အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေ ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံနေရချိန် တချိန်က လွတ် လပ်စွာထုတ်ဖော် ပြောဆိုခွင့်အတွက် ဒီမိုကရေစီရေး တောင်းဆိုရာမှာ ဦးဆောင်ခဲ့သူတွေ လွှတ်တော်ထဲမှာ ရောက်နေပေမယ့် သိပ်အသံမထွက်ဘဲ နှုတ်ဆိတ်နေကြပါတယ်။
နိုင်ငံတော် လျို့ ဝှက်ချက် ဥပဒေ၊ မတရား အသင်း ဆက်သွယ်မှု ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတွေနဲ့ သတင်းထောက်တွေဟာ အမှုတွေ ရင်ဆိုင်ခဲ့ရပြီး တချို့ သတင်းသမားတွေဟာ အချုပ်ထဲ၊ ထောင်ထဲကို ဝင်ခဲ့ကြရပါတယ်။ တကယ်တော့ ဒီလို တရားစွဲ ဆိုတာတွေထဲမှာ အစိုးရကိုယ်တိုင် ပါပြီး လက်ရှိမှာတော့ တပ်မတော်က စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။
အနည်းဆုံး သတင်းဌာန ၄ ခုလောက်ဟာ တပ်မတော်က တရားစွဲဆိုဖို့ ကြိုးစားတာကို ခံနေရပြီး တချို့က ရဲစခန်းမှာ၊ တချို့က တရားရုံးနဲ့ တချို့ကတော့ သတင်းမီဒီယာ ကောင်စီကနေ တဆင့် ပြန်ဖြေရှင်းတာမျိုးတွေ လုပ်နေရပါတယ်။
အခု နောက်ပိုင်းမှာတော့ သတင်းမီဒီယာတွေကို တရားစွဲဆိုထားတာ တပ်မတော်က ဖြစ်ပြီး NLD က အာဏာရတယ် ဆိုပေမယ့် အပြည့်အဝ မဟုတ်သေးဘဲ ဒီမိုကရေစီ နိုင်ငံလို့ အမည်ခံထားသော်လည်း အကန့်အသတ် များစွာခံနေရဆဲ ဖြစ်တယ်လို့ အာဏာရ ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လည်း မီဒီယာတွေအတွက် အဆိုတင်တာ၊ မေးခွန်းမေးတာနဲ့ ဥပဒေပြုဖို့ ဆိုတာတွေကျ တော့လည်း လုပ်ဖို့ ခက်ပြီး ၎င်းတို့မှာ မေးခွန်းပဲ မေးမေး၊ အဆိုပဲ တင်တင် ကိုယ့်ပါတီရဲ့ သဘောထားကို ယူရတာ၊ စိစစ်ခံရတာ မျိုးတွေ ရှိတာကြောင့် အကန့်အသတ်တွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (MPC) အဖွဲ့ ဝင်လည်း ဖြစ်သူ ဦးမြင့်လွင်က ပြောပါတယ်။
“အဲလို အနေအထားမှာ ပြောရရင်တော့ကွာ အဲလို ရှုပ်ရှုပ်ထွေးထွေး ကိစ္စတွေကို NLD လွှတ်တော် ကိုယ်စားလှယ်တွေက မကိုင်တော့ဘူးပေါ့။ ၃ နှစ်လောက် အတွေ့အကြုံ ရှိလာတော့ နည်းနည်းတော့ သိလာတယ်။ ကိုယ့်ပါတီရဲ့ ခေါင်းဆောင်တွေ၊ ကိုယ့်ပါတီရဲ့ သဘောထားကိုလည်း သိလာတဲ့အခါကျတော့ တော်ရုံတန်ရုံ တချို့ဟာတွေကိုလည်း သိပ်တွန်းတွန်းတိုက်တိုက် မလုပ်ဖြစ်တော့ဘူး”လို့ သူက ဆိုပါတယ်။
မြန်မာပြည်ရဲ့ လွှတ်တော်ဟာ နိုင်ငံတကာမှာလို အားကောင်းတဲ့ အခြေအနေမျိုးမှာ မရှိဘဲ အစိုးရရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်ပေးနေရတဲ့ အခြေအနေ၊ အစိုးရရဲ့ လုပ်ငန်းတွေကို ထိန်းရမယ့်နေရာမှာ မထိန်းဘဲ အစိုးရကို ပံ့ပိုးပေးနေရတဲ့ အခြေအနေမျိုး မှာ ရှိတာကြောင့် သတင်းထောက်တွေရဲ့ ကိစ္စနဲ့ ပတ်သက်ရင် လွှတ်တော်က အစိုးရ ငြိငြင်မှာကို ကြောက်နေတဲ့ အခြေအနေမျိုး ရှိတယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
“ကိုယ်စားလှယ်တွေက သတင်းထောက်တွေ ဘက်ကတော့ ကိုယ်ချင်းစာတရား ရှိတယ်။ သတင်း လွတ်လပ်မှုဆိုတဲ့ဟာကို ဖော်ဆောင်ပေးချင်တယ်ပေါ့။ သို့သော် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်ချင်းကလည်း ပါတီရဲ့ အရှိန်အောက်က နေပြီးတော့ ကိုယ်စားလှယ် ဖြစ်လာကြတာပါ။ အဲဒီအခြေအနေမှာ ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပုဂ္ဂိုလ်က နိုင်ငံတော်ကို အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက် ပါတီခေါင်းဆောင်ဖြစ်သူတွေ ငြိုငြင်သွားမှာကို မလိုလားကြဘူး။ အဲဒါကြောင့်ပါ”ဟု ၎င်းက ရှင်းပြသည်။
၎င်းက ဆက်၍ “အစိုးရအပေါ်မှာလည်း အများကြီး မူတည်တာပေါ့။ ပြောရရင် ဒီကိစ္စက လွှတ်တော်နဲ့လည်း သိပ်မပတ်သက်ပါဘူး။ နိုင်ငံတကာမှာလည်း လွှတ်တော်က သတင်းထောက်တွေကို လွှတ်စေတို့၊ မဖမ်းပါနဲ့လို့ ပြောလို့ မရဘူး။ အုပ်ချုပ်ရေး အာဏာရဲ့ သက်ရောက်မှုက တအားပြင်းထန်တယ်။ အစိုးရမှာတော့ အများကြီး တာဝန်ရှိတယ်။ အစိုးရလုပ်မှ ရမယ်လို့ ကျနော်တို့က ယူဆတယ်”ဟု ပြောသည်။
နောက်တချက်ကတော့ တပ်မတော်နဲ့ ပတ်သက်လာရင် အစိုးရ၊ လွှတ်တော်တို့ ကိုယ်တိုင် သတိထားနေရတဲံ အခြေအနေမှာ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ သရေကွင်းလို ဥပဒေတွေကို တပ်မတော်က ကောင်းကောင်း အသုံးချပြီး ဆောင်ရွက်နေတာကြောင်း သတင်းထောက်တွေမှာလည်း လုပ်ရကိုင်ရ ခက်တာ နားလည်တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
“တပ်နဲ့ပတ်သက်ရင် သတိထားရတယ်။ သူတို့ကိုယ်တိုင်ကလည်း Sensitive ဖြစ်နေတယ်။ တချို့ဟာတွေကလည်း တို့ခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်ကခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ရှိတယ်။ ဘာညာဆိုတာလည်း ငါတို့က သိပ်မသိတဲ့ အခါကျတော့ အရိပ်အကဲ သိပ်နားမလည်ဘူး ဖြစ်နေတာပေါ့။ အဲလို ဖြစ်နေတဲ့အခါ သိပ်ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေဆိုရင် ငါတို့က သွားမထိတော့ဘူး”လို့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။
သတင်းမီဒီယာနဲ့ ဆိုင်တဲ့ အစည်းအဝေးတခုမှာ သတင်းထောက်တယောက်က ၎င်းမှာ ရက္ခိုင့် တပ်မတော် (AA) နဲ့ ဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေ စာအုပ်ထဲမှာ ပါလာတဲ့အကြောင်း၊ အဲဒါဆိုရင် ဖမ်းမှာလားလို့ မေးခွန်းထုတ်တာကို ရဲတပ်ဖွဲ့ က ရဲမှူးကြီး တယောက်က အဲဒီလို အပြောမခံဘဲ စိတ်ဆိုးတာကို သူတွေ့ ဖူးတယ်လို့ ဆိုပါတယ်။
“အဲဒီတော့ ဖုန်းနံပါတ် ရှိတယ်လို့ ပြောရင်တောင် အန္တရာယ်ရှိတဲ့ တိုင်းပြည် ဖြစ်နေတယ်။ အဲလို အခြေအနေမျိုးကြီးကတော့ ပုံမှန် မဟုတ်ဘူး။ လုပ်ရကိုင်ရ ခက်တဲ့ အနေအထားမှာ တပ်က အခြေအနေပေါ် ကြည့်ပြီးတော့ သူတို့အတွက် သိပ်မလိုလားတဲ့ နည်းနည်း ကျွံသွားတယ်ဆိုရင်ကို မလုပ်စေချင်တဲ့ဟာ သွားလုပ်တဲ့ မီဒီယာဆိုရင် သူတို့က နည်းနည်း ကျောင်းမှန်း ကန်မှန်းသိအောင် စွဲတဲ့ သဘော ဖြစ်နေတယ်။ မစွဲချင်လည်း မစွဲဘူး”လို့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ထောက်ပြပါတယ်။
သတင်း မီဒီယာတွေကို အစိုးရ၊ လွှတ်တော်တို့က ကူညီနိုင်ဖို့ ဆိုတာထက် သူတို့မှာတောင် အခြေခံ ဥပဒေ ကိစ္စတွေ အပါအဝင် တခြားကိစ္စတွေမှာ တပ်မတော်နဲ့ အားပြိုင်နေရလို့ တခြားကိစ္စတွေထက် မီဒီယာတွေကို အရေးတကြီး ထားမယ်လို့ မထင်ကြောင်း ရန်ကုန်မြို့က သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။
“ရိုက်တာ သတင်းထောက်တွေ လွတ်ပေးလိုက်တဲ့ ကိစ္စမှာတောင် သေချာမသိပေမယ့် တပ်နဲ့ သူ့ရဲ့ အားပြိုင်မှုရဲ့ ကစားကွက် တကွက်လားလို့တောင် စဉ်းစားစရာ ရှိတယ်။ သက်သေ အထောက်အထား မရှိပေမယ့် နိုင်ငံရေးဘက်က ကြည့်ရင်တော့ တရားစွဲတဲ့ ကိစ္စတွေမှာတော့ ဝင်ပါဖို့၊ ပြောပေးဖို့တော့ ကျနော် သိပ်ပြီး မမျှော်လင့်ထားဖူး”လို့ ဦးမြင့်ကျော်က ပြောပါတယ်။
တပ်မတော်က တရားစွဲဆိုရတာဟာ မီဒီယာတွေရဲ့ ရပ်တည်ရေးသားချက်တွေ ပေါ်မှာ မူတည်နေပြီး ဘယ်လို ရည်ရွယ်ချက်နဲ့ ရေးသားတာလဲဆိုတာ အရေးကြီးတယ်လို့ တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ပြောသာပြောတာ တပ်မတော်က တရားစွဲတာကိုသာ Highlight လုပ်နေတာ။ ဒီလို တရားစွဲတဲ့ အမှု ၃၀ ကျော်မှာ တပ်မတော်က တရားစွဲတာ ၄ မှု ပဲ ရှိ တယ်။ အစိုးရက တရားစွဲထားတာ ၁၈ မှု ရှိတယ်။ အဲဒါကျ မပေါ်လွင်ဘဲနဲ့ တို့ တပ်မတော်ကိုပဲ Highlight လုပ်နေကြတယ်။ သိပ်ပြီးတော့ တရားမမျှတဘူး ထင်တယ်”လို့ သူက ဆိုပါတယ်။
ဒါပေမယ့် သူပြောတဲ့ အမှုတွေဟာ မီဒီယာကိုပဲ သီးသန့် ပြောတာဖြစ်ပြီး ဒေါင်းတို့ မျိုးဆက်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ တခြား အမှုတွေ မပါဘူးလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာတောင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြဌာန်းထားပေးမယ့် နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အမျိုးသား အကျိုးစီးပွားကို ထိခိုက်မယ်ဆိုရင်တော့ လက်မခံကြောင်း၊ အခြေခံ ဥပဒေမှာတောင် အကန့်အသတ်တွေ ပါနေတာကို မီဒီယာသမားတွေ သတိထားဖို့ လိုမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်က တပ်မတော်နဲ့ ပတ်သက်တဲ့ကိစ္စ အဝဝကို လွတ်လပ်စွာ စီရင်ဆုံးဖြတ် ဆောင်ရွက် ပိုင်ခွင့်ရှိတာကြောင့် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှပဲ ထိထိရောက်ရောက် ဝင်ရောက်ပြောဆို ထိန်းကျောင်းလို့ရမှာ ဖြစ် ကြောင်း၊ အခုချိန်မှာ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေဘောင်ဝင်နေတဲ့အတွက် ဝင်ရောက် ပြောဆိုပေးဖို့ အစီအစဉ် မရှိဘူးလို့ အာဏာရ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
“တပ်မတော်နဲ့ ပတ်သက်ရင်တော့ ကျနော်တို့က တိုက်ရိုက် ကူညီပေးလို့ မရဘူး။ သတင်းမီဒီယာကောင်စီမှာ တင်ပြပြီးတော့ ညှိနှိုင်းတာကတော့ ကျနော်တို့ မူဝါဒနဲ့ပိုပြီး ကိုက်ညီတာပေါ့။ သို့သော် ကျနော်တို မူဝါဒအတိုင်းပဲ ဖြေရှင်းဖို့ တပ်မတော်ကိုတော့ အခုချိန်မှာ ပြောဖို့ မဖြစ်နိုင်ပါဘူ။ ပုဒ်မအမျိုးမျိုးစွဲတာက တမှုချင်းအလိုက်ပဲ အကြောင်းအရာပေါ် မူတည်ပြီးမှ ဖြေကြားရမှာပါ။ ကျနော်က အချက်အလက်တွေ အတိအကျမသိဘဲနဲ့ မှတ်ချက်မပေးပါဘူး”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။
သတင်းမီဒီယာတွေ ကိုယ်တိုင်မှာလည်း နှစ်ပေါင်း များစွာ စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရလို့ ပရော်ဖက်ရှင်နယ် ဆန်ဆန် မလုပ်နိုင်သေးတဲ့အပိုင်းတွေ ရှိနေချိန်မှာ အစိုးရ၊ တပ်မတော်တို့နဲ့ ပွတ်တိုက်မှုတွေ ရှိတဲ့အခါ တရားတဘောင်လမ်းကို တန်းပြီး ဦးမတည်ဘဲ ကြားခံ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းမီဒီယာ ကောင်စီလို နေရာမျိုးကနေ တဆင့် အရင် ဖြေရှင်းကြဖို့ သတင်းသမားတွေက လိုလားနေကြပါတယ်။
အရှေ့တောင် အာရှ နိုင်ငံတချို့ အပါအဝင် နိုင်ငံတကာမှာ သတင်းထောက်တွေကို အစိုးရက ချက်ခြင်း အရေးယူတာမျိုး မရှိဘဲ ကြားခံ သတင်းမီဒီယာ အဖွဲ့ အစည်းတွေကတဆင့် အရင် ညှိနှိုင်းတာမျိုး ရှိလို့ ဒီအလေ့အကျင့်ကို လိုလားနေကြတာပါ။
အခု မြန်မာပြည်ရဲ့ လွှတ်တော်ကတော့ သတင်းမီဒီယာကို စိတ်ပါဝင်စားမှု ရှိသလားဆိုရင် လွှတ်တော်မှာ သတင်းမီဒီယာနဲ့ သက်ဆိုင်တဲ့ သီးခြားကော်မတီတောင် မရှိပါဘူး။ ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်တဲ့ မဏ္ဍိုင်ကြီး ၄ ရပ် တွေ့ ဆုံပွဲမှာဆိုရင်လည်း လွှတ်တော်ဘက်က ညွှန်ချုပ်၊ ညွှန်ကြားရေးမှူးလို တာဝန်ရှိသူတွေ လာတက်တာမျိုး မရှိပါဘူး။
ယခု သမ္မတ ဦးဝင်းမြင့်ဟာ ယခင် ၎င်းလွှတ်တော် ဥက္ကဌ ဘဝက လွှတ်တော် အစည်းအဝေး တကြိမ် ယာယီရပ်နားတိုင်း သတင်းထောက်တွေကို တွေ့ဆုံလေ့ ရှိပေမယ့် အခု ဥက္ကဌ ဦးတီခွန်မြတ်ဟာ မီဒီယာတွေနဲ့ တွေ့ဆုံဖို့ စိတ်ပါပုံ မရပါဘူး။ ဒါကြောင့် အခုချိန်ထိ တကြိမ်မှ မီဒီယာတွေနဲ့ တွေ့ ဆုံတာမျိုး မလုပ်ပါဘူး။
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “လွှတ်တော်ဘက်က သတင်းထောက်တွေအတွက် ပြောပေးတယ် ဆိုရင်လည်း သိပ်ထိရောက်တဲ့ဟာမျိုး မဖြစ်လာနိုင်ဘူး။ ထိလည်း မထိရောက်ဘူး။ နောက်တခါ တဦးတယောက်ချင်းအနေနဲ့ ကြည့်ရင် အစိုးရပိုင်းက မကြိုက်ဘူး ဖြစ်နေမလားဆိုတဲ့ အတွေးနဲ့ တကယ်မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီဖက်ပိုင်းမှာတော့ စိုးရိမ်စိတ်ကတော့ အဲဒါပေါ့နော်။ အဲဒီအခါကျတော့ ပြောဖို့ နှုတ်ဆိတ်နေကြတာပေါ့”လို့ ပြောပါတယ်။
နောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာတဲ့အချိန်မှာ ကိုယ့်ပါတီရဲ့ မူဝါဒအောက်ကနေပဲ သေသေဝပ်ဝပ် သပ်သပ်ရပ်ရပ် နေရမယ့် အနေအထားမျိုး ရှိပြီး အရေးကြီးဆုံးကတော့ နောင်ရွေးကောက်ပွဲတွေ NLD ဆက်နိုင်ပြီး အနည်းဆုံး သက်တမ်း ၃ ဆက် လောက်နိုင်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ခိုင်မာမယ့် သဘောရှိတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။
“အဲလို အနေအထားမျိုးမှာ တို့ပါတီက လွှတ်တော်အမတ်တွေကတော့ သိပ်ပြီး Risk ယူပြီးတော့ အဲကိစ္စတွေကို မေးတာတို့၊ အဆို တင်တာတို့ လုပ်မှာ မဟုတ်တော့ဘူးလေ။ ကျန်တဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မပြောတတ်ဘူး”လို့ ဦးမြင့်လွင်က ဆိုပါတယ်။
သတင်း မီဒီယာတွေကို နိုင်ငံရဲ့ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေက မကူညီချင်တဲ့အချိန်မှာ မီဒီယာကို တရားစွဲလိုတဲ့ အဖွဲ့ တွေက တခါတည်း အချုပ်ခံရပြီး အာမခံ မရနိုင်တဲ့ ပုဒ်မမျိုးတွေကို သုံးလာကြပြီး ကြောက်လန့်သွားအောင်၊ ရေးသားမှုတွေ လျော့သွားအောင် လုပ်ဆောင်လာကြပါတယ်။
တပ်မတော် အပါအဝင် လုံခြုံရေး အဖွဲ့ အစည်းတွေက တရားစွဲခံရတဲ့အခါ စိတ်ညစ်ပြီး ဖိအားတွေ မခံနိုင်လို့ သတင်းမီဒီယာ လောကကို ယာယီ စွန့်ခွာသွားသူတွေ အပြီးစွန့်ခွာသွားသူ သတင်းသမားတချို့လည်း တကယ်ရှိနေပါပြီ။
အဲဒီလို အခြေအနေမျိုးမှာ နောက်ဆုံး အားကိုးစရာ ဖြစ်တဲ့ တရားရေးမဏ္ဍိုင်ကလည်း အစိုးရအကြိုက် လိုက်လုပ်နေတာမျိုးကြောင့် အစိုးရက ထောင်ကျစေချင်တယ်လို့ ယူဆရင် လွတ်လပ်စွာ တရားစီရင်ရေး မရှိဘဲ ထောင်ချပစ်နေတာမျိုးတွေ တွေ့ နေရတယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေဟာ ကောင်းပေမယ့် နိုင်ငံတော် လျို့ ဝှက်ချက် ပေါက်ကြားမှု၊ နိုင်ငံတော် ပုန်ကန်မှု ဆိုတာမျိုးတွေကိုကျတော့ လိုသလိုစွဲ အဓိပ္ပါယ်ဖွင့်ပြီး တရားရုံးတွေကို စွဲတင်လာတဲ့အခါမှာ တရားသူကြီးတွေဟာ ကျန်တဲ့ ဆင်းရဲသား ပြည်သူလူထုကို မတရားလုပ်ထားတဲ့ ကိစ္စက ရှိနေတော့ သူကိုယ်တိုင် အပြစ်ရှိနေချိန်မှာ နိုင်ငံရေးအမှုတွေ ဆွဲတင်လာတဲ့အခါ အစိုးရ အကြိုက်ကို လုပ်ပေးတော့တာပဲလို့ ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။
“လူတယောက်ရဲ့ ဘဝကို ဖျက်ဆီးဖို့အတွက် တရားရုံးတွေက ဝန်မလေးပါဘူး။ ဒါက ကျနော်တို့နိုင်ငံရဲ့ ထုံးစံပဲ။ သတင်းထောက်တွေ ဖြစ်တဲ့အခါကျမှ ဟိုးလေးတကျော် ဖြစ်ကြပေမယ့် ကျန်တဲ့ဆင်းရဲသား ပြည်သူလူထုမှာလည်း နေ့စဉ် ဒုက္ခတွေ ရင်ဆိုင်နေရတာပေါ့။ သတင်းထောက်တွေ အပါအဝင် ပြည်သူတရပ်လုံး ခံစားနေရတယ်လို့ ကျနော်တို့ ယူဆတယ်။ မီဒီယာ ကိစ္စတင် မဟုတ်ပါ ဘူး။ ကျန်တဲ့ ကိစ္စတွေ အသီးသီးမှာလည်း လျစ်လျူရှုခံနေရတာ။ တရားရေးမဏ္ဍိုင်က ဘယ်လိုမှ အကာအကွယ် မရဘူး”လို့ သူက ပြောပါတယ်။
သူက ဆက်၍ “အဲတော့ အစိုးရနဲ့ တည့်အောင်နေ၊ တည့်အောင် မနေလို့ရှိရင် ပြစ်ဒဏ်ကြီးကြီး ကျနိုင်တယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေတာပေါ့နော်။ ဒါကတော့ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူးပေါ့။ ဒီဟာကို ထိန်းဖို့အတွက် နိုင်ငံတကာမှာတော့ လွှတ်တော်နဲ့ တရားရေး မဏ္ဍိုင်က ပြန်ထိန်းတာပေါ့။ ဒီနိုင်ငံမှာတော့ ထိန်းနိုင်တဲ့ အခြေအနေမှာ လုံးဝ မရှိ ဖြစ်နေတယ်လို့ ယူဆပါတယ်”လို့ ပြောသည်။
အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနကမူ သတင်းထောက်များ အဖမ်းခံရမှုများနဲ့ ပတ်သက်ပြီး အချင်းချင်း ပွတ်တိုက်မှုများ ရှိပါက အရင်ဆုံး ညှိနှိုင်းဖြေရှင်းရမည့် Mechanism တခုရအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်မျိုး ပေါ်ပေါက်လာရန် တရားစွဲခံရသူ၊ နစ်နာသူများက ကမကထ လုပ်ပေးဖို့ လိုတယ်လို့ ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ပြောဆိုခဲ့ပါတယ်။
“အဲဒီ Mechanism တခုရဖို့ တည်ဆောက်တဲ့ကိစ္စကို ကမ္မကထပြုရင် ကျနော်တို့လည်း ပါဝင်လို့ ရတယ်။ အဲ့ဒါဆိုရင် ဖြစ်တာနဲ့ ချက်ချင်း ညှိနှိုင်း ဆောင်ရွက်ရင်တော့ အခုထက်ပိုပြီး အဆင်ပြေတဲ့ အနေအထားတခုကို ရလိမ့်မယ်လို့ ကျနော်တော့ မြင်တယ်”ဟု ဒေါက်တာ ဖေမြင့်က ပြောဆိုခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
သတင်းကောင်းဖြစ်လည်း ကျနော်တို့ လိုအပ်တဲ့ သတင်းမဟုတ်သေး
သတင်း လွတ်လပ်ခွင့် အပေါ် သတင်းစာဆရာများရဲ့ အမြင်
နှစ်ကာလများကို သတင်းမီဒီယာ ဖြတ်သန်းခြင်
Reuters သတင်းထောက် ၂ ဦး လွှတ်ပေးမှု အစိုးရ နာမည်ကောင်းရ