သတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာမှုသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတဝှမ်းမှ သတင်းသမားများအတွက် ဝမ်းမြောက်စရာ ဖြစ်သည်။ ထိုသတင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ မီဒီယာလောက တခုလုံးအတွက်မူ ကြီးမားသည့်အပြောင်းအလဲ ရှိလာမည့် သတင်းမဟုတ်သေးချေ။
အရပ်သားအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ၎င်းတို့နှစ်ဦး ပြန်လွှတ်လာသော်လည်း သူတို့သည် ရဲတပ်ဖွဲ့၏ ရမယ်ရှာ အဖမ်းခံရခြင်းဖြစ်သောကြောင့် အစကပင် မဖမ်းဆီးခဲ့သင့်သည်မှာ အကြောင်းရင်းတခုဖြစ်သည်။ သတင်းသမားများကို အနာဂတ်တွင် လုံခြုံရေး တပ်ဖွဲ့များ၏ အလားတူ ထောင်ချောက်ဆင်၊ ဖမ်းဆီး၊ စွပ်စွဲမှုများ မရှိလာနိုင်တော့ဟူသော အာမခံချက်မျိုးကို ၎င်းတို့ ၂ ဦးလွှတ်မြောက်လာခြင်းက ပေးစွမ်းနိုင်ခြင်းမရှိပေ။ ၎င်းတို့ ၂ဦး ပြန်လည်လွှတ်မြောက်လာခြင်းမှာ နိုင်ငံတော်သမ္မတက (သူ၏ အကန့်အသတ်ရှိသော အာဏာကို အသုံးပြုပြီး) ဝင်ကယ် လိုက်ခြင်းဖြစ်သည်။
ထိုနေ့က ဧရာဝတီသတင်းဌာနရုံးသို့ လာရာလမ်းတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လွတ်သည့် သတင်းကို ကြားသိရသောအခါ ကျနော် လွန်စွာပျော်ရွှင်မိသော်လည်း အံ့သြခြင်းတော့ မဖြစ်မိပေ။ ၎င်းတို့ ၂ ဦး ဧပြီလလယ် မြန်မာနှစ်သစ်ကူး ပတ်ဝန်းကျင်တွင် ပြန်လည်လွှတ်လာလိမ့်မည်ကို သူတို့ကို ထောင်ဒဏ် အမိန့်ချသည့် စက်တင်ဘာလကပင် ကျနော် မျှော်လင့်ယူဆထားခဲ့ပါသည်။
သံတမန်များ၊ ပြည်တွင်းပြည်ပမိတ်ဆွေများနှင့် တွေ့ဆုံသည့်အခါများတွင် သူတို့မေးကြသည်မှာ
အစိုးရက သူတို့ကို ပြန်လည်လွှတ်ပေးပါ့မလား ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
“သူတို့ကို ဇန်နဝါရီ ဒါမှမဟုတ် ၂၀၁၉ ခုနှစ် ဧပြီလမှာ ပြန်လွှတ်ပေးနိုင်ပါတယ်” ဟုသာ ကျနော် အမြဲပြန်ဖြေခဲ့ပါသည်။ မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီလ ၄ ရက်နေ့ ဝန်းကျင် သို့မဟုတ် မြန်မာ့ရိုးရာ နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကာလ ဧပြီလလယ်တွင် သူတို့ လွတ်လာနိုင်သည်ဟု ပိုပြီး တိကျအောင် ဖြေလ့ရှိသည်။ အကြောင်းကတော့ လွတ်လပ်ရေးနေ့ နှင့် နှစ်သစ်ကူး ကာလ တို့တွင် အစိုးရသည် နိုင်ငံအတွက် မင်္ဂလာရှိသော အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို ပြန်လွှတ်ပေးလေ့ရှိသောကြောင့်ဖြစ်သည်။
ကျနော့်၏ ကြိုတွက်ဆမှုကတော့ မေလ ၇ ရက်နေ့တွင် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ ပြန်လည် လွတ်မြောက်ခဲ့သည့်အချိန်တွင် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့မှစတင်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို အသုတ်လိုက် လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။
အကျဉ်းသား ၉၅၀၀ ကျော်ကို ဧပြီလ ၁၇ ရက်နေ့တွင် လွှတ်ပေးပြီး အကျဉ်းသား ၇၀၀၀ နီးပါးကို သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် ထပ်မံလွှတ်ပေးသည်။ ထို့နောက် မေလ ၇ရက်နေ့တွင် နှစ်သစ်ကူးအထိမ်းအမှတ် အကျဉ်းသားလွှတ်ပေးမှု နောက်ဆုံးအသုတ်အနေဖြင့် သမ္မတက အကျဉ်းသား ၆၅၂၀ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ထိုနောက်ဆုံးအသုတ်လွတ်မြောက်လာသူများတွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သာမက လူ့အခွင့်အရေးလှုပ်ရှားအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၃၀ဦးခန့် ပြန်လွှတ်မြောက်လာသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကမှ ထောင် ၇ နှစ်ချခံထားရသည့် အဆိုပါ သတင်းထောက်နှစ်ဦး ကို ၈ လအတွင်း မည်သည့်အတွက် ပြန်လွှတ်ပေးရပါသနည်း ဆိုသည့် အချက်ပင်ဖြစ်သည်။
ထိုအချက်ကို မှန်မှန်ကန်ကန် တွက်ဆနိုင်ရန် နောက်ခံနှင့်အသေးစိတ်အချက်အလက် အချို့ကို ဤနေရာတွင် ဖေါ်ပြလိုသည်။
၂၀၁၇ ခုနှစ်တွင် လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်ခဲ့မှုကို ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ စုံစမ်းဖေါ်ထုတ်ပြီးနောက် တပ်မတော်နှင့်ဆက်စပ်နေသော ရဲတပ်ဖွဲ့သည် ၎င်းတို့ကို ဖမ်းဆီးရန် ထောင်ချောက်ဆင်ခဲ့ကြသည်။ (သူတို့ကို ဖမ်းဆီးရေးအတွက် ထောင်ချောက်ဆင်ရန် စေခိုင်းခံရကြောင်း တရားလိုပြသက်သေတဦးဖြစ်သူ ဒုရဲမှူး ဦးမိုးရန်နိုင်က ဝန်ခံထွက်ဆိုခဲ့သည်။)
ဗြိတိသျှကိုလိုနီခေတ်က ပြဌာန်းထားခဲ့သည့် ၁၉၂၃ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ ဥပဒေ အရ ထိုသတင်းသမားများကို စွဲဆိုရန် ရဲတပ်ဖွဲ့ကို ကြီးကြပ်သော ပြည်ထဲရေး ဝန်ကြီးဌာနသည် သမ္မတထံမှ ခွင့်ပြုချက်ရယူသည်။ သို့သော် ထိုစဉ်က သမ္မတ ဦးထင်ကျော်မှာ ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် မရှိသောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည့် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ခွင့်ပြုခဲ့သည်။ ၂၀၁၈ စက်တင်ဘာလတွင် ထိုသတင်းထောက် နှစ်ယောက်ကို တရားရုံးက ထောင် ၇ နှစ်ချခဲ့သည်။ ထိုနေရာတွင် မြန်မာ့ တရားစီရင်ရေးမဏ္ဍိုင်၏ လွတ်လပ်မှု ရှိ မရှိ ဆိုသည့် အချက်ကလည်း သံသယ ရှိစရာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ရိုဟင်ဂျာ မွတ်ဆလင် ၁၀ ဦးကို သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိသည်မှာလည်း အမှန်တရားပင်ဖြစ်သည်။ ထိုသတင်းသမား ၂ ဦးကို စွဲချက်များတင်မည်ကိုလည်း ၎င်းတို့ မသိခဲ့ကြပေ။ သို့သော် နိုင်ငံ၏လက်ရှိ နိုင်ငံရေး အနေအထားအရ တပ်မတော်၏ လုပ်ရပ်၊ ဆုံးဖြတ်ချက်များ သို့မဟုတ် တရားစွဲဆိုမှုများကို အစိုးရက ဆန့်ကျင်ပြောင်းလဲအမိန့်ပေးဖို့ နိုင်ငံရေးအခြေအနေမဟုတ်ပေ။
ထို့ကြောင့် လက်ရှိ နိုင်ငံရေးစနစ် (သို့) ပကတိ နိုင်ငံအရေးအခြေအနေ၏ ရှုပ်ထွေးမှုကို သုံးသပ်ပြီးနောက် NLD အစိုးရသည် ၎င်းတို့ ၂ ဦးကို ပြန်လွှတ်ပေးရန် အချိန်ကောင်း စောင့်ဆိုင်းနေသည်ဟု ကျနော် ယူဆထားခဲ့ပါသည်။
အပေါ်ယံအားဖြင့်ကြည့်လျှင် အစိုးရသည် တိုင်းပြည်ကို စီမံအုပ်ချုပ်သည်မှာမှန်သည်။ လက်တွေ့တွင်မူ ကာကွယ်ရေးအပြင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအခန်းကဏ္ဍများတွင် တပ်မတော်က ပါဝင်ပတ်သက်ဖို့ လုပ်ပိုင်ခွင့်ရှိနေသည့် နိုင်ငံရေးအခြေအနေတွင် အစိုးရသည် တစုံတရာသော အတိုင်းအတာရှိသည့် အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်ထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ရိုက်တာသတင်းသမားများ အမှုတွင် တရားရေးလုပ်ငန်း အဆင့်ဆင့်ပြီးစီးသည်အထိနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သော ကာလကို စောင့်ရသည်။ ထိုကာလသည် အစိုးရအနေဖြင့် အခြားအကျဉ်းသားများနှင့်အတူ သတင်းသမား ၂ ဦးကို လွှတ်ပေးပြီး ကြားဝင်ဆောင်ရွက်ရန် တခုတည်းသော အခွင့်အလမ်းပင် ဖြစ်သည်။
ယခုနှစ် လွတ်ငြိမ်းသက်သာခွင့်၏ ရည်ရွယ်ချက်သည် ရိုက်တာ သတင်းသမား ၂ ဦးကို လွှတ်ပေးရန် အဓိကဖြစ်ပုံရသည်ဟု ကျနော် ယူဆပါသည်။ ထိုနည်းသည် ၂၀၁၆ ခုနှစ်မှ စတင်ပြီး လက်ရှိအစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေသည့် နည်းလမ်းပင်ဖြစ်သည်။
ရိုက်တာ သတင်းထောက် နှစ်ယောက် ပြန်လည်လွတ်မြောက်လာသည့် အချိန်အထိ သူတို့နှစ်ဦး လွတ်မြောက်ရေးတွက် ပြောကြားချက် များမှာ အမျိုးမျိုး အဖုံဖုံဖြစ်နေသည်။ ထိုသတင်းသမား ၂ ဦးကို လွှတ်ပေးရန် အစိုးရက ငြင်းဆန်နေသည်ဟု ဆိုကာ နိုင်ငံတကာအသိုင်းအဝန်းက စဉ်ဆက်မပြတ် တောင်းဆိုခဲ့သည်။ ထို့ကြောင့် ထိုကာလတွင် အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က သတင်းထောက်နှစ်ယောက် လွတ်ပေးရန် ဆန္ဒမရှိကြောင်း ပြောဆိုမှုများရှိခဲ့သည်။ သံတမန် အသိုင်းအဝန်း၊ တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများအကြား ထိုအတည်မပြုနိုင်သည့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေခဲ့ကြသည်။
ထိုထဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းသမား ၂ ဦးကို လွှတ်ပေးရန် မီးစိမ်းပြခဲ့သော်လည်း ထိုလုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သဘောမတူ ဟုပင် ပြောဆိုမှုများရှိခဲ့သည်။ ထိုကဲ့သို့သော ကောလဟလများသည် သံတမန်များ၊ နိုင်ငံရေးဝေဖန်သူများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ တက်ရောက်ကြသည့် ဧည့်ခံပွဲများတွင် ကြားနေရသည်။ ထိုကဲ့သို့သော သတင်းများက အတည်ပြုရန် ခက်ခဲသော်လည်း အဓိပ္ပါယ်ရှိသည်ဟု ယုံကြည်လက်ခံဖို့အတွက်လည်း မလွယ်ပါ။
မည်သို့ပင်ဆိုစေကာမူ ထိုသတင်းသမားများကို လွှတ်ပေးခြင်းအား သတင်းလွတ်လပ်ခွင့် သို့မဟုတ် ဂျာနယ်လစ်ဇင်အတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဟု မြင်လျှင်မှားမည်ဖြစ်သည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဤ ထူးခြားလှသောအမှုသည် သတင်းလွတ်လပ်ခွင့်နှင့် ထဲထဲဝင်ဝင် ပတ်သက်ခြင်းမရှိပေ။ ၎င်းတို့ ၂ ဦးကို လွှတ်ပေးခြင်းကြောင့် အစိုးရကို နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုကြသော်လည်း အစိုးရအနေဖြင့် သိက္ခာပြန်ဆယ်ရန် ကြိုးပမ်းမှုတရပ်ဟု မထင်ပါ။ တပ်မတော် သို့မဟုတ် အာဏာရှိသော အဖွဲ့အစည်းများက အနာဂတ်တွင် သတင်းသမားများကို တရားစွဲပါက အစိုးရသည် လက်ရှိ သုံးနေသည့် နည်းလမ်းအတိုင်း တရားရေးလုပ်ငန်းအဆင့်ဆင့်တွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် နည်းကိုသာ ကျင့်သုံးဖွယ်ရှိသည်။
ချွင်းချက်အနေဖြင့် အစိုးရက ခန့်အပ်သော နိုင်ငံရေးရာထူးများဖြစ်သည့် ဝန်ကြီးများ၊ ဝန်ကြီးချူပ်များက မီဒီယာကို အရေးယူရာတွင် နည်းလမ်းတကျ ဆောင်ရွက်ခြင်း မရှိသည့် အမှုများတွင်တော့ အစိုးရက ဝင်ရောက် စွက်ဖက်နိုင်သည်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းသမား ၃ ဦးကို တရားစွဲဆိုပြီး ဖမ်းဆီးသောအမှု။ သတင်းမီဒီယာ ဥပဒေတွင် ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန် သမ္မတက (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်သော) ဝန်ကြီးချူပ်ကို စာဖြင့် တရားဝင် တိုက်တွန်းသည်။ သတင်းမီဒီယာ ဥပဒေအရ ဝန်ကြီးချူပ်သည် မြန်မာစာနယ်ဇင်းကောင်စီသို့ တိုင်ကြားပြီး ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုရမည် ဖြစ်သည်။
ထို့အပြင် အစိုးရ၏ အန္တိမ နိုင်ငံရေး ရည်မှန်းချက်မှာ နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းလျှော့ချခြင်းဖြင့် ပြည့်ဝသော အရပ်သားအုပ်ချုပ်ရေးကို ထူထောင်ရန်သာ ဖြစ်နေသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ၏ အားထုတ်မှုကို တပ်မတော်နှင့်၎င်း၏ လွှတ်တော်တွင်းမှ မဟာမိတ်များ၏ အတိုက်အခံ ပြုလုပ်မှုများကို ကြည့်လျှင် တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ရှားရန် နောက်ထပ် နှစ်ပေါင်း အစိတ်၊ သုံးဆယ် ကြာကောင်းကြာဖွယ်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယခုအတိုင်းရှိနေသမျှ ကာလပတ်လုံး ရိုက်တာ သတင်းသမားများ ကဲ့သို့သော အမှုများကို မြန်မာပြည်ရှိ သတင်းသမားများ ဆက်လက်ကြုံတွေ့နိုင်ဦးမည်ဖြစ်သည်။ တပ်မတော်သည် ဧပြီလက ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ ဦးရဲနည်ကို အမှုဖွင့်ခဲ့သည်။ ကျနော်တို့က သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ တရားဝင်စာများ ပို့ခဲ့သော်လည်း အစိုးရက ကြားဝင်စွက်ဖက်ပုံ မရပေ။
ထို့ကြောင့် ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးခြင်းသည် သတင်းကောင်းဖြစ်သော်လည်း မြန်မာ့ မီဒီယာလောကအတွက် အပြောင်းအလဲ ကြီးကြီးမားမား ရှိမည့် သတင်းမဟုတ်ဟု ဆိုခဲ့ ခြင်းပင်ဖြစ်သည်။ ၎င်းတို့အလုပ်ကို ၎င်းတို့လုပ်ခြင်းအတွက် ဖမ်းဆီးထောင်ချခံရသော သတင်းသမားများ လွတ်မြောက်ရေးအတွက် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ကို မျှော်နေရခြင်းက ကောင်းမွန်သောကိစ္စ မဟုတ်ပေ။ မြန်မာပြည်ရှိ သတင်းသမားများ လိုအပ်နေသည်မှာ မိမိတို့အလုပ်ဖြစ်သည့် မှန်ကန်သည့်သတင်းရယူရေးသားတင်ပြခြင်းအတွက် မည်သူကမျှ မိမိတို့ကို တရားစွဲဆိုခြင်းမပြုနိုင်သော စနစ်ကျသည့် အကာအကွယ်သာဖြစ်သည်။
(ကျော်စွာမိုးသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း တာဝန်ခံ အကြီးတန်း အယ်ဒီတာ ဖြစ်သည်။ ၎င်း၏ Good News, but Not the News We Need ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ
သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင်
သမ္မတ လွတ်ငြိမ်းက သတင်းလွတ်လပ်ခွင့်နှင့် ရင်ကြားစေ့ရေး အပြုသဘောဆောင်လာစေသည်
နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ
ထောင်ဆူမှု သွေးရိုးသားရိုးဖြစ်စဉ်လို့ မမြင်ဘူး