စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လက်နက်ကိုင်ခုခံမှု အရှိန် ပိုမိုရလာသောအခါ မြန်မာနိုင်ငံရေး အသိုက်အဝန်းတွင် အမေးများလာသည့် မေးခွန်းတခုမှာ ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံပါသလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။ သူ၏ သင်္ကေတနိုင်ငံရေး အတွေးအခေါ်နှင့် အကြမ်းမဖက်ရေးကို တလျှောက်လုံး ယုံကြည်ချက်ကြောင့် ထိုမေးခွန်းသည် မေးသင့်သော မေးခွန်းဖြစ်နေသည်။
အကြမ်းမဖက်သော တိုက်ပွဲကို ထောက်ခံအားပေးသူဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိစစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှုက လက်ခံထားသည့် စစ်ရေးအရ တော်လှန်သည့်နည်းလမ်းကို သဘောတူမည် မဟုတ်ဆိုသည့် ကျယ်ပြန့်သော အယူအဆတခု ရှိနေသည်။
၈၈ ဒီမိုကရေစီ အရေးတော်ပုံမွေးဖွားလာသော နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်၊ ကျောင်းသားများ တိုင်းရင်းသားခေါင်းဆောင်များနှင့် သဘာဝအတိုင်း မဟာမိတ်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် လိုအပ်သည်ဟု ယူဆပါက လက်ရှိတော်လှန်ရေးကို ပယ်ချရန် တုံ့ဆိုင်းနေမည် မဟုတ်ဟုလည်း အချို့က ခန့်မှန်းကြသည်။
ပိုမို အဆိုးမြင်သော အယူအဆတခုမှာ မြန်မာစစ်တပ်ကို ထူထောင်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအနေဖြင့် သူသည် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်မည် မဟုတ်သလို သူ့ဖခင်၏ စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်ခြင်းနှင့်လည်း ရပ်တည်မည် မဟုတ်ဆိုသည့် အယူအဆဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးဆွဲဆောင်မှု နိုင်ငံရေး
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖမ်းဆီးခံရချိန်နောက်ပိုင်း တလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ကောလာဟလများသည် ပြည်သူများကြားတွင် ပုံမှန်လှည့်ပတ်နေပြီး ထိုကောလာဟလများ၏ မှန်ကန်မှုနှင့် ပတ်သက်၍ အပြင်းအထန် ငြင်းခုန်ကြရသည်။ ထိုသို့သော အခြေအနေသည် အာဏာသိမ်းပြီး ပထမဆုံးနေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်၏ စာတစောင် လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပြီး စတင်ခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖမ်းဆီးခံရချိန်နောက်ပိုင်း တလျှောက်လုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ကောလာဟလများသည် ပြည်သူများကြားတွင် ပုံမှန်လှည့်ပတ်နေပြီး ထိုကောလာဟလများ၏ မှန်ကန်မှုနှင့် ပတ်သက်၍ အပြင်းအထန် ငြင်းခုန်ကြရသည်။
အာဏာသိမ်းမည်ကို ကြိုတင်မှန်းဆပြီး ရေးခဲ့သည်ဟုဆိုသော ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား တုံ့ပြန်ဆန့်ကျင်ကြရန် တိုက်တွန်းခဲ့သည်။ ထို့ကြောင့် ထိုစာကို ဒေါ်အောင်ဆန်းစုကြည် ရေး၊ မရေးဆိုသော ကိစ္စ သို့မဟုတ် လူထု လမ်းပေါ်တက်လာရန်နှင့် စစ်အာဏာသိမ်းမှုကို အကြမ်းဖက်ဆန့်ကျင်ရန် စစ်အုပ်စုက ထောင်ချောက်ဆင်ခြင်း ဟုတ်၊ မဟုတ်ဆိုသော ကိစ္စသည် လူမှုကွန်ရက်တွင် အငြင်းပွားမှုဖြစ်စေခဲ့သည်။ စေ့စပ်ညှိနှိုင်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စကားများကိုသာ အမြဲတမ်းပြောခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် တောင်းဆိုသည်ကို အစစ်အမှန် မယုံကြည်သူ အချို့ရှိသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းလိုက်သော အခါတွင်လည်း အလားတူမေးခွန်း ပေါ်ပေါက်လာသည်။ NUG သည် ဖြုတ်ချခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား နိုင်ငံရေး ကိုယ်စားပြုသူများ၊ ဆန္ဒပြခေါင်းဆောင်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများနှင့် ဖွဲ့စည်းထားသော စင်ပြိုင်အစိုးရဖြစ်သည်။
၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား ညီညွတ်ရေးအစိုးရ (NCGUB) နှင့် တင်းမာခဲ့သော ဆက်ဆံရေး အတွေ့အကြုံကို အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးပြန်လုပ်ခွင့်ရရန် အခွင့်အလမ်းရှိပါက CRPH/NUG အလံကို လွှင့်ထူရန် မဖြစ်နိုင်ဟု သံသယရှိသူအချို့ ရှိသည်။
ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နောက်ထပ်စာတစောင် ပေါက်ကြားလာပြန်သည်။ သူ၏ရှေ့နေများမှ တဆင့်ပေးသော သတင်းစကားမှာ CRPH သာမက NUG ပါ NLD အမည်ကို သုံးခွင့်မရှိသကဲ့သို့ အဝေးရောက် NLD အဖွဲ့ဝင်များဖြင့် အဓိကအားဖြင့် ဖွဲ့စည်းထားသော အသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့သည် NLD ကိုယ်စား ကြေညာချက်များ ထုတ်ပြန်ခွင့်မရှိဆိုသည့် သတင်းစကားဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ မီဒီယာများ၊ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စကားပြောဆိုခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့် ထိုစာ၏ စစ်မှန်မှုကို အတည်ပြုရန် ခက်ခဲသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ မီဒီယာများ၊ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စကားပြောဆိုခြင်းကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့် ထိုစာ၏ စစ်မှန်မှုကို အတည်ပြုရန် ခက်ခဲသည်။ NUG ၏ တရားဝင်အာဘော်ဖြစ်သော ပြည်သူ့အသံရုပ်သံကမူ ထိုစာသည် အတုဖြစ်သည်ဟု ဆိုသော်လည်း ထိုစာသည်မြန်မာ့ ကောလာဟလ အခင်းအကျင်းတွင် လွန်စွာပျံ့နှံ့နေသည်။
မြန်မာ့နိုင်ငံရေးတွင် အထူးသဖြင့် လူများစု ဗမာများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြိုင်ဘက်မရှိလောက်အောင် ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှု အရှိဆုံး ခေါင်းဆောင်ဖြစ်သည်ကို သံသယဖြစ်ရန် မလိုပေ။ ထိုသို့သော လူထုထောက်ခံမှုကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD တောင်ပြိုကမ်းပြို နိုင်ခြင်းက ရှင်းရှင်းလင်းလင်း ထင်ဟပ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အရ စွမ်းဆောင်ရည် အားနည်းပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံတကာ ဖိအားများ တိုးလာချိန်တွင်ပင် ထိုသို့အနိုင်ရခြင်းဖြစ်သည်။ ပြည်သူများ၏ အမြင်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အားထားကိုးကွယ်ရသူသဖွယ်ဖြစ်နေပြီး ထိုအချက်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ၏ ကြီးမားသောအောင်ပွဲဖြစ်စေရန် အထောက်အကူပြုခဲ့သည်။
ယခုလက်ရှိအချိန်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုသည် မှေးမှိန်သွားခြင်း မရှိသေးပေ။ စစ်အာဏာသိမ်းအစပိုင်းမှ စတင်ပြီး နိုင်ငံ၏ လမ်းမများတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို သံပြိုင်အော်ဟစ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည်ဆိုသည့် ကောလာဟလ ပျံ့နှံ့ခဲ့သည့် ညတညတွင် သူ့ကိုကြိုဆိုရန်အတွက် ပြည်သူများသည် လမ်းမများပေါ် ထွက်လာကြသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကဲ့သို့သော အရပ်သားခုခံမှုများ ပြင်းထန်သည့် ဗမာများ လွှမ်းမိုးရာ ဒေသများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံနယ်များဖြစ်နေသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကဲ့သို့သော အရပ်သားခုခံမှုများ ပြင်းထန်သည့် ဗမာများ လွှမ်းမိုးရာ ဒေသများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံနယ်များဖြစ်နေသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။ NLD သည် ထိုဒေသနှစ်ခုမှ ပြည်ထောင်စုနှင့် ဒေသဆိုင်ရာလွှတ်တော်များတွင် နေရာ ၂၁၀ အနက် ၂၀၇ နေရာတွင် အနိုင်ရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းနှင့် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို တရားမျှတမှုမရှိသည့် စွဲချက်များတင်ခြင်းကြောင့် လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုကရုဏာသက် ထောက်ခံကြသည်။ နိုင်ငံတကာတွင် ထောက်ခံမှု ကျဆင်းလာသော်လည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်သည် ယနေ့တိုင် လူကြိုက်များနေသေးသည့် အမှတ်တံဆိပ် ဖြစ်သည်။
သို့သော် ဖမ်းဆီးခံရချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မည်သူနှင့်မျှ ဆက်သွယ်နိုင်ခြင်း မရှိအောင် ထိန်းသိမ်းထားပြီး ရှေ့နေများမှတဆင့်သာ ပြည်သူများ ကံကြမ္မာနှင့် စစ်အုပ်စုလက်တွင် ရင်ဆိုင်ရသော ရက်စက်ကြမ်းကြုတ်မှုများအတွက် စိုးရိမ်ပူပန်ကြောင်းသာ ပြောနိုင်ပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်တော့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် စွဲချက်အများအပြားအနက် ပထမဆုံး ပုဒ်မ နှစ်ခုအတွက် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၄ နှစ်ချခဲ့သည်။ ထိုထောင်ဒဏ်ကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေအိမ်အကျယ်ချုပ် ၂ နှစ်သို့ လျှော့ချလိုက်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ထဲတွင် ဘဝကုန်ဆုံးစေနိုင်သည့် အခြားစွပ်စွဲချက်များကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိဖြစ်ပွားနေသော စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် တိုက်ပွဲကို လမ်းမညွှန်နိုင်သကဲ့သို့ သြဇာသက်ရောက်နိုင်ခြင်းလည်း မရှိတော့ပေ။
အနာဂတ်အိပ်မက်
တချိန်တည်းတွင် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်မှုသည် မြန်မာနိုင်ငံ လမ်းများနှင့် တောတွင်းမှ နိုင်ငံရေးလမ်းကြောင်းသစ်ကို ပေါ်ပေါက်စေသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံရေးခေါင်းဆောင်မှု မရှိတော့ဘဲ လူထု၏ စစ်ကောင်စီကို ခုခံတွန်းလှန်မှုသည် လွန်ခဲ့သော ၁၀ လအတွင်း လွန်စွာမြင့်မားလာသည်။
ထိုသို့ဖြစ်နေသောကြောင့် လူငယ်များ၏ ကြုံသလို ခုခံရေး လှုပ်ရှားမှုကို စစ်တပ်က နောက်ဆုံးတွင် နှိမ်နင်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားသော သုတေသီများကို တုန်လှုပ်စေသည်။ ယခုအချိန်အထိ စစ်ကောင်စီသည် မြန်မာနိုင်ငံကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီ၏ သေနင်္ဂဗျူဟာသည် နိုင်ငံကို မည်သို့ထိန်းချုပ်မည်ဆိုသည့် အဆင့်မှ မည်သို့ ဆက်လက်ရှင်သန်မည်ကို စဉ်းစားရသော အဆင့်ဖြစ်လာသည်။
Gen Z မျိုးဆက်လူငယ်များသည် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ ၎င်းတို့၏ လွတ်လပ်မှု၊ ၎င်းတို့ အခွင့်အရေးများနှင့် ၎င်းတို့ အနာဂတ်အတွက် ပြတ်ပြတ်သားသား အသက်ကို စတေးကြသည်။
နိုင်ငံရေးတွင် လူသိများနေသူများက ဝင်ရောက်ပြီး လှုပ်ရှားမှုကို ထိန်းချုပ်ပေးသည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနှင့်မတူဘဲ မျက်နှာသစ်များ၊ အထူးသဖြင့် လူငယ်များသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အတက်ကြွဆုံးသူများ ဖြစ်နေသည်။ ထို Gen Z မျိုးဆက်လူငယ်များသည် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ ၎င်းတို့၏ လွတ်လပ်မှု၊ ၎င်းတို့ အခွင့်အရေးများနှင့် ၎င်းတို့ အနာဂတ်အတွက် ပြတ်ပြတ်သားသား အသက်ကို စတေးကြသည်။
ဖေဖော်ဝါရီလမှ စတင်ပြီး တိုက်ပွဲတွင် ပါဝင်နေသော လူငယ်တဦးက စာရေးသူကို “တိုင်းပြည်အနာဂတ်က အမြစ်တွယ်နေတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ တစစီကြေမွသွားတာကို စိတ်ကူးယဉ်ကြည့်ရင် မခံစားနိုင်ဘူး” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က ဗိုလ်ကျစိုးမိုးခြင်းအား တော်လှန်တိုက်ခိုက်ရခြင်းသည် မျိုးဆက်တခုမှ တခုသို့ တာဝန် ကမ်းပေးနေရသော လက်ဆင့်ကမ်း ပြေးပွဲဖြစ်သော်လည်း လူငယ် တက်ကြွလှုပ်ရှားသူများက လက်ရှိတိုက်ပွဲသည် နိုင်ငံအနာဂတ်အတွက် အပြီးတိုင် တိုက်ရမည့် တိုက်ပွဲ ဖြစ်သည်ဟု ယုံကြည်ကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားသော ဆန္ဒပြပွဲများတွင် လူငယ်များက “ကျနော်တို့က လူငယ်တွေပါ၊ ကျနော်တို့မှာ အနာဂတ်ရှိတယ်” ဆိုသည့် ကြွေးကြော်သံကို အမြဲတမ်း အော်ဟစ်ကြသည်။ အမေရိကန် သမ္မတဟောင်း သောမတ် ဂျက်ဖာဆင် ပြောသည့်စကားအတိုင်း ဆိုရပါက အတိတ်သမိုင်းထက် ကောင်းမွန်သော အနာဂတ်အိပ်မက်ပင် ဖြစ်သည်။
ထိုအနာဂတ် အိပ်မက်များသည် ခုခံရေးလှုပ်ရှားမှု၏ နိုင်ငံရေးသစ်ကို ပိုမိုပုံဖော်ပေးနေကြသည်။ ပုဂ္ဂိုလ်ရေး ဆွဲဆောင်မှုရှိသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ် ကိုးကွယ်သည့် မြန်မာနိုင်ငံတွင် ယခုလှုပ်ရှားမှုက စုပေါင်းခေါင်းဆောင်မှုကို ရဲရင့်စွာတောင်းဆိုလာသည်။ NUG သည် အားလုံးပါဝင်နိုင်သော စုပေါင်းခေါင်းဆောင်မှုကို ဖော်ဆောင်ရန် ကြိုးစားနေပြီး တိုင်းရင်းသားလူမျိုးများကို ထိပ်တန်းရာထူးများတွင် ခန့်အပ်ကာ လူငယ်များနှင့် အမျိုးသမီးများ ပါဝင်မှုကို တိုးချဲ့ထားသည်။
NUG သည် ဗမာအများ စုပါဝင်သည့် ပြည်သူများနှင့် စစ်တပ်အကြား ဆက်စပ်မှုကိုလည်း ဖြတ်တောက်ခဲ့သည်။ စစ်တပ်သည် ယခုအခါ တချိန်က ၎င်းတို့ လူသစ်စုဆောင်းသည် အဓိကဒေသများဖြစ်သော စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကဲ့သို့သော နေရာများတွင် အပြင်းထန်ဆုံး တိုက်ပွဲများကို တိုက်နေရသည်။ CRPH သည် စစ်တပ်အတွက် အခွင့်ထူးများ ပေးနေသော ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း တရားဝင်ကြေညာခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနေကြောင်း တရားဝင်ကြေညာသည်။
စစ်ကောင်စီ၏ ရိုင်းစိုင်းယုတ်မာသော အကြမ်းဖက်မှုများသည် ယခင်က ထိုသို့သော လုပ်ရပ်များကို ၎င်းတို့ဒေသများတွင် မခံစားခဲ့ဖူးသည့် ဗမာလူများစုအတွက် အဆင်မပြေခြင်းနှင့် ရှည်ကြာသော ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စု၏ ဖိနှိပ်မှုအောက်တွင် တိုင်းရင်းသားလူနည်းစုများ ခံစားခဲ့ရသည့် ဖိနှိပ်များမှုကို နားလည်လာခြင်းဖြစ်သည်။
လက်ရှိတိုက်ပွဲတွင် အာမခံချက် အရှိဆုံးမှာ ယခင်က စစ်တပ်၏ ရိုင်းစိုင်းယုတ်မာသော အကြမ်းဖက်မှုများကို ၎င်းတို့ဒေသများတွင် မခံစားခဲ့ဖူးသည့် ဗမာလူများစုအတွက် ရှည်ကြာသော ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စု၏ ဖိနှိပ်မှုအောက်တွင် တိုင်းရင်းသားလူနည်းစုများ ခံစားခဲ့ရများမှုကို နားလည်လာခြင်းဖြစ်သည်။
ထိုသို့ နားလည်လာခြင်းသည် အနာဂတ် နိုင်ငံသစ်အတွက် အုတ်မြစ်ဖြစ်နိုင်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းချစ်ကြည်မှုအတွက် အခွင့်အလမ်းကို ဖန်တီးပေးနိုင်သည်။ ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရိုဟင်ဂျာမွတ်ဆလင်များအား နိုင်ငံမှ မောင်းထုတ်သည့် ၄ နှစ်ပြည့် အထိမ်းအမှတ်နေ့ကို အွန်လိုင်းအခမ်းအနားများ၊ သွေးစည်း ချစ်ကြည်မှု ကြေညာချက်များနှင့် တောင်းပန်မှုများဖြင့် ကျင်းပကြသည်။
NUG အစိုးရ အဖွဲ့ဝင် အချို့က ရိုဟင်ဂျာများ ခံစားနေရသည့် ဒုက္ခများကို လျစ်လျူရှုခဲ့ခြင်းအတွက် ပုဂ္ဂလိက တောင်းပန်စာများ ပေးပို့ပြီး ရိုဟင်ဂျာများသည် အခြေခံ လူ့အခွင့်အရေး စံနှုန်းများအရ နိုင်ငံသား ဖြစ်ခွင့်ရှိကြောင်း NUG က ကြေညာသည်။ ဤနည်းလမ်းအားဖြင့် ထိုလှုပ်ရှားမှုသည် ပြည်သူလူထုကို အတိတ်နိုင်ငံရေး ရွှံ့နွံပြင်မှ ရုန်းထကာ မြန်မာအတွက် အားလုံးအကျုံးဝင်သော အနာဂတ်ကို ရည်ရွယ်သည်။
သဘောတရား လိုအပ်ချက်
သို့သော် အပြုသဘောဆောင်သည့် တိုးတက်မှုများနှင့်အတူ လက်ရှိလှုပ်ရှားမှုတွင် လိုအပ်ချက်များစွာ ရှိနေသည်။ ၎င်းတို့အနက်တခုမှာ အမျိုးမျိုးသော နိုင်ငံရေးနှင့် လူမျိုးစုအုပ်စုများ၏ မတူညီသော နိုင်ငံရေး အကျိုးစီးပွားနှင့် အစီအစဉ်များကို ဖြည့်ဆည်းရန် အရေးပါပြီး ကျယ်ပြန့်သည့် နိုင်ငံရေးသဘောတရား ဖော်ထုတ်ရန် လိုအပ်ချက်ဖြစ်သည်။
နိုင်ငံရေးသစ်သည် ရုပ်လုံးပေါ်လာသော်လည်း ထိုနိုင်ငံရေးသစ်သည် ဆန့်ကျင်တိုက်ခိုက်ခြင်းသာ ဖြစ်ပြီး တစုံတရာအတွက် တိုက်ခိုက်ခြင်း မဟုတ်သေးပေ။ လက်ရှိတော်လှန်ရေး၏ စနစ်တခုလုံးသည် စစ်အာဏာသိမ်းမှုနှင့် စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်ရန်သာ ဗဟိုပြုနေပြီး ရှင်းလင်းသည့် နိုင်ငံရေး ရည်မှန်းချက်ကို ဗဟိုမပြုသေးပေ။
နိုင်ငံရေးအကျိုးစီးပွားနှင့် အစီအစဉ် အမျိုးမျိုး ဖြစ်နေသောကြောင့် ထို အန္တိမ ရည်မှန်းချက်နှင့်ပတ်သက်ပြီး အဓိက ပါဝင်ပတ်သက်သူများအကြား တစုံတရာ သဘောထား ကွဲလွဲနေပုံရသည်။ လမ်းညွှ သဘောတရားတခုသည် ယခုလှုပ်ရှားမှုအတွက် ရှင်းလင်းပြတ်သားစွာ အားလုံးသဘောတူသည့် ရည်မှန်းချက်နှင့် အတွေးအခေါ် လက်နက်ကိုပေးနိုင်ရုံသာမက အမျိုးမျိုးသော အင်အားစုများအကြား ရေရှည် ကတိကဝတ်နှင့် မျှော်မှန်းချက်များကိုလည်း နှိုးဆော်ပေး နိုင်သည်။
သမိုင်းတလျှောက် မုန်းတီးမှုအရိပ်အောက်တွင် ကျယ်ပြန့်သော အယုံအကြည်ကင်းမဲ့မှုနှင့် မတူညီသော နိုင်ငံရေး ချဉ်းကပ်ပုံနည်းလမ်းနှင့် လမ်းစဉ်များရှိသော်လည်း အမျိုးမျိုးသော နိုင်ငံရေးနှင့် လူမျိုးစု အုပ်စုများအကြား အဆက်မပြတ် ညှိနှိုင်းဆွေးနွေးခြင်း၊ စဉ်းစားသုံးသပ်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းသည် ယခု လှုပ်ရှားမှုအတွက် လမ်းညွှန်သဘောတရားကို တဖြည်းဖြည်း ဖန်တီးပေးနိုင်သည်။
သမိုင်းတလျှောက် မုန်းတီးမှုအရိပ်အောက်တွင် ကျယ်ပြန့်သော အယုံအကြည်ကင်းမဲ့မှုနှင့် မတူညီသော နိုင်ငံရေး ချဉ်းကပ်ပုံနည်းလမ်းနှင့် လမ်းစဉ်များရှိသော်လည်း အမျိုးမျိုးသော နိုင်ငံရေးနှင့် လူမျိုးစု အုပ်စုများအကြား အဆက်မပြတ် ညှိနှိုင်းဆွေးနွေးခြင်း၊ စဉ်းစားသုံးသပ်ခြင်းနှင့် ယုံကြည်မှု တည်ဆောက်ခြင်းသည် ယခု လှုပ်ရှားမှုအတွက် လမ်းညွှန်သဘောတရားကို တဖြည်းဖြည်း ဖန်တီးပေးနိုင်သည်။
လက်ရှိအချိန်တွင် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် သပိတ်ကော်မတီများ ပါဝင်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ဆွေးနွေးပွဲကို ပြုလုပ်နေသော်လည်း မျှော်လင့်ထားသည်ထက် နှေးကွေးနေပြီး အချို့အုပ်စုများသည် NUCC တွင် ပါဝင်ရန် စိတ်အားထက်သန်ခြင်း မရှိလှပေ။
သို့သော် NUCC သည် သဘောတရား ကင်းမဲ့ခြင်းကို ဖြည့်ဆည်းရန် အခြေခံဆွေးနွေးသည့် နေရာဖြစ်နိုင်သည်။ ဖက်ဒရယ် ဒီမိုကရေစီနှင့် ပတ်သက်သည့် မူကြမ်းသဘောတူညီချက်တခု ရရှိထားကြောင်း NUCC က မကြာသေးမီက ကြေညာသည်။ ထိုအချက်သည် အပြုသဘောဆောင်သည့် လက္ခဏာဖြစ်သော်လည်း ရှေ့ဆက်လုပ်ရန် များစွာလိုနေသေးသည်။
ကျယ်ပြန့်ပြီး ရည်မှန်းချက်ရှိသော သဘောတရားကို ဖော်ထုတ်နိုင်မှသာ အားလုံး အကျုံးဝင်သော စုပေါင်း ခေါင်းဆောင်မှုကို အင်အားတောင့်တင်းစေနိုင်သည်။ ထို့ကြောင့် လမ်းညွှန်သဘောတရားတခုသည် မွေးကင်းစ နိုင်ငံရေးသစ်ကို ပိုမိုခိုင်မာသည့် ပုံစံဖြစ်လာစေရေး အရေးပါသည်။ တနည်းအားဖြင့် ဆိုရပါက ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုထက် ပိုသော အားလုံးအကျုံးဝင်ပြီး ရည်မှန်းချက်ရှိသော လမ်းညွှန် သဘောတရား ဖော်ထုတ်ခြင်းကသာ ယခု နိုင်ငံရေးသစ်အတွက် မောင်းနှင်အားဖြစ်သည်။
လက်ရှိတွေ့နေရသော လက္ခဏာများအရ ထိုနိုင်ငံရေးသစ်သည် ထိပ်တန်းခေါင်းဆောင်များနှင့် နိုင်ငံရေး ရေပေါ်ဆီများထံမှ ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ နိုင်ငံရေး မျိုးဆက်သစ်တခုနှင့် တော်လှန်ရေး၏ နာကျင်သော အတွေ့အကြုံမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုနိုင်ငံရေးသစ်ကို အနာဂတ်အိပ်မက်များက အသက်သွင်းပေးနေပြီး စစ်တပ်လွှမ်းမိုးမှု တံပိုးအောက်မှ လုံးဝကင်းလွတ်သည့် နိုင်ငံသစ် ထူထောင်ခြင်းက စိတ်အားတက်ကြွမှုကိုပေးနေသည်။
ခိုင်မာသည့် အချက်တခုမှာ ထင်ထင်ရှားရှား ပေါ်လာနေပြီး ထိုအချက်မှာ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် မျိုဆက်သစ်က ထုဆစ်လိုက်သော နိုင်ငံရေးသစ်တခုသည် ရုပ်လုံးပေါ်လာနေပြီး အရှိန်အဟုန် ရလာနေသည်ဆိုသည့် အချက်ဖြစ်သည်။
ထိုနိုင်ငံရေးသစ်၏ အုတ်မြစ်သည် အားလုံးအကျုံးဝင်သော နိုင်ငံရေး၊ လူမျိုးစုများ အပြန်အလှန် သွေးစည်းချစ်ကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် စာနာမှုတို့ဖြစ်ပြီး ယခင် နိုင်ငံရေးဟောင်းကဲ့သို့ ဖယ်ထုတ်ခြင်း၊ မုန်းတီးမှု၊ ဗိုလ်ကျလွှမ်းမိုးခြင်းနှင့် ဖိနှိပ်မှုတို့ မဟုတ်ပေ။ ယခုကဲ့သို့ မရေရာသော အခြေအနေတွင် ထိုနိုင်ငံရေးသစ်၏ မည်သည့် အတိုင်းအတာအထိကို ပုံသွင်းအကောင်အထည် ဖော်နိုင်မည်၊ ပြည့်ပြည့်၀၀ အကောင်အထည်ပေါ်မည်၊ သို့မဟုတ် ရေရှည်တွင် ညှိုးနွမ်းပျောက်ကွယ်သွားမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော် ခိုင်မာသည့် အချက်တခုမှာ ထင်ထင်ရှားရှား ပေါ်လာနေပြီး ထိုအချက်မှာ မြန်မာနိုင်ငံတွင် အဓိကအားဖြင့် မျိုဆက်သစ်က ထုဆစ်လိုက်သော နိုင်ငံရေးသစ်တခုသည် ရုပ်လုံးပေါ်လာနေပြီး အရှိန်အဟုန် ရလာနေသည်ဆိုသည့် အချက်ဖြစ်သည်။
(ရဲမျိုးဟိန်းသည် တကောင်းနိုင်ငံရေးလေ့လာမှု အင်စတီကျု အမှုဆောင် ဒါရိုက်တာနှင့် Woodrow Wilson International Center for Scholars ၏ အာရှအစီအစဉ်မှ သုတေသီဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A New Politics is Taking Shape in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ်ထုတ်မှု ဒီမိုကရေစီလမ်းကြောင်း တခေတ်ပြောင်းလာစေ
မြန်မာအတိုက်အခံများကို တနေရာပေးရန် ASEAN အတွက် အချိန်ကျပြီ
တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ
တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်