(၁)
‘စစ်ပွဲတွေ ဘယ်တော့ပြီးမလဲ’ မေးကြသည်။ စစ်ပွဲတွေကြားက ဘဝများကိုမူ မြို့ပြ အဲယားကွန်းခန်းထဲက လူများ တကယ်သိကြမည် မဟုတ်။ စာနာသည်ဆိုလျှင်ပင် စုတ်ကလေးသပ်ပြီး စာနာဟန်ဆောင်ရုံလောက်ပါပဲ။
စစ်ဘေးဒဏ်သင့်များ၏ ဘဝတွေက ကြမ်းတမ်းခါးသီးလှသည်။ တသက်လုံး ရှာဖွေစုဆောင်း အေးချမ်းစွာ တည်ဆောက်နေထိုင်ခဲ့သော နေအိမ်ကို မီးရှို့သွားကြသည်။ မကောင်းသူထိပ် ကောင်းသူထိပ် မြို့ရွာရပ်ကွက်ပေါ်ကို ဗုံးများကြဲကြသည်။ သေသူများ သေသွားကြ၊ ဒဏ်ရာပြင်းထန်သူ၊ ခန္ဒာကိုယ်အစိတ်အပိုင်းများ ပျက်စီးသွားကြသူတွေ ဒုနှင့် ဒေး။
စစ်ဘေးသင့်ပြည်သူများ ခါးသီးသောဒုက္ခဆင်းရဲကို ရင်ဆိုင်နေကြချိန် လူအများစုကမူ စစ်ဘေးကင်းဝေးရာ၊ ဗုံးနှင့် အမြောက်ကျည်ကင်းလွတ်ရာ မြို့ပြတွေမှာ ပျော်ပျော်ရွှင်ရွှင်ပဲ ပုံမှန်ဘဝကို ဖြတ်သန်းနေကြသည်။
ယူကရိန်းမှာဖြစ်စေ၊ လက်ဘနွန်တောင်ပိုင်းမှာဖြစ်စေ၊ ဂါဇာမှာဖြစ်စေ၊ စစ်၏ အနိဋ္ဌာရုံတွေကိုတော့ နေ့စဉ်နေ့တိုင်း မြင်တွေ့နေကြရသည်။ ကမ္ဘာကြီး၏ ထောင့်ကွေးတနေရာတွင် စစ်ဘေးဒဏ်သင့်သူ အမြောက်အများ ရှိနေသည်ကို ပုံမှန်ကမ္ဘာကြီးက မေ့နေတတ်သည်။
စစ်ပွဲတွေ ဘယ်တော့ပြီးမှာလဲ။
စစ်ပွဲတွေ ဘယ်တော့အဆုံးသတ်မှာလဲ။
လက်ဝှေ့စင်မြင့်ပေါ်မှာလို ကြိုးဝိုင်းဒိုင် မရှိ။ အရှုံးအနိုင် အမှတ်ပေးစည်းမျဉ်း မရှိ။ သူနိုင် ကိုယ်နိုင်။ သူသေ ကိုယ်သေ။ သူသေလျှင် ကိုယ်နိုင်ပြီး ကိုယ်သေလျှင် သူနိုင်မည်။
၂၁ ရာစုထဲ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သော်လည်း ကမ္ဘာကြီးသည် အရိုင်းအစိုင်း ဘာဘေးရီးယန်း (Barbarian) ခေတ်ထဲမှာပဲ ရှိနေသေးသည်။ အားကြီးသူသာ အနိုင်ရသော Might is right အယူအဆထဲမှာပဲ ရှိနေသေးသည်။ အင်းအားကြီးလျှင် အနိုင်ရပြီး အနိုင်ရသူသည် အမှန်။
၂၁ ရာစုထဲ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သော်လည်း ကမ္ဘာကြီးသည် အရိုင်းအစိုင်း ဘာဘေးရီးယန်း (Barbarian) ခေတ်ထဲမှာပဲ ရှိနေသေးသည်။ အားကြီးသူသာ အနိုင်ရသော Might is right အယူအဆထဲမှာပဲ ရှိနေသေးသည်။ အင်းအားကြီးလျှင် အနိုင်ရပြီး အနိုင်ရသူသည် အမှန်။

“အာဏာသည် သေနတ်ပြောင်းဝက လာသည်” (Power comes from barrel of a gun.)။ တရုတ်နိုင်ငံ ပြည်တွင်းစစ် အစဦးပိုင်းမှာ တရုတ်ခေါင်းဆောင် မော်စီတုန်း ပြောခဲ့သည့်စကား။
(၂)
အဖွဲ့ဝင် ၁၂၄ နိုင်ငံ ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို နိုဝင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့သည်။ အဖွဲ့ဝင် ၁၂၄ နိုင်ငံဆိုသည်မှာ ကမ္ဘာကြီး၏ သုံးပုံ နှစ်ပုံကျော်သည်။ တရားရုံး အမိန့်ထုတ်ပြန်ချက်သည် ဥပဒေအရ အကျိုးသက်ရောက်မှုရှိ၍ ဝန်ကြီးချုပ် နေတန်ယာဟုအတွက် သွားစရာနယ်မြေ ကျဉ်းသွားသည်။
ICC အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂ (EU) နိုင်ငံများ အားလုံးပါဝင်သည်။ အမိန့်ထုတ်ပြီးပြီးချင်း ဗြိတိန်သဘောထားကို လှမ်းမေးသောအခါ လာလျှင် ဖမ်းမည်ဟု ဆိုသည်။ ပြင်သစ်၊ နယ်သာလန်တို့ကလည်း ထိုနည်းလည်းကောင်း။ ဥပဒေအရ ဆုံးဖြတ်ခြင်းဖြစ်၍ အဖွဲ့ဝင်နိုင်ငံများက လိုက်နာကြရသည်။ သို့သော် မည်သို့မည်ပုံ ဖမ်းဆီးအရေးယူရမည်ဆိုသည့် လုပ်ထုံးလုပ်နည်း မရှိသေး။
မစ္စတာ နေတန်ယာဟုသည် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ဂါဇာစစ်ပွဲအတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည့်အတွက် ဖမ်းဆီးမိန့် ထုတ်ပြန်ခံရခြင်းဖြစ်သည်။
ICC က ဖမ်းဆီးမိန့် ထုတ်ပြန်သည့်အထဲတွင် ဂါဇာစစ်ပွဲကို အစပျိုးခဲ့သည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် မိုဟာမက် ဒီအစ်ဖ်လည်း ပါသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့်လည်း ပါသည်။
စစ်ပွဲများ၊ ဖြစ်ရပ်များအပေါ် မျှတသောရှုထောင့်မှ ကြည့်လျှင် ဂါဇာဒေသအပေါ် အစ္စရေးတို့၏ ကျူးလွန်မှုက အတိုင်းအဆ ကျော်လွန်နေသည်။ စစ်ပွဲစတင်ချိန်မှ ယခုအထိ လူပေါင်း ၄၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီ။ အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို ပါလက်စတိုင်းပြည်သူ အမြောက်အများ သေဆုံးခဲ့ရပြီး ဂါဇာစီးတီးတခုလုံးကို ပိတ်ဆို့ထားမှုကြောင့် ပါလက်စတိုင်းတို့ လူသားချင်းစာနာမှုအကူအညီ အပြည့်အဝ မရရှိခဲ့။
ICC က အစ္စရေးသည် ပါလက်စတိုင်းပြည်သူများကို အငတ်ဘေး ကျရောက်စေပြီး သေဆုံးအောင် ပြုမူခဲ့သည်ဟု ထုတ်ပြန်သည်။
အစ္စရေးသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်။ ICC အဖွဲ့ဝင် မဟုတ်သည့်အတွက် ဖမ်းဆီးမိန့်ကို ဂရုမစိုက်ဘဲ နေ၍ရသည်။ အလားတူ အမေရိကန်သည်လည်း ICC အဖွဲ့ဝင် မဟုတ်။
ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်သည့်အခါ ဥရောပနိုင်ငံများက ထောက်ခံသော်လည်း အမေရိကန်က ဦးဆောင်ပြီး ကန့်ကွက်သည်။ သမ္မတ ဂျိုးဘိုင်ဒင်က အဓိပ္ပာယ်မရှိသော လုပ်ရပ်ဟု ပြစ်တင်ဝေဖန်ပြီး ကာယကံရှင် ဝန်ကြီးချုပ် နေတန်ယာဟုကမူ ဖမ်းဆီးမိန့်ကို ဂရုမစိုက်ဘဲ “ဒါဟာ ICC မှာ နေရာယူထားတဲ့ ဂျူးဆန့်ကျင်ရေးဝါဒီတွေရဲ့ ဆုံးဖြတ်ချက်၊ ဂျူးဆန့်ကျင်ရေးလုပ်ရပ်သာ ဖြစ်တယ်” ဟု တုံ့ပြန်ခဲ့သည်။
ICC က နေတန်ယာဟုကို ဖမ်းဆီးမိန့် ထုတ်ပြန်သည့်သတင်းသည် တရက် နှစ်ရက်အကြာတွင် မှေးမှိန်သွားသည်။ မီဒီယာများသည် နေတန်ယာဟု သတင်းကို အကျယ်တဝင့် ပြောဆိုရေးသားခြင်း မရှိခဲ့။ နိုဝင်ဘာလ ၂၁ ရက်ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် မဟုတ်သော ၁၀ နိုင်ငံက တင်သွင်းလာသည့် ဂါဇာစစ်ပွဲပြီးဆုံးရေး အဆိုပြုချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံက ထောက်ခံခဲ့သော်လည်း အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မတရားပြုကျင့်ခံ နိုင်ငံတခု၏ အရေးအတွက် ဘယ်တုန်းကမှ တညီတညာတည်း ဆုံးဖြတ်ချက်ချခြင်းမျိုး မရှိခဲ့။ ဗီတိုအာဏာရ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံတခုက မိမိတို့အုပ်စုဝင် နိုင်ငံရှေ့က ကာဆီးကာဆီးနှင့် အမြဲလိုလို ဟန့်တားကန့်ကွက်တတ်ကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မတရားပြုကျင့်ခံ နိုင်ငံတခု၏ အရေးအတွက် ဘယ်တုန်းကမှ တညီတညာတည်း ဆုံးဖြတ်ချက်ချခြင်းမျိုး မရှိခဲ့။ ဗီတိုအာဏာရ အမြဲတမ်းအဖွဲ့ဝင် အင်အားကြီးနိုင်ငံတခုက မိမိတို့အုပ်စုဝင် နိုင်ငံရှေ့က ကာဆီးကာဆီးနှင့် အမြဲလိုလို ဟန့်တားကန့်ကွက်တတ်ကြသည်။
(၃)
တတိယကမ္ဘာစစ်ဟု အမည်တပ်မထားသော်လည်း ယူကရိန်းတွင် တတိယကမ္ဘာစစ်က သိသိသာသာ အစပျိုးနေသည်ဟု ဆိုရမည်။
ယူကရိန်းကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ခေတ်မီလက်နက်နှင့် ငွေကြေး ပြောင်ပြောင်တင်းတင်း ထောက်ပံ့ခြင်းဖြင့် ကူညီသည်။ လူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခြင်း မရှိသော်လည်း စစ်ရေးအကူအညီ အများအပြားပေးခြင်းဖြင့် ရုရှားအန္တရာယ်ကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ထဲ ကျွံမဝင်လာအောင် ခုခံသည်။
ယခု ရုရှားဘက်မှ မြောက်ကိုးရီးယားစစ်သည်များ ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။ မြောက်ကိုးရီးယားစစ်သည် ၁ သောင်းခန့် ယူကရိန်းစစ်ပွဲထဲ ပါဝင်ဆင်နွှဲနေကြသည်။ တရုတ်သည် ရုရှားကို ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ တစုံတရာ အကောင်းအဆိုး မှတ်ချက်မပေးသော်လည်း ထာဝရမဟာမိတ် သဘောတူညီချက်အရ ရုရှားက လိုအပ်နေသည့် စစ်ရေးအထောက်ပံ့များကို ပေးနေသည်။

နောက်ဆုံးဖြစ်စဉ်တွင် သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်လုပ် တာဝေးပစ်ဒုံးပျံများကို ရုရှားအတွင်းပိုင်းအထိ ယူကရိန်းကို ပစ်ခတ်ခွင့်ပြုလိုက်ပြီး ရုရှားကလည်း ချက်ချင်း ဟိုက်ပါဆိုးနစ်ဒုံးပျံနှင့် လက်တုံ့ပြန်သည်။
ပြီးခဲ့သည့်အပတ်က ယူကရိန်းသည် အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည် ခြောက်စင်းကို ရုရှားနယ်မြေထဲ ပစ်ခတ်ခဲ့သည်။ သမ္မတ ဘိုင်ဒင်၏ ခွင့်ပြုချက်ဖြင့် ပစ်ခတ်နိုင်ခဲ့သည့် အဆိုပါ တာဝေးပစ်ဒုံးကျည်မှာ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ရောက်ခဲ့သည်။
ရုရှားသည် ချက်ချင်းဆိုသလို တကြိမ်တခါမှ ထုတ်မသုံးခဲ့ဖူးသေးသော ဟိုက်ပါဆိုးနစ်ဒုံးကျည်ဖြင့် ယူကရိန်းနိုင်ငံ၊ ဒီနီပရိုမြို့ကို တုံ့ပြန်ပစ်ခတ်ခဲ့သည်။ နောက်ထပ်လည်း လက်တုံ့ပြန် ပစ်ခတ်ရန် အသင့်ရှိနေသည်ဟု ရုရှားသမ္မတ ပူတင်က ဆိုသည်။
ယူကရိန်းစစ်ပွဲကို စတင်ခဲ့သော သမ္မတ ပူတင်သည်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုလိုပင် ICC က အလိုရှိနေသူဖြစ်သည်။ ယူကရိန်းတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ICC ၏ ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်သည်။
ICC သည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင် ၆၈ ဦးကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ရာ များသောအားဖြင့် အာဖရိကနိုင်ငံများဖြစ်သည့် ကွန်ဂို၊ ဆူဒန်၊ မာလီ စသည့်နိုင်ငံများမှ စစ်ခေါင်းဆောင်များ ဖြစ်သည်။ ဖမ်းဝရမ်းထုတ်ခံရသော်လည်း စစ်ရာဇဝတ်မှုကျူးလွန်သူ အဆိုပါ ခေါင်းဆောင်အားလုံးကို ဖမ်းဆီးနိုင်ခြင်းတော့ မရှိပေ။
ICC က နောက်ဆုံး ထုတ်ပြန်လိုက်သည့် ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဆီးမိန့်မှာ ICC သမိုင်းတွင် ပထမဆုံး လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ခေါင်းဆောင်လည်းဖြစ်၊ ဥရောပနိုင်ငံအများအပြားနှင့် ရင်းနှီးမှုလည်းရှိသူ ဒီမိုကရက်တစ်နိုင်ငံတခုမှ ခေါင်းဆောင်တဦးကို ဖမ်းဆီးမိန့် ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖွဲ့စည်းခဲ့သည့် ICC တွင် အဖွဲ့ဝင် ၁၂၄ နိုင်ငံရှိသော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ အစ္စရေး အပါအဝင် နိုင်ငံအချို့သည် အဖွဲ့ဝင်မဟုတ်။ ICC ၏ ထုတ်ပြန်မိန့်သည် အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများအပေါ် သက်ရောက်မှု မရှိသော်လည်း ထိုနိုင်ငံမှ ခေါင်းဆောင်များက အဖွဲ့ဝင်နိုင်ငံတခုခုသို့ သွားရောက်သည့်အခါတွင် ဖမ်းဆီးနိုင်သည်။
ဖမ်းဆီးမိန့် ထုတ်ပြန်ခံထားရသော သမ္မတ ပူတင်သည် မကြာသေးမီက မွန်ဂိုလီးယားကို သွားရောက်ခဲ့သည်။ တောင်အာဖရိကတွင် ကျင်းပသည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ စုပေါင်းထားသည့် BRICS အစည်းအဝေးကိုမူ ဖမ်းဆီးခံရမည်စိုး၍ သွားရောက်ခြင်း မပြုခဲ့။ ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ICC အဖွဲ့ဝင် မဟုတ်သော အမေရိကန်နိုင်ငံကို သွားရောက်နိုင်မည် ဖြစ်သော်လည်း ဥရောပနိုင်ငံများမူ ရှောင်ရှားရတော့မည့်အခြေအနေတွင် ရှိသည်။

စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ လူနေရပ်ရွာအိုးအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူမျိုးစုတခုလုံးကို လက်စတုံးသတ်ဖြတ်ခြင်း စသည်တို့မှာ နိုင်ငံတကာဥပဒေက ပြဌာန်းထားသည့် စစ်ရာဇဝတ်မှုများ ဖြစ်သည်။
ဂါဇာ၊ ယူကရိန်းစစ်ပွဲများက ပါဝင်ပတ်သက်သည့် နိုင်ငံနှင့်အင်အားစုများကြောင့်ထင်သာမြင်သာရှိသော်လည်း ပြည်တွင်းစစ်ကြောင့် စစ်ရာဇဝတ်မှုကျူးလွန်မှုများ ဖြစ်ပေါ်နေသည့် ကမ္ဘာကြီး၏ အခြားသောနေရာမှ အဖြစ်အပျက်များကမူ ကမ္ဘာကြီး၏ မေ့ပျောက်ပစ်ပယ်ခြင်း ခံထားရသလို ဖြစ်နေသည်။
စစ်ပွဲတွေ ဘယ်တော့ပြီးဆုံးမှာလဲ။
နိုဝင်ဘာလ ၂၇ တွင် လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာများနှင့် အစ္စရေးတို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ကြသည်။ သမ္မတ ဂျိုးဘိုင်ဒင်၏ ကမကထပြုမှုလည်း ပါသည်။ အပစ်အခတ်ရပ်စဲပြီဖြစ်ကြောင်း ကြေညာလိုက်သောအခါ လက်ဘနွန်တောင်ပိုင်းမှ ထွက်ပြေးနေကြသည့် လက်ဘနွန်အရပ်သားများ မိမိတို့နေရပ်ကို အလုံးအရင်းနှင့် ပြန်လာကြသည်။
စစ်ရပ်စဲခြင်း၏ အရသာကို ပထမဆုံး ခံစားရသူများမှာ ဒေသခံပြည်သူများ ဖြစ်သည်။ ယခု အပစ်အခတ်ရပ်စဲခြင်းက ဘယ်လောက် တာရှည်ဦးမည်မသိ။ ဘယ်တော့ ပြန်လည်ပစ်ခတ်ကြဦးမည် မသိသော်လည်း လတ်တလောတွင် သူတို့ပျော်နေကြသည်။
စစ်ရပ်စဲခြင်း၏ အရသာကို ပထမဆုံး ခံစားရသူများမှာ ဒေသခံပြည်သူများ ဖြစ်သည်။ ယခု အပစ်အခတ်ရပ်စဲခြင်းက ဘယ်လောက် တာရှည်ဦးမည်မသိ။ ဘယ်တော့ ပြန်လည်ပစ်ခတ်ကြဦးမည် မသိသော်လည်း လတ်တလောတွင် သူတို့ပျော်နေကြသည်။
လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲလိုက်သော်လည်း ဟားမတ်စ်နှင့် ဖြစ်ပွားနေသော အစ္စရေး၏ ဂါဇာစစ်ပွဲက မပြီးဆုံးသေး။
ဥရောပတွင်မူ ကျယ်ပြန့်လာနိုင်သည့် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံအချို့ စစ်ရေးအသင့်ပြင်နေကြပြီဟု ဆိုသည်။ အပြန်အလှန် တုံ့ပြန်တိုက်ခိုက်နေသော ရုရှားနှင့် ယူကရိန်းတို့၏ စစ်ပွဲမှာ ဆက်စပ်နေသည့် ဥရောပနိုင်ငံများ၏ နယ်နိမိတ်ထဲအထိ ရောက်ရှိလာနိုင်သည်။
စစ်ပွဲများက မပြီးဆုံးသေးပါ။ အယူအဆမတူ၊ ယုံကြည်ချက်ကွဲပြားသော အုပ်စုများက မိမိတို့အမှန်တရားအတွက် စစ်ပွဲများ ဆင်နွှဲနေကြသည်။ “စစ်ပွဲသည် သွေးထွက်သော နိုင်ငံရေး” (War is politics with bloodshed) ဟု မော်စီတုန်းက ဆိုခဲ့သည်။ မိမိတို့ အမှန်တရားအတွက် အသက်သွေးများ စတေးရင်း ကမ္ဘာကြီးတွင် စစ်မီးများ တောက်လောင်နေဆဲ ဖြစ်သည်။ ဘယ်တော့၊ ဘယ်အချိန် ပြီးဆုံးမည် မသိနိုင်သေးပါ။
(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories:
မြောက်ကိုရီးယားတပ်များ ရုရှားတွင် ဖြန့်ကြက်ခြင်းကို တရုတ်က ကြိုသိသလား
မြန်မာစစ်ပွဲရပ်စဲရေး အလုပ်မဖြစ်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူ ပြော
စစ်ရာဇဝတ်မှုများနှင့် မှတပါး အခြားမရှိ
မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ













