“တမူးရှိလို့ တပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား၊ အဟောင်းပစ်လို့ အသစ်ယူ တို့ရှမ်းတောင်သူ အစဉ်အလာမရှိပါ”
ဆိးရိုးစကားတဖြစ်လဲ သီချင်းစာသားတပိုဒ်ဟာ ကမ္ဘောဇရှမ်းဌာနေမှာ ရှိကြတဲ့ ပြည်သူအများရဲ့ စိတ်နှလုံးကို ထင်ဟပ်ပါတယ်။ ရှမ်းပြည်နေသူများဟာ စိတ်နှလုံး နူးညံ့ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ဘာသာတရား ကိုင်းရှိုင်းခြင်းတွေနဲ့ ပြည့်စုံကြသူတွေလို့ လူသိများလှပါတယ်။ လှပတဲ့ ရှမ်းတောင်တန်းကြီးတွေ၊ အေးမြတဲ့ ရာသီဥတုနဲ့ အစားအသောက် ပေါများမှုကလည်း ရှမ်းပြည်ဟာ လူတိုင်းနေချင်တဲ့ အိပ်မက်နယ်မြေ ဖြစ်ပါတယ်။
ဒီလို လှပတဲ့နေရာက စိတ်နှလုံးကောင်း အခံရှိသူတွေကို ပိုပြီး လူသားချင်းစာနာမှုရှိဖို တိုက်တွန်းရတာ နည်းနည်းတော့ အဆီအငေါ်မတည့် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် စိတ်ကောင်း နှလုံးကောင်းတွေဟာ လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတာတွေနဲ့ တကယ်ရော ကိုက်ညီရဲ့လားလို့ သုံးသပ်သင့်ပါတယ်။။ သေချာတာကတော့ သမားရိုးကျ အလှူအတန်းတွေလောက်နဲ့သာ ကျေနပ်နေဖို့ မသင့်တော့တာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ လှူမှုဘေးဒုက္ခများအတွက်လည်း ကူညီထောက်ပံ့ လက်ကမ်းရန် လိုအပ်နေတာတွေ ရှိနေပါပြီ။ ဒီအကြောင်းကိုပဲ မီးမောင်းထိုး တင်ပြပါရစေ။
စစ်ဘေးရှောင်ရသူတွေ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် တနိုင်ငံလုံး ဆန့်ကျင်မှုတွေ ဖြစ်လာပြီး နောက်ဆက်တွဲ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ နှစ်နှစ်ကြာတဲ့အခါမှာတော့ တနိုင်ငံလုံးမှာ ၁ သန်းခွဲကျော် ရှိနေပြီ ဖြစ်ပါတယ်။ အများဆုံးက စစ်မီးရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းမှာ ရှိနေပြီး စုစုပေါင်း လူဦးရေ ၇ သိန်းကျော် ရှိပါတယ်။
ရှမ်းပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာတော့ စစ်ဘေးရှောင် ၁၇၀,၀၀၀ ကျော်အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ၁ သိန်းနီးပါး စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။ ကရင်နီပြည်နယ်တွင်းက စစ်ပွဲတွေကြောင့်ရယ်၊ ရှမ်း-ကရင်နီ နယ်စစ်က စစ်ပွဲတွေကြောင့်ရယ် စစ်ဘေးရှောင်တွေဟာ ရှမ်းတောင်ဘက်ကိုလည်း တိမ်းရှောင်လာခဲ့ရလို့ ရှမ်းတောင်ဒေသအတွင်းမှာ စစ်ဘေးရှောင် ၁ သိန်းကျော်အထိ ရှိခဲ့ပြီးတော့ လက်ရှိမှာ ၆ သောင်းကျော် ရှိနေပါသေးတယ်။
တဖန် ရှမ်းမြောက်မှာလည်း တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ KIO, ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်တပ်၊ SSPP/SSA နဲ့ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေအပြင် ရှမ်းတပ်အချင်းချင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ရှိနေခဲ့ပါတယ်။
တဖန် ရှမ်းမြောက်မှာလည်း တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ဖြစ်တဲ့ KIO, ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေနဲ့ စစ်တပ်၊ SSPP/SSA နဲ့ စစ်တပ်တို့ရဲ့ တိုက်ပွဲတွေအပြင် ရှမ်းတပ်အချင်းချင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ရှိနေခဲ့ပါတယ်။ နောက်ဆုံး သတင်းအချက်အလက်တွေအရ ဆိုရင် RCSS နဲ့ SSPP, TNLA တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း နယ်မြေအငြင်းပွားမှုကို အခြေခံကာ နှစ်ဖက်အကြား အကြိမ် ၂၀၀ ကျော် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ပြီး လက်ရှိ ကာလတိုင်အောင် တိုက်ပွဲများ ဖြစ်နေဆဲလို့ ဆိုကြပါတယ်။ ဒီမတိုင်ကတည်းက ရှမ်းမြောက်မှာ စစ်ဘေးရှောင်ရသူတွေ ထောင်နှင့်ချီကာ ရှိနေခဲ့ပြီးသား ဖြစ်ပါတယ်။
ပဋိပက္ခရှုပ်ထွေးရာမြေ
ဒီလို စစ်ဘေးရှောင်တွေဟာ နေရာအနှံ့ ရှိနေချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့ မျိုးစုံလည်း ရှမ်းပြည်အနှံ့ နေရာစုံမှာ ရှိနေပြန်ပါတယ်။ တကယ်တမ်း ဒီလိုရှုပ်ထွေးတဲ့ အခြေအနေဟာလည်း ရှမ်းပြည်နယ်တခုတည်း ထူးခြားရှိနေတာတော့လည်း မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာလည်း ဤနည်းနှင်နှင်ပဲ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာဆိုရင် KIO, တအာင်းပလောင်နဲ့ SSPP/SSA တို့လို အဖွဲ့ကြီးတွေအပြင် အသစ်ဖြစ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့အတူ စစ်တပ်ဩဇာခံ ပြည်သူ့စစ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အလားတူပဲ ရှမ်းတောင်မှာတော့ RCSS/SSA လိုအဖွဲ့နဲ့ ပအိုဝ်းနှစ်မျိုးဖြစ်တဲ့ PNO နဲ့ PNLO တို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကရင်နီနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်း လှုပ်ရှားနေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
တရားမဝင် အာဏာသိမ်းထားတဲ့ စစ်တပ်ကို တနိုင်ငံလုံးက ဆန့်ကျင်ဖို့ တာစူနေကြချိန်မှာ ရှမ်းပြည်က ရှမ်းလူမျိုး ကိုယ်စားပြု အမည်ယူထားကြတဲ့ လက်နက်ကိုင် နှစ်ဖွဲ့ကတော့ အချင်းချင်း တိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးတော့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လူလုံးပြကြပါတယ်။ နောက်ကွယ်က တခြားသော အကြောင်းရင်းတွေ ရှိနိုင်ပေမယ့် သေချာတာကတော့ တခြားသော လူမျိုးစုတွေလို ဦးတည်ချက်တခု ပြတ်ပြတ်သားသား မရှိတော့ဘဲ ရှမ်းပြည်သူတွေဟာ ခေါင်းဆောင်မှု မဲ့ခဲ့ရပါတယ်။
အဖွဲ့အစည်း အများစုက ဦးတည်ချက် ဝေဝေးဝါးဝါး ဖြစ်နေတဲ့အတွက် အခြားသော လူမျိုးစုဒေသတွေပါ ရှမ်းပြည်ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြပါတယ်။
အဖွဲ့အစည်း အများစုက ဦးတည်ချက် ဝေဝေးဝါးဝါး ဖြစ်နေတဲ့အတွက် အခြားသော လူမျိုးစုဒေသတွေပါ ရှမ်းပြည်ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြပါတယ်။ သို့သော်လည်း လူမျိုးစုငယ်အလိုက် ဖြစ်စေ၊ လူငယ်အုပ်စုတွေ ဒေသအလိုက် ဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလှုပ်ရှားတာတော့ ရှိခဲ့ပါတယ်။ ရှိခဲ့သော်လည်း လူထုရဲ့ သောင်မတင် ရေမကျ ရပ်တည်ချက်ကြောင့် အလုပ်လုပ်ဖို့ အခက်အခဲများစွာရှိတာကို တွေ့ရပါတယ်။
ပျောက်ကွယ်သွားတဲ့ ရှမ်း အရပ်ဘက်အဖွဲ့တွေ
ဒီအချိန်မှာ ရှမ်းပြည်တွင်းက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအယူမှာ တက်ကြွတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေဟာလည်း တနိုင်ငံလုံးက အရပ်ဘက် အဖွဲ့အစည်းများနည်းတူ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်လို့ မရတော့တဲ့ အခြေအနေ ရောက်သွားပါတယ်။ စစ်အာဏာရှင်ရဲ့ ပိတ်ပင်တားဆီးမှုများ၊ ဖမ်းဆီးမှုများကြောင့် ရှမ်းပြည်သူတွေကို လှုံ့ဆော်စည်းရုံးတာ၊ အသိပညာ ဖြန့်ဝေတာတွေကို ထိထိရောက်လုပ်ဖို့ မလွယ်တဲ့အနေအထား ဖြစ်သွားပါတယ်။
တချို့အဖွဲ့တွေကတော့ အာဏာသိမ်းတာကို သွယ်ဝိုက်ထောက်ခံတာမျိုး မဟုတ်တောင်၊ မသိလိုက် မသိဘာသာ နေတာတွေ ရှိခဲ့ပါတယ်။ ထို့အတူ နိုင်ငံရေး ဦးဆောင်ပါတီတွေဟာလည်း ရပ်တည်ခွင့် ရှိရုံသာ နေနိုင်ပြီး ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပြန်ပါဘူး။ ပြည်သူတွေဟာလည်း မိမိတို့ စားဝတ်နေရေးထဲမှာသာ နစ်မွန်းနေပြီးတော့ နိုင်ငံရေးအသိ၊ သတိ ပြင်းထန်မှုမရှိသလို ဖြစ်နေရပါတယ်။
ဒီလို အချက်ပေါင်းစုံလိုက်တဲ့အခါ ရှမ်းပြည်နယ်ရဲ့ အစိတ်အပိုင်း အများစုဟာ အမှန်တကယ် ပဋိပက္ခတွေ ရှိနေသော်လည်း အခြားသော မြန်မာပြည်သူတွေ အမြင်မှာတော့ တည်ငြိမ်အေးဆေးပြီး ဘာလှုပ်ရှားမှုမှ မရှိသယောင် ထင်နေရပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှုနဲ့ ချိတ်ဆက်ကြည့်တဲ့အခါ ဒီအမြင်ဟာ ပိုအားကောင်းလာတာကို တွေ့ရပါတယ်။
ရှမ်းပြည်မြို့ကြီးတွေကို ‘မြောက်မြန်မာ’ လို့ သမုတ်ခံရတဲ့အထိ ပြောဆိုတာမျိုးလည်း တွေ့ရပါတယ်။ အပေါ်ယံ တည်ငြိမ်သယောင် ရှိမှုကို ကျော်လွန်ပြီး ဖြစ်တည်နေတဲ့ ရေစီကြောင်းတွေ၊ အခြေအနေ အရှုပ်အထွေးကို မြင်အောင်ကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် အပြန်အလှန် တွန်းကန်အားတွေက ရှိနေတာဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံးတလုံးအသွင် ရှိနေပါတယ်။ ဒီချိန်ကိုက်ဗုံးကို သက်မဲ့အောင် လုပ်ပစ်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေတာလည်း သိသာထင်ရှားပါတယ်။
အတားအဆီးများနဲ့ ဒုက္ခသည်တွေ ကူညီရေး
ဒါကြောင့် စစ်ဘေးရှောင်တွေကို ကူညီပေးမယ့် ဒေသတွင်း အရပ်ဘက်အဖွဲ့တွေ အားကောင်းမနေတော့တာကို ဝမ်းနည်းစွာ တွေ့ရပါတယ်။ ဒါ့အပြင် ပြင်ပထိန်းချုပ် ကန့်သတ်မှုကလည်း ပြင်းထန်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အစီရင်ခံစာတွေအရဆိုရင် နိုင်ငံတကာ အဖွဲ့စည်းတွေကဖြစ်စေ၊ ပြည်တွင်း အဖွဲ့အစည်းတွေကဖြစ်စေ စစ်ဘေးရှောင်တွေကို ကူညီရန် ကြိုးစားကြရာမှာ အဓိက အနှောက်အယှက်ပေး ဟန့်တားပိတ်ပင်တာဟာ အာဏာသိမ်းစစ်တပ် ဖြစ်ပါတယ်။
ဒါပေမယ့် တချိန်တည်းမှာပဲ ရပ်ရွာလူထုတချို့နဲ့ အခြားသော စစ်တပ်မဟုတ်တဲ့ လက်နက်ကိုင်တွေက တားဆီးပိတ်ပင်တာ တချို့လည်း ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပိတ်ပင်ထားဆီးမှုတွေကို ခွင့်ပြုချက်တောင်းခံခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း နည်းနာတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေက လုပ်ဆောင်တတ်ကြပါတယ်။ ရပ်ရွာလူထု ကိုယ်တိုင် ပါဝင်တဲ့ ပိတ်ပင်မှုမျိုးကတော့ နောက်ကွယ်က တင်းမာမှုတွေ၊ နောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့ ပဋိပက္ခ အခြေအနေတွေကြောင့် ကိုင်တွယ်ရ ခက်တတ်ပါတယ်။
အခုလည်း ရှမ်းပြည်က ဒုက္ခသည်တွေ ကိစ္စမှာဆိုရင် ရှမ်းမြောက်က ဒုက္ခသည်တွေ ကူညီရေးမှာ စစ်တပ်ကြောင့် ခက်ခဲတာတွေ ရှိပေမယ့် ထူးထူးခြားခြား သတင်းမကြားရပါဘူး။ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်းက အခြေအနေကတော့ တမူထူးခြားပါတယ်။ အထူးသဖြင့် ရှမ်း-ကရင်နီ နယ်စပ်ကို ကျော်လွန်ပြီး ရှမ်းပြည်တောင်ဘက် အတွင်းဘက်ထဲ (တောင်ကြီးနဲ့ အနီးတဝိုက်) ရွှေ့ပြောင်းလာရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ ဖြစ်ပါတယ်။
ပထမဆုံး အခက်အခဲက စစ်ဘေးရှောင်တွေကို လက်ခံတဲ့ အနေအထားနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ ရှမ်းပြည်သူပြည်သားတွေဘက်က ကရင်နီဘက်က ရွှေ့ပြောင်းလာရတဲ့ စစ်ဘေးရှောင်တွေကို လက်ခံရာမှာ အကောင်းအဆိုး ရောပြွန်းနေပါတယ်။ ကောင်းတဲ့ဘက်မှာဆိုရင် တချို့ ဒေသခံတွေဟာ စစ်ဘေးရှောင်တွေအတွက် နေစရာနေရာများ ဖန်တီးပေးတာ (တချို့ အခမဲ့ နေထိုင်ခွင့်၊ တချို့ ငှားရမ်း၊ တချို့ ရောင်းချပေး)၊ ပြင်ပမှ အကူအညီ အဖွဲ့အစည်းများ ဝင်ရောက် ကူညီခွင့်ပြုတာတွေ လုပ်ကြပါတယ်။ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေအိမ်မှာ စစ်ဘေးရှောင်တွေ ယာယီခိုလှုံကြရပါတယ်။ သို့သော်လည်း ဒီလို အခြေအနေအပေါ်မှာပဲ အမြတ်ထုတ်မှုတွေ၊ ဆန့်ကျင်မှုတွေလည်း ရှိနေပြန်ပါသေးတယ်။
အဓိက ပြဿနာတခုကတော့ နေစရာအခက်အခဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းရယ်လို့ အတည်တကျ လုပ်ခွင့်မရသလို၊ စုပေါင်းနေထိုင်တဲ့ နေရာတွေမှာလည်း လူသိရှင်ကြား မနေထိုင်ရဲကြတာကြောင့် မလုံခြုံမှုက အမြဲတမ်း ရှိနေပါတယ်။
အဓိက ပြဿနာတခုကတော့ နေစရာအခက်အခဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် စစ်ရှောင်စခန်းရယ်လို့ အတည်တကျ လုပ်ခွင့်မရသလို၊ စုပေါင်းနေထိုင်တဲ့ နေရာတွေမှာလည်း လူသိရှင်ကြား မနေထိုင်ရဲကြတာကြောင့် မလုံခြုံမှုက အမြဲတမ်း ရှိနေပါတယ်။ တချို့ ငွေရေးကြေးရေး တတ်နိုင်တဲ့ စစ်ဘေးရှောင်တွေဟာ အိမ်ငှားနေဖို့ ကြိုးစားတဲ့အခါမှာလည်း အိမ်ငှားခ ဈေးနှုန်းတွေ အဆန်မတန် မြင့်တက်သွားတာကို ကြုံတွေ့ရပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ စစ်ဘေးရှောင်လာသူတွေကို မြေမရောင်းပေးတာမျိုး ကြုံရပြန်လို့ တိုးတိုးတိတ်တိတ်သာ ဝယ်ယူကြရတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။

ဒီလို နေစရာ အခက်အခဲအပြင် အိမ်ရှင်နဲ့ဧည့်သည် ဆက်ဆံရေးမျိုးအောက်မှာ စစ်ဘေးရှောင်တွေရဲ့ လွတ်လပ်မှု ကိစ္စဖြစ်ပါတယ်။ ကရင်နီဘက်ကလာတဲ့ စစ်ရှောင်မိသားစုမှန်းသိရင် “ဧည့်စာရင်းကို တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုး၊ အိမ်ငှားဘဝနဲ့ ကြာကြာမနေအောင် ဖိအားပေးတာမျိုး” တွေဟာ ထပ်တလဲလဲ ဖြစ်နေဆဲ ကိစ္စများ ဖြစ်ပါတယ်။ တချို့ဆိုရင် “ကယားစစ်ဘေးရှောင်” ဆိုလျှင် အိမ်မငှားဟုပင် တည့်တိုးပြောကာ လူမျိုးရေး ခွဲခြားသည့်အသွင်အထိ ရှိနေပါတယ်။ ဒီလို အခြေအနေမျိုးမှာ တချို့သော စစ်ဘေးရှောင်တွေအတွက် အခြား ရွေးချယ်စရာ မရှိတော့ဘဲ ပဋိပက္ခမြေဖြစ်ရာ မိမိတို့ နေရင်းအရပ်ကို ဖြစ်ချင်တာဖြစ် သဘောထားကာ ပြန်သွားရတာလည်း ရှိလာပါတယ်။
လူသားချင်းစာနာဖို့ အကူအညီ ဘယ်လိုပေးမလဲ
ဒီနေရာမှာ ဒီလို ထိန်းချုပ်ကန့်သတ်မှုတွေ အကုန်လုံးဟာ ဒေသခံ ပြည်သူတွေဆီက တိုက်ရိုက်လာတယ်လို့ မဆိုလိုပေမယ့် ဒေသခံ ပြည်သူတွေဟာ ဒီပြဿနာတွေကို မသိကျိုးကျွံပြုတာ၊ မဆိုင်သလို နေနေတာတွေကတော့ ထင်ရှားပါတယ်။ အထူးသဖြင့် ရှမ်းတောင်မှာ ကြီးစိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေမှု၊ ၎င်းတို့ နောက်လိုက် ပြည်သူများရဲ့ နှုတ်ဆိတ်နေမှုများဟာ “လူသားချင်းစာနာမှု ကင်းမဲ့ခြင်း” ဟု ကင်ပွန်းတပ်စရာ ကောင်းလှပါတယ်။
အခြားတဖက်မှာလည်း သာမာန်ရပ်သူရွာသား၊ ပြည်သူတွေကိုယ်တိုင် ကြပ်တည်းလာတဲ့ လူမှုစီးပွားရေး အခြေအနေအောက်မှာ ကိုယ်ထိလက်ရောက် ကူညီဖို့ဆိုတာ ခက်ခဲနိုင်တာမျိုး ရှိပါတယ်။ သို့သော်လည်း ကိုယ်ထိလက်ရောက် မကူနိုင်ရင်တောင်မှ နှုတ်၏ ဆောင်မခြင်း၊ ဖေးမ အားပေးခြင်း၊ စုစည်းညီညွတ်မှု ပြသခြင်းတွေနဲ့တော့ ရပ်တည်မှုကို ပြသနိုင်တာ ဖြစ်ပါတယ်။
တကယ်တော့ ပြည်သူတွေ အချင်းချင်းဟာ ရန်သူတွေ မဟုတ်ပါဘူး။ အထူးသဖြင့် စစ်ဘေးဒုက္ခသင့်သူတွေကို ကူညီဆောင်မ ရမှာက လူသားစိတ်ဓာတ်ရှိသူတိုင်းရဲ့ အလုပ်ဖြစ်ပါတယ်။ လူမျိုးစု အမည်နာမ အသုံးပြုထားတဲ့ အဖွဲ့အစည်းတွေက ဖိနှိပ်သူ ရန်သူစစ်ကောင်စီနဲ့ ပူးပေါင်း ကူညီနေတာလည်း ပြည်သူကိုယ်စားပြု လုပ်ဆောင်နေတယ်လို့ မမှတ်ယူသင့်ပါဘူး။
ပြည်သူတွေ ကိုယ်နှိုက်က ဒီလိုမျိုး မိမိတို့ လူမျိုးအမည် တလွဲအသုံးချပြီး တခြားသော လူမျိုးကွဲ စစ်ဘေးရှောင်တွေကို တားဆီးပိတ်ပင်တာ၊ တင်းကြပ်တာတွေကို သတိရှိရှိ ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ထိန်းချုပ်မှု ပြင်းထန်တဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ တခြားပြည်နယ်တွေထက် သာတောင့်သာယာ ဖြစ်နေသေးတဲ့ ရှမ်းပြည်သူတွေအနေနဲ့ တခြား ကိုယ့်ထက် ဒုက္ခတွေ့၊ အခက်အခဲ ဖြစ်နေသူတွေကို ပိုပြီး ကူညီနိုင်ဖို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ လူသားချင်း စာနာတဲ့ စိတ်ဓာတ်တွေ ပိုပြီး ပြသနိုင်ရမှာ ဖြစ်ပါတယ်။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like this story:
စစ်အာဏာသိမ်းခေါင်းဆောင်နှင့် ရှမ်းစစ်ဘုရင်တို့၏ မုန်တိုင်းထန်သော ဆက်ဆံရေး
နမ့်ဆန်တိုက်ပွဲနှင့် နောက်ဆက်တွဲ အလားအလာ
စစ်ကောင်စီကို အသက်ရှူကျပ်စေတဲ့ ကရင်နီမြေ
ကယားတွင် ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်ပွားနေ














