တကမ္ဘာလုံးမှာ နေရာလပ်မကျန် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ် Covid -19 ကပ်ရောဂါဘေးဟာ တရက်ထက် တရက်ကို ပိုပြီး စိုးရိမ်ဖွယ်ရာ အခြေအနေများနဲ့ ရင်ဆိုင်နေကြရပါပြီ။
၂၀၁၉ ခုနှစ် အကုန်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ဖြစ်ပွား ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ကျောင်းစာသင်ခန်းများဟာလည်း နိုင်ငံအတော်များများမှာ ပိတ်ထားလိုက်ရပါပြီ။ ကပ်ရောဂါ ဖြစ်ပွားတာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပညာရေးကို ပုံစံပြောင်းလဲလိုက်ရပါပြီ။ ရေရှည်မှာ ဘယ်လိုဖြစ်လာမှာလဲ၊ ဘာတွေပြောင်းလဲ လာမလဲ၊ အကောင်းတွေက ဘာတွေလဲ၊ အဆိုးတွေက ဘာတွေလဲ။ မြန်မာနိုင်ငံရဲ့ ပညာရေးအတွက် ဘာတွေပြင်ဆင် ထားရှိသင့်ပါသလဲ။ နိုင်ငံတကာ ဘာတွေ သင်ခန်းစာ ရယူနိုင်မလဲ။
ကမ္ဘာ့တိုက်ကြီးအသီးသီးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ အလျင်အမြန်ပဲ ပျံ့နှံ့ခဲ့တာနဲ့အတူ နိုင်ငံအသီးသီးကလည်း ကပ်ရောဂါကို ကာကွယ် တားဆီးဖို့ရာအတွက် အချိန်နဲ့တပြေးညီ မူဝါဒတွေ အသစ်ရေးဆွဲ၊ ဆုံးဖြတ်ချက်တွေချမှတ်ပြီး လူထုလုပ်ငန်းများကို ချက်ခြင်းပဲ ဆောင်ရွက်ကြရပါတော့တယ်။ ကြောက်စရာကောင်းလှတဲ့ ကပ်ရောဂါရဲ့ အန္တရာယ်ဆိုးကို လျော့ပါးသက်သာစေဖို့ဟာ အဓိကပါပဲ။
၂၀၂၀ ခုနှစ် မတ်လ ဒုတိယအပတ်လောက်ကစတင်ပြီးတော့ စာသင်ကျောင်းများနဲ့ ကောလိပ်၊ တက္ကသိုလ်တွေကို ပိတ်ပစ်လိုက်ပြီဆိုတဲ့သတင်းတွေကို နိုင်ငံအတော်များများက ထုတ်ပြန်လာကြပါတယ်။ အခုဆိုရင်တော့ (ဧပြီလ ၂၁ ရက်၊ ၂၀၂၀ နေ့အထိ UNESCO စာရင်းအရ) နိုင်ငံ ၁၉၁ နိုင်ငံမှာ ကျောင်းသားပေါင်း ၁ ဒသမ ၆ ဘီလီယံဟာ ကျောင်းမတက်ရတော့ပါဘူး။ ကမ္ဘာ့ကျောင်းသားဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။
အခုဆိုရင် ကူးစက်သူ ဦးရေ ၁၄၆ ဦးအထိ ရှိလာနေပြီး လော့ဒေါင်းနယ်မြေ ကျယ်ဝန်းလာနေတဲ့ မြန်မာနိုင်ငံအတွက်လည်း ကျောင်းတွေ သမားရိုးကျ ပုံမှန် ပြန်ဖွင့်နိုင်ဖို့ရာ မသေချာလှပါဘူး။ ပုံမှန် မေလလယ်လောက်မှာ စတင်ဖွင့်လှစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ကျောင်းတွေကို ဇူလိုင်လကုန်အထိ ပိတ်ထားကြောင်း ထိုင်းအစိုးရ ကြေညာထားပါတယ်။
အစိုးရများရဲ့ ဒီလိုမျိုး ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့ ဆုံးဖြတ်ချက်တွေဟာ သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေကို home-schooling လို့ ခေါ်တဲ့ (အိမ်ကျောင်း) အခြေအနေတစ်ခုဆီ တွန်းပို့တာပါပဲ။ အိမ်မှာပဲနေထိုင်ပြီး ကျောင်းသင်ခန်းစာတွေ၊ ဘာသာရပ်တွေကို မိဘများက ကြပ်မတ်လို့ လေ့လာတာပါ။ ကိုဗစ် ၁၉ ဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ အမေရိကန်၊ ယူကေတို့လို နိုင်ငံတွေမှာ ကျောင်းတွေ ပိတ်လိုက်ရပြီဖြစ်တဲ့အတွက် ဒီလို home-schooling ကို လုပ်နေကြပါပြီ။
အဆင်မပြေမှု အများကြီးကိုပဲ ကြုံတွေ့ကြရပါတယ်၊ တချိန်တည်းမှာပဲ ပညာရေးနည်းနာ အသစ် နမူနာတွေ ပေါ်ထွက်လို့ လာပါတော့ယ်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ရမှုဟာ ပညာရေးစနစ်တွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာမလဲဆိုတာကို ရေရေရာရာ မသိနိုင်ကြသေးပါဘူး။ သို့ပေတဲ့ သင်ကြားခြင်းနဲ့ သင်ယူမှုအပေါ်မှာ လမ်းသစ်၊ နည်းနာအသစ်နဲ့ ဒစ်ဂျစ်တယ်ပညာရေးစတဲ့ ပြောင်းလဲမှု အရှိန်အဟုန် အကြီးကြီးတွေရဲ့ သက်ရောက်မှုတွေ ဖြစ်လာဖို့ရာ ရှိနေပါပြီ။
ဒီနေရာမှာ သိပ်မဝေးလှတဲ့ အနာဂတ်ကာလမှာ ရင်ဆိုင် ကြုံတွေ့ရတော့မယ့် ဖြစ်နိုင်ချေ ပညာရေးလမ်းကြောင်း ၃ သွယ်ကို တင်ပြ ဆွေးနွေးလိုပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ဂလိုဘယ်အာဂျင်ဒါမှာ ပညာရှင်နှစ်ဦးရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။
၁။ ပညာရေးဟာ ပြောင်းလဲဖို့ရာ တကယ်ပဲ လိုအပ်နေပြီဆိုတဲ့ တိုက်တွန်းမှုတွေကြောင့် အံသြဖွယ်ရာ ဆန်းသစ်မှုတွေကို ရရှိလာပါလိမ့်မယ်။
ပညာရေး အဖွဲ့အစည်းများနဲ့ ကောလိပ်၊ တက္ကသိုလ်တွေရဲ့ နှေးကွေးလှတဲ့ ပြောင်းလဲမှုနှုန်းကတော့ စိတ်ပျက်စရာပါ၊ ဒါဟာ တကမ္ဘာလုံး ရင်ဆိုင်နေရတာလည်းဖြစ်တယ်။ ရာစုနှစ်များစွာ အိုဟောင်းကြာမြင့်ခဲ့ပြီး လက်ချာအခြေပြု သင်ကြားနည်းလမ်းတွေ၊ အင်စတီကျူးရှင်းများရဲ့ မပြောင်းလဲနိုင်တဲ့ ဘက်လိုက်မှုတွေနဲ့ ခေတ်မမီတော့တဲ့ စာသင်ခန်းတွေပါပဲ။ သို့ပေတဲ့ ကမ္ဘာပေါ်က ပညာရေး အင်စတီကျူးရှင်းတွေဟာ နည်းလမ်းအသစ်နဲ့ ဖြေရှင်းမှုတွေကို ရှာဖွေကြဖို့ရာ ကိုဗစ် ၁၉ ကပ်ရောဂါက တွန်းအားဖြစ်စေခဲ့ပါပြီ။ ဒါကတော့ အချိန်တိုတိုလေး အတွင်းမှာ လုပ်ဆောင်ကြရတော့မှာပါ။
ဗိုင်းရပ်စ်ပိုး ပျံနှံ့မှုကို တုန့်နှေးသွားစေဖို့ရာ ဟောင်ကောင်ကျောင်းသားတွေဟာ ဖေဖေါ်ဝါရီလမှာကတည်းက အိမ်ကနေ ကျောင်းစာ လေ့လာမှုတွေ စတင်ခဲ့ကြတယ်။ အပြန်အလှန် ဆက်သွယ်နိုင်တဲ့ အပ်ပလီကေးရှင်းတွေကို အသုံးပြုကြပါတယ်။ ရောဂါပိုး စတင်ခဲ့တဲ့ တရုတ်ပြည်မှာတော့ ကျောင်းသား သန်း ၁၂၀ ဟာ လိုက်ဖ်လွှင့်တင်နေတဲ့ တီဗွီချန်နယ်တွေကနေ ကျောင်းသင်ခန်းစာတွေကို လက်လှမ်းမီ သင်ယူ ဆည်းပူးကြပါတယ်။
ဒီထက်ကို ပိုပြီး ရိုးရှင်းပေမယ့် ဆန်းသစ်တီထွင်ထားတဲ့ ဖြေရှင်းနည်းများနဲ့လည်း တကမ္ဘာလုံးမှာ အသုံးပြုနေကြပါပြီ။ နိုင်ဂျီးရီးယားနိုင်ငံက စာသင်ကျောင်း တကျောင်းမှာတော့ ကိုယ့်ဖာသာ သီးသန့် လေ့လာနိုင်တဲ့ အွန်လိုင်း သင်ယူရေး ကိရိယာ (ဥပမာ – Google Classroom က စာဖတ်သင်ခန်းစာ) ကို အသုံးပြုလေ့လာကြပြီး စုဖွဲ့၊ မျက်နှာချင်းဆိုင် ညွှန်ကြားချက်များနဲ့ အွန်လိုင်းကထပ်ဆင့် လေ့လာနိုင်ဖို့ စီစဉ်ထားကြတယ်။ ကျောင်းတွေ ပိတ်ထားရမယ့် အခြေအနေကို ကာကွယ်ပြင်ဆင်မှုဖြစ်တယ်။
လီဘာနွန်နိုင်ငံက စာသင်ကျောင်း တကျောင်းမှာလည်း ကျောင်းသူကျောင်းသားတွေဟာ အွန်လိုင်းကနေ သင်ယူလေ့လာမှု online learning ကို တိုးမြှင့် လုပ်ဆောင်နေကြပြီ။ ကာယပညာ ဘာသာရပ်လိုမျိုးတွေလည်း အပါအဝင်ပါ။ အားကစားနဲ့ ကာယ လေ့ကျင့်မှုတွေကို ကျောင်းသားတွေဟာ ကိုယ်တိုင် လေ့ကျင့်ပြီး ဗွီဒီယို ရိုက်ကူးလို့ ဆရာဆရာမတွဆီကို “အိမ်စာ” အနေနဲ့ ပို့ပေးကြပါတယ်။
ကာယပညာအပြင် ဒစ်ဂျစ်တယ်စွမ်းရည် အသစ်ကိုလည်း ကျောင်းသားများဟာ မဖြစ်မနေ လေ့လာဖို့ လိုအပ်လာပြီ။ ကျောင်းသားမိဘတဦးက အခုလို မှတ်ချက်ပြုပါတယ်။ “အားကစား လေ့ကျင့်ခန်းက မိနစ်အနည်းငယ်လောက်ပဲ ကြာမြင့်တာ ဖြစ်ပေမယ့် ကျမရဲ့ သားဟာ ဗွီဒီယိုရိုက်ကူးဖို့ ၃ နာရီလောက် ကြာမြင့်ခဲ့တယ်။ ဗွီဒီယိုကလစ်ကို တည်းဖြတ်ပြီး လိုအပ်တဲ့ ဖေါ်မတ်ချလို့ သူ့ရဲ့ ဆရာမဆီကို ပို့ပေးတာပါ။”
5G နည်းပညာကို ပိုမို လက်လှမ်းမီလာတဲ့ တရုတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေမှာ “အချိန်မရွေး နေရာမရွေး ပညာသင်ယူနိုင်မှု” ဆိုတဲ့ ဒစ်ဂျစ်တယ်ပညာရေး အယူအဆဟာ လက်တွေ့ကျကျနဲ့ ကျယ်ပြန့်လာတာကို တွေ့မြင်ရပါတော့မယ်။ အစဉ်အလာ၊ သမားရိုးကျ၊ ရှေးဟောင်းနည်းလမ်းဖြစ်တဲ့ လူကိုယ်တိုင် တက်ရောက်ရတဲ့ စာသင်ခန်းမှာ သင်ယူရတဲ့ အခြေအနေကို သင်ယူလေ့လာမှု ပုံစံအသစ်များနဲ့ ပေါင်းစပ်ထားရှိမှုတွေပါ။ လိုက်ဖ်လွှင့်တင်မှုကနေ “ပညာရေးအင်ဖလူအင်ဇာ” မှသည် ဗာကျုရယ်စာသင်ခန်း VR သင်ယူမှု အတွေ့အကြုံတွေ အထိပါပဲ။ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရင်းပဲ သင်ယူလေ့လာမှုဟာ တပါတည်း ပါဝင်တာတဲ့ ဓလေ့သစ် တမျိုး ဖြစ်လာပါလိမ့်မယ်။ တကယ့်စစ်မှန်တဲ့ ဘဝနေနည်း တရပ်လို့လည်း ဆိုကြပါတယ်။
၂။ ပုဂ္ဂလိက- အစိုးရ ပညာရေး ဖက်စပ်ဆောင်ရွက်မှုဟာ ပိုပြီးတော့ အရေးပါလာမယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သင်ယူမှုဆိုင်ရာ ပေါင်းစပ်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းအဖွဲ့အစည်းတွေဟာ အသွင်အပြင်တမျိုးနဲ့ ပေါ်ထွက်လာနေပါတယ်။ မတူကွဲပြားတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုဂ္ဂိုလ်အမျိုးမျိုးတို့ ပါဝင်လာပါတယ်။ အစိုးရများ၊ စာအုပ်ထုတ်ဝေသူများ၊ ပညာရေးသမားများ၊ နည်းပညာ အထောက်အကူပြုသူများ၊ တယ်လီကွန်နက်ဝါက့် ကျွမ်းကျင်သူများ အစရှိတဲ့ သူတွေဟာ စုစည်းလာကြပြီးတော့ အကျပ်အတည်းအတွက် လတ်တလော အဖြေရှာဖို့ရာ ဒစ်ဂျစ်တယ် ပလတ်ဖေါင်းတွေကို အသုံးပြုပြီး စုဖွဲ့ လုပ်ကိုင်လာနေကြပါပြီ။
တရုတ်ပြည်မှာ ပညာရေးဝန်ကြီးဌာနဟာ မတူကွဲပြားတဲ့ ပညာရပ်နယ်ပယ် အသီးသီးက သူတွေကို စုစည်း ခေါ်ယူပြီးတော့ Cloud ကလောက်အခြေပြု အွန်လိုင်းသင်ယူရေးနဲ့ ထုတ်လွှင့်ရေး ပလပ်ဖေါင်း အသစ်ကို တီထွင် ဖန်တီးခိုင်းပါတယ်။ ပညာရေးဝန်ကြီးဌာန၊ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတို့က ဦးဆောင်ပြီးတော့ ပညာရေးအဆောက်အအုံ တစ်စုံလုံးကို ပြန်လည်ဆန်းသစ် တည်ဆောက်ပါတယ်။
အလားတူပဲ ဟောင်ကောင် အခြေပြု readtogether.hk အဖွဲ့မှာဆိုရင်လည်း ပညာရေးအဖွဲ့အစည်း၊ ထုတ်ဝေသူတွေ၊ မီဒီယာနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ၆၀ ကျော်ကို စုစည်းပြီးတော့ (လက်တွဲရေး အဖွဲ့ ဖွဲ့စည်းပြီး) ပညာရေးသင်တန်းနဲ့ ပညာရေး လုပ်ငန်းမျိုးစုံ ၉၀၀ ကျော်ကို ဖန်တီးကြပါတယ်။ ဗွီဒီယိုတွေ၊ စာအုပ်တွေ၊ မဖြစ်မနေ ဖတ်ရှုရမယ့် အခန်းတွေ၊ စစ်ဆေးရေး ကိရိယာတွေနဲ့ အကြံပြုလုပ်ငန်းတွေကို အခမဲ့ ပံ့ပိုး ပေးထားတာပါ။ ဒီလို ပညာရေးပူးပေါင်းဆောင်ရွက် လက်တွဲရေး အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ် ၁၉ အလွန်ကာလမှာလည်း ဆက်လက်ပြီးတော့ ဒစ်ဂျစ်တယ်ပညာရေး ပလပ်ဖေါင်းကို ဆက်လက် တည်ဆောက် အသုံးပြုသွားဖို့ဖြစ်တယ်။
ဒီလိုနမူနာတွေကတဆင့် ပညာရေးဆိုင်ရာ ဆန်းသစ် ဖန်တီးချက်တွေဟာ သမားရိုးကျ အစဉ်အလာအရ လုပ်ကိုင်ကြတဲ့ အစိုးရရဲ့ ဘတ်ဂျက်နဲ့ဖြစ်စေ၊ စီဘီအို-အန်ဂျီအိုများရဲ့ ပညာရေး-လူမှုဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ဖြစ်စေ ဆောင်ရွက်ကြရတဲ့ စီမံချက်တွေကို ကျော်လွန်ပြီး လူထုရဲ့ စိတ်ဝင်စားမှုကို ရရှိနေကြတာ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလများမှာ စိတ်ဝင်စားမှုတွေဟာ ပိုပြီးတိုးလာခဲ့တာပါ။
ပုဂ္ဂလိက အပိုင်းကလည်း ပညာရေးမှာ အဖြေရှာဖို့နဲ့ ဆန်းသစ်တီထွင် ပြောင်းလဲဖို့ရာအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာနေကြတယ်။ အမေရိကန်က မိုက်ခရိုဆော့ဖ်နဲ့ ဂူးဂယ်တို့ကနေ တောင်ကိုးရီးယားက ဆမ်ဆောင်း၊ တရုတ်က Tencent, Ping An, နဲ့ အလီဘာဘာ ကုမ္ပဏီကြီးတွေဟာ ပညာတတ် လူတန်းစားများအတွက် မဟာဗျူဟာကျကျ အရေးကြီးနေပြီဆိုတာကို သိမြင်လာကြပြီ။
ဒီနေ့ခေတ်အထိကို ဆန်းသစ် ပြောင်းလဲနိုင်မှုများဟာ အကန့်အသတ်တွေနဲ့ တသီးတခြားစီသာ ရှိနေခဲ့ပေမယ့်လည်း အခုဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကတော့ ပိုမို ကြီးမားကျယ်ပြန့်ပြီး မတူကွဲပြားတဲ့ ကုမ္ပဏီ အစုံအလင် ပါဝင်တဲ့ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ မဟာမိတ်တွေ စုဖွဲ့ပြီး ဘုံပညာရေး ရည်မှန်းချက်အတွက် လမ်းစသစ်တွေ ဖေါက်ထွင်လာပါလိမ့်မယ်။
၃။ ဒစ်ဂျစ်တယ် ခွဲခြားဆက်ဆံမှုဟာ ပိုမို ကျယ်ပြန့်လာနိုင်ပါတယ်။
ကပ်ရောဂါဘေးဒဏ်ကို အကြီးအကျယ် ခံစားနေကြရတဲ့ ဒေသ အတော်များများကတော့ သင်ကြားမှု ဆက်လက် လည်ပတ်နိုင်ဖို့ရာ (ရေတို) လတ်တလောအဖြေ ရှာဖွေနေတာပါ။ သို့ပေတဲ့ သင်ယူမှု အရည်အသွေးဟာ ဒစ်ဂျစ်တယ် လက်လှမ်းမီမှု အရည်အသွေးနဲ့ အဆင့်အတန်းပေါ်မှာ အများကြီးပဲ မှီခိုနေရပါတယ်။
တကယ်တမ်းတော့လည်း ကမ္ဘာ့လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းသာလျှင် အွန်လိုင်းကို အသုံးပြုနိုင်ကြပါသေးတယ်။ ဥပမာအားဖြင့် ကိုယ်ပိုင်တဘ်လက်တွေနဲ့ ဗာကျူရယ်စာသင်ခန်းထဲမှာ ဝင်ရောက်လေ့လာနိုင်ကြတာဟာ ဟောင်ကောင်လို ဒေသတွေမှာတော့ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်နေပေမယ့် စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျနေသေးတဲ့ နိုင်ငံများစွာမှာတော့ WhatsApp ဒါမှမဟုတ် အီးမေလ်တွေကနေ တဆင့်သာလျှင် သင်ခန်းစာတွေ၊ စစ်ဆေးမှုတွေကို လုပ်နိုင်ကြပါသေးတယ်။
ဒါ့အပြင် မချမ်းသာ၊ မကြွယ်ဝတဲ့ မိသားစုတွေ၊ ဒစ်ဂျစ်တယ် နည်းပညာကို မတတ်ကျွမ်းတဲ့ သူတွေအတွက်လည်း သင်ခန်းစာတွေဟာ ပိုလို့ နောက်ကျလာနေပါတယ်။ ကျောင်းသင်ခန်းစာတွေကို အွန်လိုင်းကနေ သင်ယူကြရပြီ ဆိုရင်လည်း ဒီကလေးငယ်များစွာဟာ ဒစ်ဂျစ်တယ် ကိရိယာများနဲ့ အင်တာနက် ဒေတာတွေ ဈေးကြီးလွန်း လှတာကြောင့် ချန်လှပ်ထားခြင်းကို ခံစားကြရပါတော့မယ်။
နိုင်ငံတိုင်းမှာ လက်လှမ်းမီမှုအတွက် ဈေးနှုန်းတွေကို မလျော့ချဘူး၊ လက်လှမ်းမီမှု အရည်အသွေးကို တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူး ဆိုရင်တော့ ပညာရေးအရည်အသွေး တန်းတူညီမျှစွာ ရရှိမှုဟာ ပိုပြီးကွာဟ ခြားနားလာမယ်၊ လူမှုစီးပွား တန်းတူညီမျှမှု ပြဿနာကိုလည်း ပိုလို့သာ ဆိုးဝါးလာစေပါလိမ့်မယ်။ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုပြီးတော့ ပညာရေး လက်လှမ်းမီမှုကို အတင်းအကျပ် တည်ဆောက်မယ်ဆိုရင်တော့ ဒစ်ဂျစ်တယ် ကွာဟချက်ဟာ အကြီးအကျယ်ပဲ စိုးရိမ်စရာ ဖြစ်လာဖွယ် ရှိနေပါတယ်။
အလျင်အမြန်ပဲ ပျံနှံ့နေပြီဖြစ်တဲ့ Covid 19 ကမ္ဘာ့ကပ်ရောဂါ ဘေးဒဏ်ကြောင့် ခြိမ်းခြောက်မှုပုံစံ အမျိုးမျိုးကို ရင်ဆိုင်နိုင်ဖို့ရာ “ဒူပေနာပေခံနိုင်စွမ်း” အရေးကြီးမှု လိုအပ်ချက်ကို ထောက်ပြနေပါတယ်။ ကမ္ဘာ့ကပ် ဘေးဒဏ်မှသည် အစွန်းရောက် အကြမ်းဖက်မှုနဲ့ ရာသီဥတုဆိုင်ရာ စိုးရိမ်ရမှုတွေ ပြင်းထန်လာသည်အထိပါပဲ၊ နည်းပညာအပြောင်းအလဲ အရှိန်အဟုန်ကြီးမား ပြင်းထန်လာမှုလည်း အပါအဝင်ပါ။
ကမ္ဘာ့ကပ်ရောဂါ ဘေးဒဏ်ဟာ ဘာဖြစ်လာမယ်ဆိုတာကို ကြိုတင် မခန့်မှန်းနိုင်တဲ့ ကမ္ဘာကြီးအတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ စွမ်းရည် လိုအပ်ချက်တွေအပေါ် ကျွန်တော်တို့ကို ပြန်လည် သတိပေးနေတဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း အချက်အလက်အားဖြင့် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်း၊ ပြဿနာတွေကို ဆန်းသစ်တီထွင်သော နည်းလမ်းများနဲ့ ဖြေရှင်းနိုင်စွမ်းတို့ လိုအပ်နေတယ်။ ပိုပြီးတော့ အရေးကြီးလွန်းတဲ့ စွမ်းရည်သစ် တရပ်ကတော့ “အခြေအနေသစ်မှာ ပြုပြင်ပြောင်းလဲ ရှင်သန်နေထိုင်နိုင်စွမ်း” ပဲ ဖြစ်ပါလိမ့်မယ်။
ဒီစွမ်းရည်တွေဟာ ကျောင်းသူကျောင်းသားများအားလုံးအတွက် ပထမ ဦးစားပေးဖြစ်ဖို့ရာ ဇွဲနဘဲနဲ့ ဒူပေနာပေ ခံနိုင်စွမ်းကိုလည်း ပညာရေးစနစ်တွေထဲမှာ ထည့်သွင်း တည်ဆောက်ဖို့ရာလည်း မဖြစ်မနေ လုပ်ဆာင်ကြရပါလိမ့်မယ်။
ကျောင်းတွေ ဘယ်တော့ ပြန်ဖွင့်မှာလဲလို့ စိုးရိမ်နေကြပြီဖြစ်တဲ့ မြန်မာ မိဘများ၊ မြန်မာကျောင်းသား ကျောင်းသူများ၊ မြန်မာ ဆရာဆရာမများနဲ့ ပညာရေး မူဝါချမှတ်သူတွေအတွက် ဒစ်ဂျစ်တယ် ပညာရေးလက်လှမ်းမီမှု၊ ပညာရေးအရည်အသွေး၊ လူမှုတရားမျှတမှုနဲ့ အရေးကြီးစွမ်းရည်တွေကို ကြိုတင် စဉ်းစားနိုင်ကြဖို့ရာ မျှဝေလိုက်ပါတယ်။
(သိန်းနိုင် (မောက္ခပညာရေး) သည် ပညာရေးအကြံပေး education consultant အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။)
You may also like these stories:
ငြိမ်းချမ်းရေးအတွက် ပညာရေးမဟာဗျူဟာနှင့်ကျောင်းဆရာများ လိုနေပြီ
ပညာရေးတွင် ဝေဖန်ပိုင်းခြားသော သင်ယူမှု အနုပညာ လိုသည်
ဌာနေတိုင်းရင်းသား ပြည်သူများထံမှ ငြိမ်းချမ်းရေးသင်ခန်းစာ သင်ယူကြပါ