဘာဖြစ်လဲ။ နိုင်ငံခြား သတင်းဌာနတွေက အစိုးရ စစ်တပ်က ပစ်ခတ်လို့ ရွာသား နှစ်ယောက်သေလို့ အမှန် အတိုင်း မထိမ်မချန် ရေးရဲတယ်။ မင်းတို့ ရခိုင် သတင်းထောက်တွေက သတင်းမှန်ကို မထိမ်မချန်ဘဲ ဘာကြောင့် မရေး တာလဲ ဆိုပြီး ပြဿနာ ရှာတယ်။
သတင်း စားသုံးသူတွေ ပြဿနာရှာတာ လျစ်လျူရှု နေနိုင်ပေမယ့် အိမ်က မိန်းမ၊ ယောက်ဖနဲ့ ယောက်က္ခမ တွေကပါ ဖိအားပေးလာတော့ ခက်ပြီပေါ့။ သတင်းသမား ကြားညပ်ပြီလေ။ ပြည်တွင်းစစ် ဖြစ်ရင် ပြေးစရာ ဒုက္ခသည်စခန်း ရှိပေမယ့် အိမ်တွင်းစစ်ပွဲ ဖြစ်တော့ ပြေးစရာ မရှိပြီ။
အဲဒီတော့ ရန်ကုန်ကို အိမ်တွင်းစစ်ပွဲရှောင် ဒုက္ခသည်အနေနဲ့ ဟိုသတင်းဌာမှာ ခိုလှုံသလို၊ ဒီသတင်းဌာနမှာ စခန်းချ နေသလိုလို နေရတာပေါ့။
ဒီလို အခြေအနေမျိုးမှာ ဘာလုပ်ရင် ကောင်းမလဲလို့ ဝါရင့်သတင်းသမားကြီး မြန်မာ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ကြီး ဦးအုန်းကြိုင်ကို မေးကြည့်တော့ “မင်းတုန်းမင်းကြီးက ငါမကောင်း ငါ့ရေး ငါ့မိဖုရား မကောင်း ငါ့မိဖုရားရေး ဆိုပြီး သတင်း လွတ်လပ်ခွင့် ပေးခဲ့တယ်၊ ဒါပေမယ့် ဘယ်သတင်းစာမှာမှ မင်းတုန်းမင်းကြီးနဲ့ မိဖုရား မကောင်းကြောင်း မပါ ဘူး။ အဲဒီခေတ်က သတင်းသမားတွေက ဒီခေတ် သတင်းသမားတွေလို မ အ ကြဘူး။ သတင်းမှန်ရေးရင် သက်ဦး စံပိုင် စနစ်အောက်မှာ ခေါင်းပြတ်သွားမယ် ဆိုတာ သူတို့ ကောင်းကောင်းသိတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ လုပ်ရတယ်။ အဲဒီတော့ မင်းတုန်းမင်းကြီး ခေတ်မှာ ဘယ် သတင်း ထောက် မှ အရေးယူ အပြစ်ပေးခံရတာ မရှိဘူး” တဲ့။
ဆိုင်လား မဆိုင်လားတော့ မသိဘူး၊ ကြံကြံဖန်ဖန် တွေးမိသေးတယ်။ အဲဒီတုန်းက သတင်းလွတ်လပ်ခွင့် အဆင့် သတ် မှတ်တာတွေ ရှိရင် မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အရှိဆုံး နံပါတ်တစ် နေရာမှာ ရှိနေမှာ သေချာတယ်။ ဒီတခါ ကမ္ဘာ့ လူ့အခွင့်အရေး သံတမန်တွေ လာရင် ကြုံရင်ကြုံသလို ကြွားဦးမှ။ တွေးမိတာ ပြောတာပါ။
အခုမှ သတိရတယ်။ သူတို့နဲ့ သတင်းသမားတွေ အကြောင်း ဦးနှောက် မုန်တိုင်း ဆင်နေလို့ မပြီးဘူး။ သတင်းစာ ရှင်းလင်းပွဲ သွားရဦမယ်။ သတင်းစာ ရှင်းလင်းပွဲက ဘယ်ဟိုတယ်မှာလဲ လို့တော့ မမေးနဲ့။ ကိုယ့်အိမ်မှာ ကိုယ် တယောက်တည်း လုပ်ရမှာ။ မိန်းမ အိမ်ပြန် မရောက်ခင် အိမ်က သတင်းစာတွေကို ရှင်းရပါဦးမှာပါဗျာ။
ပူပူနွေးနွေး အလုပ်လက်မဲ့လေးမို့ မိန်းမခိုင်းထားတဲ့ အတိုင်း အိမ်မှာ ရှုပ်ပွနေတဲ့ သတင်းစာတွေ ရှင်းရပါဦးမယ်။ ဒါပေမယ့် သူငယ်ချင်းတွေ အထင်ကြီးအောင် သတင်းစာ ရှင်းလင်းပွဲ သွားရဦးမယ်လို့ နှုတ်ဆက်ပြီး “လစ်”ခဲ့ရတာပေါ့။
အိမ်ရောက်တော့ သတင်းစာတွေ ရှင်းရင်း မဆလ ခေတ်က တလ တကြိမ် လုပ်တဲ့ ကျနော်တို့ မိသားစု သတင်းစာ ရှင်းလင်းပွဲ ကလေးကို သတိရတယ်။
အဲဒီခေတ်က သတင်းစာ တစောင်ယူရင် တလ ၉ ကျပ်ကျော် ပေးရတယ်။ တလ လုံးယူထားတဲ့ သတင်းစာတွေကို ပိဿာချိန်နဲ့ ပြန်ရောင်းရင် ၁၅ ကျပ်လောက် ပြန်ရတယ်။ အဲဒီ အမြတ် ငါးကျပ်ဟာ အသားဟင်းတခွက် ဝယ်ချက်လို့ ရတယ်။ အဲဒီတော့ အဲဒီခေတ်က လုပ်သားပြည်သူတွေဟာ သတင်းစာ ဝယ်ယူခွင့်ရရေး ကြိုးပမ်းကြတယ်။
ကိုယ့်အသိ အထူးအရာရှိ တယောက်ယောက် ဒါမှမဟုတ် မဆလ ပါတီဝင် လူကြီးတယောက် ဘက်ဂရောင်းရှိမှ ဒီအခွင့် ရတာ။ ကြုံတုန်း ကြွားရဦးမယ်။ ကျနော်တို့ အိမ်က ကြေးမုံ သတင်းစာကို လပေး ဝယ်ခွင့်ရတဲ့ အိမ်ဗျာ့။ နယ်နယ် ရရတော့ မဟုတ်ဘူး။ အဲဒီတော့ တလ တကြိမ် အသားဟင်း စားနိုင်တဲ့ အိမ်ဗျာ့။ သတင်းခေတ် ကောင်းချိန် လို့ ဆိုနိုင်တဲ့ အချိန်ပေါ့ဗျာ။
ဒီခေတ်တော့ အရင်လိုမဟုတ်တော့။ သတင်းစာ အဟောင်းဆို ဝယ်သူမရှိ။ အခု အိမ်မှာထားစရာ နေရာ မရှိလို့ လွှင့် ပစ် ရမယ့် သတင်းစာတွေ၊ သတင်းသမားတွေ သက်စွန့်ဆံဖျား လိုက်ထားရတဲ့ သတင်းတွေ ရေးထားတဲ့ သတင်းစာ တွေ သွားပေရော့ အမှိုက်ပုံ။
သတင်းစာများသည် သမိုင်းကိုပြောကြသည်ဟု သင်ယုံကြည်အံ့ ကျေးဇူးပြုပြီး သမိုင်းကို အမှိုက်ပုံမှာ လွတ်လပ်စွာ ရှာဖွေနိုင်ပါသည် ခင်ဗျား။
သတင်းစာ အဟောင်းတွေ ရှင်းရင်း စာအုပ် အဟောင်းတွေလည်း ရှင်းမိတာပေါ့။ ဖေဖေ့ သူငယ်ချင်း ရဲဘော် သောင်းမွန် ရေးတဲ့ မိုးသက်တွေ လေဝေ့လို့ ဆိုတဲ့ စာအုပ်လေး လည်းပြန်တွေ့ပါတယ်။
သူက ဂျပန်ခတ် မင်္ဂလာဒုံ ပထမပတ် ဗိုလ်သင်တန်းဆင်း တယောက်ပါ။ သူက မန္တလေးမှာ နေပါတယ်။ တလ တခါ လောက် ရန်ကုန်ကို လာလည်တတ်ပါတယ်။ အိမ်မှာပဲ တည်းပါတယ်။ သူလာလည်တိုင်း စမ်းချောင်းမှာ ရှိတဲ့ ဗိုလ်ချုပ် ကျော်ဇော ဆီကို သွားလေ့ရှိပါတယ်။
ညဘက် စကားဝိုင်းဖွဲ့တဲ့ အခါမှာလည်း ဂျပန်ခေတ်က စစ်သီချင်းတွေကို ရင်ခေါင်းသံကြီးနဲ့ အော်ဆိုပြလေ့ ရှိသလို ဂျပန်ခေတ်က တော်လှန်ရေးသမားတွေ အကြောင်းလည်း ပြောပြတတ်ပါတယ်။
ကျနော် မှတ်မိတဲ့ အကြောင်းကလေး တခုကတော့ ဂျပန်တွေဟာ တော်လှန်ရေးသမားတွေကို မိရင် ကြိုးတုပ်ပြီး မဖမ်း ဘူးတဲ့။ လက်ကောက်ဝတ် နှစ်ဖက် ကို အပ်ချည်ကြိုးကလေးနဲ့ ချည်ထားပေးပြီး သူတို့ သွားခိုင်းတဲ့ လမ်း အတိုင်း သွားရသတဲ့။ လမ်းကလည်း ချိုင့်ခွက်တွေ၊ တောင်ဂမူတွေ၊ ဆင်ချောလျှောတွေကို ဖြတ်ရသတဲ့။
အဲဒီလို ခရီကြမ်းကို လျှောက်ရင်း ချည်ထားတဲ့ အပ်ချည်ကြိုးကလေးကို ပြတ်မသွားအောင် မနည်းထိန်း သွားရသတဲ့။ တကယ်လို့ အပ်ချည်ကြိုး ပြတ်သွားရင်တော့ ဇက် ပြတ်အောင် ဖြတ်မယ့်ဓားက ခေါင်းပေါ်မှာ ဝဲ နေတယ်တဲ့။
လမ်းပေါ်က ခလုတ်တံသင်း တွေလည်း ကြည့်ရှောင်ရ၊ ခေါင်းဖြတ်မယ့် ဓားကိုလည်း မကြည့်ရဲရဲ နဲ့ ကြည့်ရ၊ လက်ကို ချည်ထားတဲ့ အပ်ချည်ကြိုးကလေး မပြတ်အောင်လည်း ဂရုစိုက်ရ နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကြောင်းရင်း အလွန် ကြောက် စရာ ကောင်းတဲ့ ခရီးတွေကို သွားခဲ့ရသတဲ့။
မင်တုန်းမင်းခေတ်က ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းရတာ ကြောက်စရာ ကောင်းသလို၊ ဂျပန်ခေတ်က ကိုယ့်ကိုယ် ကိုယ် ထိန်းကျောင်းရတာ ထိတ်လန့်စရာပါ။
အင်း ဒီလိုဆိုတော့လည်း ဒီမိုကရေ စီခေတ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနေရတာ တော်သေးတာပေါ့နော်။
ဒီတခါ သတင်း လွတ်လပ်ခွင့်အကြောင်း အာပေါင်အာရင်းနဲ့ လာပြောတဲ့ သတင်းသမားတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ တွေ့ရင် ဥဒေါင်းမင်း ဂါထာ (အန္တရာယ် ကင်းအောင် ရွတ်ရတဲ့ ဂါထာ၊ မောရသုတ် လို့လည်း ခေါ်ပါတယ်) နဲ့ အပ်ချည် ကြိုး ကလေး တချောင်းစီ လက်ဆောင် ပေးရပါဦးမယ်။ စေတနာနဲ့ပါ။ ။
စာရေးသူ သားကြီးမောင်ဇေယျ သည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦး ဖြစ်ပါသည်။
You may also like these stories:
သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင်
ပစ်မှတ်ဖြစ်လာနေသော သတင်းမီဒီယာ
သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး